မော်ဒယ်ဖူးပွင့်ခိုင်နှင့်အေမီစျာန် မလေးရှား အချုပ်ထောင်တွင် အနည်းဆုံး ၁၄ရက်ထိန်းသိမ်းခံရမည်

မလေးရှားနိုင်ငံ၊ပီနမ်းမြို့နယ်၊ဘာတာဝပ်မြို့ရှိ Royce Luxury နိုက်ကလပ်တွင် ပြီးခဲ့သည့်ဇန်နဝါရီ ၁၄ရက်က အဖမ်းခံခဲ့ရသည့် မော်ဒယ်ဖူးပွင့်ခိုင်နှင့်အေမီစျာန်တို့ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးဘဲ အချုပ်ထောင်တွင် အနည်းဆုံး ၁၄ရက်အထိ ထိန်းသိမ်းခံရမည်ဖြစ်ကြောင်း မလေးရှားရောက် မြန်မာများအရေးလိုက်ပါကူညီနေသူများက ပြောသည်။

“ ဒီနိုင်ငံမှာကရဲဖမ်းတာနဲ့၊ လဝကဖမ်းတာနဲ့စည်ပင်က ဖမ်းတာဆိုပြီး အော်ပါရာစီက သုံးမျိုးရှိတယ်။ သူတို့ကို ဖမ်းတာ လဝကပါနေတာမို့ အနိမ့်ဆုံးတော့ ၁၄ရက် ချုပ်ထားမယ်။ အဲ့အတောအတွင်း ဘယ်သူ့မှတွေ့ခွင့်မရှိဘူး။နောက်တခုက သူတို့က ကလပ်မှာ မိတဲ့အတွက်ကြောင့်မို့ သူတို့ကိုဆေးစစ်တာ လုပ်မယ်။ မူးယစ်ဆေးဝါး သုံး၊မသုံးပေါ့။ အဲ့မှာမူးယစ်ဆေး ပါသုံးတာမိရင် ထပ်ပြီးအမှုတိုးရင်ဆိုင်ရမယ်”ဟု မလေးရှားရောက် မြန်မာများအရေးလိုက်ပါကူညီနေသည့် ကိုသက်ထွန်းက ပြောသည်။

ဖူးပွင့်ခိုင်၊အေမီစျာန်နှင့် ပွဲစီစဉ်သူများသည် ခွင့်ပြုချက်မရှိဘဲ Royce Luxury နိုက်ကလပ်တွင်ဖျော်ဖြေပွဲပြုလုပ်မှုဖြင့် ပြီးခဲ့သည့် ဇန်နဝါရီ ၁၄ရက်က ဖမ်းဆီးခံရခြင်းဖြစ်သည်။ယနေ့ ဇန်နဝါရီလ ၂၃ရက်အထိ ထိန်းသိမ်းခံထားရဆဲဟု သိရသည်။ ၎င်းတို့နှစ်ဦးသည် မှုးယစ်ဆေးသုံးစွဲကြောင်း စစ်ဆေးပေါ်ပေါက်ပါက ၄၅ရက်ကြာ ထိန်းသိမ်းခံရပြီးအမှုရင်ဆိုင်ရမည်ဟု သိရသည်။သို့‌သော် အာမခံရရှိပါက ဖမ်းဆီးခံရချိန်မှ ၁၄ရက်အတွင်း အချုပ်မှ ထွက်နိုင်ကာ အမှုကို ပြင်ပမှဆက်လက်ရင်ဆိုင်ရမည်ဖြစ်ကြောင်း ကိုသက်ထွန်းက ရှင်းပြသည်။

“သူတို့က မူးယစ်ဆေးသုံးထားတယ်ဆိုပြီး အဖြေထွက်လာရင် သူတို့က မလေးရှားထဲမှာပဲ အမှုမပြီးမချင်း နေနေရမယ်။ ထွက်လို့မရဘူး ။ သူတို့ပတ်စပိုစ့်ကို တရားရုံးကသိမ်းထားမှာ။ အဲ့အတောအတွင်းကတော့ သက်တမ်းတိုးပြီး တရားဝင်နေနေလို့ရမယ်။ အမှုပြတ်သွားပြီဆိုရင်တော့ မလေးရှားကနေ တရားဝင်ထွက်ခွာလို့ရတာပေါ့”ဟု ၎င်းက ပြောသည်။

ပီနမ်းမြို့ရှိ ဂျာဝိရဲစခန်းကို ယမန်နေ့ ဇန်နဝါရီလ ၂၂ရက်တွင် ဖုန်းဆက်မေးမြန်းရာ ဖူးပွင့်ခိုင်နှင့်အေမီစျာန်တို့ကို ဖမ်းဆီးထားဆဲဟု တာဝန်ရှိသူတဦးကပြန်လည်ဖြေကြားသည်။

ပွဲလာရောက်သူ မြန်မာနိုင်ငံသားအချို့လည်း နေထိုင်ခွင့် အထောက်အထားမပြနိုင်သည့်အတွက် တရားမဝင်နေထိုင်မှုဖြင့် ဖမ်းဆီးခံရကာ အမှုရင်ဆိုင်နေရသည်။ ထိုအမှု၌ စုစု‌ပေါင်း ၅၂ဦးသည် ဂျာဝိအချုပ်ထောင်တွင် ထိန်းသိမ်းခံထားရဆဲဟုသိရသည်။

“ အိမ်က ကလေးတွေတော့ လိုက်လို့မရတော့ဘူး။ သွားတွေ့မလိုဟာကိုလည်း တွေ့မရသေးဘူး ပြောတယ်”ဟု ဖမ်းဆီးခံခဲ့ရသည့် အသိမိတ်ဆွေများကို လိုက်လံကူညီပေးနေသည့် မလေးရှားနိုင်ငံရောက်မြန်မာနိုင်ငံသား မဖြူဖြူက ပြောသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *