တံတားဦးမှာ ကြံ့ခိုင်ရေးပါတီဥက္ကဌအပါ ၂ ဦး ပစ်သတ်ခံရ

မန္တလေးတိုင်း၊ တံတားဦးမြို့နယ်၊ ပေါက်မြိုင်ကျေးရွာမှာ ကြံခိုင်ရေးပါတီဥက္ကဌနဲ့ ပါတီဝင်တို့ သေနတ်နဲ့ပစ်သတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဖေဖော်ဝါရီ ၆ ရက် မနေ့ကမနက် ၂ နာရီခန့်မှာ ပေါက်မြိုင်ကျေးရွာထဲကို လက်နက်ကိုင်အဖွဲ့တခု ဝင်ရောက်လာပြီး ရပ်ကျေးကြံခိုင်ရေးပါတီဥက္ကဌ ဦးမွန်ကျော် ၆၅ နှစ်နဲ့ ပါတီဝင် ဦးနိုင်ဝင်း ၆၁ နှစ်တို့ကို ပစ်ခတ်သွားတာလို့ ဆိုပါတယ်။

“သိရသလောက်က သူတို့ကိုခေါ်ထုတ်လို့ ထွက်ပြေးချိန်မှာ ပစ်ခံရတာ။ ရွာသားတွေလည်း အပြင်မထွက်ရဲဘူး။ မနက်ကျမှပဲ အလောင်းတွေကို ကောက်ရဲကြတယ်”လို့ ဒေသခံတဦးက ပြောပါတယ်။

ဦးမွန်ကျော်ဟာ လက်ရှိ ပေါက်မြိုင်ရွာ ကြံခိုင်ရေးပါတီဥက္ကဌဖြစ်သလို ယခင် ဦးသိန်းစိန်အစိုးရ လက်ထက်မှာလည်း ကျေးရွာအုပ်ချူပ်ရေးမှူးလုပ်ခဲ့ဖူးသူဖြစ်တယ်လို့ သိရပါတယ်။

ပစ်ခတ်မှုကြောင့် ဦးမွန်ကျော်နဲ့ ဦးနိုင်ဝင်းတို့ရဲ့ ဦးခေါင်းတွေမှာ ကျည်ဖောက်ဝင်ဒဏ်ရာတွေနဲ့ နေရာမှာပဲ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ဒီပစ်ခတ်မှုကို တံတားဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့တာဖြစ်ပြီး သူတို့ ၂ ဦးဟာ ပျူစောထီးသင်တန်းဆင်းထားသူတွေဖြစ်သလို ပေါက်မြိုင်ကျေးရွာမှာ အထိုင်ချတပ်စွဲနေတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ပူးပေါင်းပြီး ဒေသခံပြည်သူတွေကို ခြိမ်းခြောက်တာ၊ တော်လှန်ရေး အင်အားစုတွေနဲ့ ပတ်သက်တဲ့သတင်းတွေကို စုံစမ်းပြီး စစ်ကောင်စီဆီပေးတာတွေ လုပ်နေတာကြောင့် ခုလို ရှင်းလင်းခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။

ဇန်နဝါရီ ၁၆ ရက်ကလည်း တံတားဦးမြို့နယ်၊ ထောက်ရစ်ကျေးရွာနဲ့ တပယ်ကျေးရွာက စစ်ကောင်စီနဲ့ပက်သက်တဲ့ Non CDM ကျောင်းဆရာမ ၁ ဦးနဲ့ သတင်းပေးဆိုသူ ၂ ဦးကို တံတားဦးပကဖက ပစ်ခတ်ရှင်းလင်းခဲ့ပါသေးတယ်။

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top