မုံရွာမှာ လက်ဘက်ရည်ဆိုင်ထိုင်နေတဲ့ ဒု-ရဲအုပ် ဆိုင်တွင်းဝင်ပစ်ခံရပြီး သေဆုံး

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ အမှတ် ၂ ရဲစခန်းက စစ်ကောင်စီလက်အောက် ဒုရဲအုပ် ၁ ဦးကို ဇန်နဝါရီ ၂၁ ရက် မနက် ၉နာရီဝန်းကျင်မှာ ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ မုံရွာခရိုင်တပ်ရင်း ၂၂ နတ်ဆိုးတပ်ရင်းအဖွဲ့ဆီက သိရပါတယ်။

မုံရွာ အမှတ် ၂ ရဲစခန်းမှ ဒုရဲအုပ်ကျော်ဇင်ဦးကို စက်မှု ၁ အေးရိပ်သာလမ်းဘေးရှိ လက်ဘက်ရည်ဆိုင်တဆိုင်မှာ လက်ဘက်ရည်သောက်နေချိန် ဆိုင်တွင်းအထိဝင်ရောက်ပြီး သေနတ် ၁၀ ချက်ခန့် ပစ်ခတ်ရှင်းလင်းခဲ့တာလို့ ဆိုပါတယ်။

“ လင်မယားလို့ထင်တာပဲ လက်ဘက်ရည်လာသောက်တာ။ မိန်းမတော့ ကိုယ်ဝန်ဆောင်နဲ့လို့ကြားတယ် ။ သူ့ကိုနောက်ကနေလိုက်ပြီးတော့ သူထိုင်နေတဲ့ဆိုင်ထဲမှာ ဝင်ပြီးရင်ဘတ်တွေကို ပစ်ခတ်ခဲ့တာ။ သူ့မိန်းမကိုတော့ မပစ်ခဲ့ဘူး၊ ကိုယ်ဝန်ဆောင်ထားတာမလို့ သက်ညှာပေးလိုက်တယ်” လို့ မုံရွာခရိုင်တပ်ရင်း ၂၂ နတ်ဆိုးတပ်ရင်း တပ်ရင်းမှူးဗိုလ်နတ်ဆိုးကပြောပါတယ်။

ပစ်သတ်ခံရသူ ဒုရဲအုပ် ကျော်ဇင်ဝင်းက ပခုက္ကူနယ်ဇာတိဖြစ်ပြီး မကြာသေးခင်ကမှ ဒုရဲအုပ်သင်တန်းဆင်းလာတာဖြစ်ကာ မုံရွာအမှတ် ၂ စခန်းမှာအလုပ်သင်ဒုရဲအုပ်အဖြစ် ရောက်ရှိလာတာလို့ သိရပါတယ်။

ပစ်ခတ်မှုဖြစ်ပြီးတဲ့နောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မုံရွာမြို့ စက်မှုဇုန်အတွင်း ကားတွေနဲ့ပတ်ကာ မွှေနှောက်ရှာဖွေဖမ်းဆီးတာတွေ လုပ်ဆောင်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ပစ်ခတ်တိုက်ခိုက်မှုကို မုံရွာခရိုင်တပ်ရင်း ၂၂ နတ်ဆိုး တပ်ရင်း ၊ မုံရွာခရိုင် အမှတ် ၁ တပ်ရင်း၊ မုံရွာ ခရိုင် အမှတ် ၂၃ တပ်ရင်းတို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *