ဆန်ရှားပြီး ဈေးကြီးတာကြောင့် နတ်တလင်းကစစ်ရှောင်တွေ စပါးထောင်းပြီး စားနေရ

ပဲခူးတိုင်းအနောက်ခြမ်း၊ နတ်တလင်းမြို့နယ် ပဲခူးရိုးမတောင်ခြေတဝိုက်က စစ်ရှောင်တွေဟာ ဆန်ဝယ်ရခက်ပြီး ဆန်ဈေးကြီးတာကြောင့် မောင်းထောင်းစားနေရတယ်လို့ ဒေသခံတဦးဆီက သိရပါတယ်။

စစ်ရှောင်ပြည်သူတွေဟာ စပါးကိုဝယ်ယူပြီး ကိုယ်တိုင်လက်ထောင်းမောင်းဆုံနဲ့ ထောင်းကာ စားသောက်နေရ တာဖြစ်ပါတယ်။

အဲဒီစစ်ရှောင်တွေဟာ နတ်တလင်းမြို့နယ် ကွေ့ကြီး၊ ညောင်လေးပင်၊ သဖန်းချောင်း၊ ကျောက်ပြုတ်စတဲ့ ကျေးရွာတွေက စစ်ရှောင်အိမ်ထောင်စု ၁၂၀ ခန့်က စစ်‌ရှောင်ပြည်သူ ၄၈၀ ဦးခန့်ဖြစ်တယ်လို့ဆိုပါတယ်။

အဲဒီဒေသမှာ စစ်ကောင်စီတပ်က ပြီးခဲ့တဲ့နှစ် မတ်လလောက်ကစကာ အိမ်ထောင်တစု တပတ်စာအတွက် ဆန် ၈ ပြည်သာ ဝယ်ယူခွင့်ပြုခဲ့တာပါ။ လက်ရှိမှာ ဆန်ကြမ်းတပြည်ကို ကျပ် ၆,၅၀၀ ဈေးနဲ့ဝယ်ရနေရတာလို့ ဒေသခံတွေအတွက် အခက်ဖြစ်နေရတယ်လို့ ဆိုပါတယ်။

“ဆန်ကို လိုသလောက်ဝယ်မရသလို ဈေးလည်းကြီးတော့ စပါးတတင်းကို နှစ်သောင်းနဲ့ဝယ်ပြီး ထောင်းစား နေရတယ်။ လက်ထောင်းမောင်းဆုံတွေနဲ့ ထောင်းစားနေရတာ ရှေးခေတ်ကလိုပေါ့။ ဆန်တပြည်ရဖို့ မိနစ် ၂၀ ကျော်ကြာတယ်” လို့ စစ်ရှောင်တဦးက ပြောပါတယ်။

စပါးတတင်းကို မောင်းထောင်းပါက ဒေသအခေါ်မောင်းညို (ဖွဲနုမကင်းစင်သေးတဲ့ဆန် အဖြူညစ်ရောင်) ဆန်သား ၇ ပြည်ရရှိပါတယ်။ စပါးဝယ်ယူဈေးနူန်းနဲ့တွက်မည်ဆိုပါက ဆန်သားတပြည်လျှင် ကျပ် ၂,၈၀၀ ကျော်ခန့်ရှိပါတယ်။

ဒါကြောင့် မောင်းထောင်းရတာ အချိန်ကြာမြင့်မှုရှိသော်လည်း ကိုယ်တိုင်ထောင်းပြီးရလာတဲ့ ဆန်တပြည် ဈေးနူန်းက ဈေးဆိုင်မှာ ဝယ်ယူရတဲ့ ဆန်တပြည် ၆၅၀၀ ကျပ်ထက် ဈေးနူန်းသက်သာမှုရှိတယ်လို့ စစ်ရှောင် တဦးက ရှင်းပြပါတယ်။

စစ်ရှောင်သူတွေဟာ တောင်ညိုဆည်အထက် ညောင်လေးပင်ရွာမှာ တိုက်ပွဲဖြစ်ပွားတဲ့ ၂၀၂၁ အောက်တိုဘာလ ကစကာ ကျေးရွာကိုစွန့်ကာ စစ်ရှောင်တဲတွေနဲ့ နေထိုင်ရတာဖြစ်ပြီး ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၁၉ ရက်ကနေ ဇန်နဝါရီ ၁ ရက်အတွင်း စစ်ကောင်စီတပ်က အဲဒီဒေသက နေအိမ် ၃၀၀ ဝန်းကျင်နဲ့ စစ်ရှောင်တဲ၊ ယာတဲ ၁၀၀ ကျော်ကို မီးရိူ့ခဲ့လို့ လက်ရှိမှာ တောတောင်တွေထဲကို ပြောင်းရွှေ့ရတာ‌လို့ ပြောပါတယ်။

‌ဒါ့အပြင် စစ်ကောင်စီတပ်ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ဆေးကုသမှုပေးတဲ့တဲကိုပါ မီးရိူ့ခဲ့လို့ ဆေးဝါး အနည်းငယ်သာကျန်ရှိပြီး ဆေးကုသပေးမယ့်သူရှိပေမယ့် ဆေးဝါးမလုံလောက်မှုတွေနဲ့ ကြုံတွေ့နေရတယ်လို့ သိရပါတယ်။

မီးရှို့တဲ့ စစ်တပ်ဟာ ဇန်နဝါရီ ၁ ရက် ညနေကစပြီး ကွင်းကျယ်ရွာအထိုင်စခန်းကို ပြန်လည်ရောက်ရှိနေပြီလို့ သိရပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *