ကွက်ပြည့်နင်း မဟာဗျူဟာအောက်တွင် စစ်တပ်ဖိအားပေးခံနေရခြင်းနှင့် စစ်တပ်၏ ထွက်ပေါက် (ရုပ်/သံ)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ်ရေး တပ်မတော် နဲ့ မဟာမိတ် တိုင်းရင်းသား တော်လှန်ရေး အင်အားစုတွေရဲ့ ကွက်ပြည့်နင်း မဟာဗျူဟာအရ တနိုင်ငံလုံးတွင် ဟန်ချက်ညီ စစ်ဆင်ရေး ဖော်ဆောင်မှုအောက်မှာ အကြမ်းဖက်စစ်တပ်အနေနဲ့ စစ်ရေးအရှုံးကြီးတွေကို စတင် ရင်ဆိုင်လာရပြီ ဖြစ်ပါတယ်။

မြို့တွေ၊ နယ်မြေတွေ၊ တပ်ရင်းဌာနချုပ်တွေ၊ အခြေချ စစ်ဗျူဟာ ဌာနချုပ်စခန်းတွေ လက်လွှတ်ရမှုက ဒီအချက်ကို ပြနေပါတယ်။ ဒီလို စစ်ရေးအရှုံးတွေက ညွှန်ပြနေတာကတော့ မြန်မာ ခုခံတော်လှန်စစ်ဟာ ရှေ့တိုးမရ နောက်ဆုတ်မရ သရေပွဲ မဟုတ်ဘူး စစ်တပ်ဟာ အရှုံးဘက်ကို ဦးတည်နေပြီဆိုတာကို ပြသနေပါတယ်။

အဲဒီနောက်ခံ အခြေအနေမှာ အရပ်သား လူထု တရပ်လုံး နဲ့ ဒေသတွင်း တည်ငြိမ်မှု ရရှိရေး အတွက် စစ်တပ်အနေနဲ့ ပြည်သူ့ ဘက်ကို ကူးပြောင်းဖို့၊ စစ်တပ်ထိပ်တန်း ခေါင်းဆောင်တွေ အနေနဲ့ နိုင်ငံရေး က ထွက်ခွာဖို့ ဆုံးဖြတ်ဖို့ လိုပါတယ်။

လက်ရှိ စစ်ရေး ရလဒ်တွေဟာ ၂၀၂၁ ခုနစ် တော်လှန်ရေး စကတည်းက အခြေတည်လာတဲ့ နိုင်ငံတဝန်း ကျေးလက် နဲ့ မြို့ပြ ဒေသ ခုခံတွန်းလှန်မှုတွေရဲ့ ရလဒ်တွေပဲ ဖြစ်ပါတယ်။ နှစ်နှစ်ကျော်ကြာ ပြည်သူ့ခုခံ တော်လှန်စစ် အတွင်း စစ်တပ်ကို စစ်ပန်းအောင် အထိနာအောင် တိုက်မထားရင် အခုလို စစ်ရေး ရလဒ်တွေ ပေါ်လာမှာ မဟုတ်ပါဘူး။

စစ်ခေါင်းဆောင်တွေ အနေနဲ့လဲ ယခင် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့တွေကို ဆယ်စုနှစ်ပေါင်းများစွာကြာ လုပ်ဆောင်ခဲ့သလို အဖွဲ့တွေကြား သွေးခွဲတာ၊ စီးပွားရေး မတ်လုံးတချို့ပေးတာ၊ ဒေသဆိုင်ရာ နိုင်ငံရေး လိုက်လျှောမှုပေးတာတွေနဲ့ တော်လှန်ရေးကို သွေးခွဲဖို့ စိတ်ကူးယဥ်ကောင်းယဥ်နိုင်ပေမယ့် နွေဦး တော်လှန်ရေး ကာလမှာတော့ လူများစု ဗမာတွေ ကိုယ်တိုင် မြေပြန့်ဒေသ မှာ လက်နက်ကိုင် တိုက်ခိုက်နေတာ၊ လူများစု နဲ့ လူနည်းစု တိုင်းရင်းသား တော်လှန်ရေး အဖွဲ့တွေကြား ဘယ်အချိန်တုန်းကမျှ မရဖူးတဲ့ ပူးတွဲ အလုပ်လုပ်ကိုင်မှု နဲ့ လုပ်ဆောင်ပြီး စစ်တပ်ကို ဆန့်ကျင် တိုက်ခိုက်နေတာကြောင့် ယခင်လို သွေးခွဲမှုကို စစ်တပ် အနေနဲ့ မျှော်လင့်လို့မရတော့ပါဘူး။

ဒီလို စစ်ရေးမျက်နှာစာ နဲ့ နိုင်ငံရေး မျက်နှာစာမှာ အရှုံးနဲ့တွေ့နေတဲ့ စစ်တပ် ထိပ်တန်း ခေါင်းဆောင်တွေ အနေနဲ့ နိုင်ငံရေးက ထွက်ခွာဖို့ အချိန်တန်ပြီ ဖြစ်ပါတယ်။ ဒီလိုမှ မဟုတ်ရင် တော်လှန်ရေး အင်အားစု တခုလုံးရဲ့ ချေမှုန်းမှုကို စစ်အာဏာရှင်တွေ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

By-PdfInside


Comments

Leave a Reply

Your email address will not be published. Required fields are marked *