PNO နှင့် စစ်တပ်စခန်းကို PNLA နှင့်မဟာမိတ်ပူးပေါင်းအဖွဲ့က မီးရှို့ ရှင်းလင်း

ဆီဆိုင်တွင် သေနတ်သံများ စတင်ကြားရပြီး မြို့မှ ပြည်သူတချို့ စတင်စစ်ဘေးရှောင်၊ PNO နှင့် စစ်တပ်စခန်းကို PNLA နှင့်မဟာမိတ်ပူးပေါင်းအဖွဲ့က မီးရှို့ ရှင်းလင်း

ရန်ကုန်၊ ဇန်နဝါရီ ၂၄

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်တွင် သေနတ်သံများ ယနေ့ စတင် ကြားရပြီး မြို့မှ ပြည်သူတချို့ စတင်စစ်ဘေးရှောင်နေကြကြောင်း ဒေသ ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

ဇန်နဝါရီလ ၂၀ ရက်နေ့ ဟိုပုံးမြို့နယ်၊ စံဖူးကျေးရွာတွင် အကြမ်းဖက် စစ်တပ်၊ လက်အောက်ခံ PNO ပူးပေါင်း အဖွဲ့နှင့် PNLA/ PNLO တို့အကြား စတင် ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာမှ အဆိုပါ စစ်ရေးတင်းမာမှုသည် ဆီဆိုင်မြို့နယ်အထိ ကူးစက် လာကြောင်း၊ ဇန်နဝါရီလ ၂၂ ရက်နေ့ ညပိုင်းတွင် ဆီဆိုင်မြို့နယ်၊ နောင်ထော်ကျေးရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းနောက် ဇန်နဝါရီလ ၂၃ ရက်နေ့ နံနက်ပိုင်းတွင် နောင်ထော်ရွာ အရှေ့ဘက်ရှိ အကြမ်းဖက် စစ်တပ် စခန်း၊ နောင်ထော်ရွာ တောင်ဘက်ရှိ စစ်တပ်နှင့် လက်အောက်ခံPNO ပြည်သူ့စစ်စခန်းတို့ကို PNLA နှင့် မဟာမိတ်တို့က ပူးပေါင်း သိမ်းပိုက် ခဲ့ကြောင်း၊ ယနေ့တွင် ယင်းစစ်စခန်းတချို့ကို PNLA နှင့်မဟာမိတ် ပူးပေါင်း အဖွဲ့များက မီးရှို့ရှင်းလင်းကြောင်း၊ ဆီဆိုင်မြို့နယ်အစွန်ဖက် တွင် လည်း သေနတ်သံများ ထွက်ပေါ်လာကြောင်း သိရှိရသည်။

“တိုက်ပွဲဖြစ်တာလားတော့ သေချာမသိဘူး။ သေနတ်သံကြားရတယ်။ ဒီနေ့ ဆီဆိုင်ဘက်မှာ ပြည်သူတချို့ စစ်ရှောင်ကြတယ်။ ဆုဲင်းခေါင် လည်း ဈေးတွေအကုန်ပိတ်ခိုင်းပြီ။ ဆီဆိုင်မြို့လည်း တိတ်ဆိတ်နေပြီ။ တချို့ဆို တောင်ကြီးက အမျိုးတွေအိမ် တက်နေကျပြီ။ ဒီတခါတိုက်ပွဲက တောင်ကြီးမြို့ အထိကူးမယ် ထင်တယ်။ ခုနက သေနတ်သံစကြားနေရပြီ ဆီဆိုင်ကနေ ဟိုပုံး ထဲအထိ”ဟု ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

လက်ရှိတွင် စစ်ရေးတင်းမာလျက်ရှိရာ များမကြာမီ ရှမ်းပြည်နယ်တောင်ပိုင်း တွင် စစ်ကောင်စီတပ်၊ လက်အောက်ခံ PNOတို့က တစ်ဖက်၊ PNLA နှင့် မဟာ မိတ်တပ်များက တစ်ဖက် တိုက်ပွဲများ ပြင်းထန်လာနိုင်ကြောင်း သိရှိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *