စစ်တပ်နှင့် လက်အောက်ခံ PNO ပြည်သူ့စစ်များအကြားတွင်လည်း အချင်းချင်း ပစ်ခတ်မှုဖြစ်ပြီး သေဆုံးမှုတချို့ရှိ

ဆီဆိုင်မြို့နယ်၊ ဝင်းကောင်းကျေးရွာတိုက်ပွဲတွင် စစ်တပ်နှင့်လက်အောက်ခံ PNOပြည်သူ့စစ်များ သေဆုံးမှုများပြား

စစ်တပ်နှင့် လက်အောက်ခံ PNO ပြည်သူ့စစ်များအကြားတွင်လည်း အချင်းချင်း ပစ်ခတ်မှုဖြစ်ပြီး သေဆုံးမှုတချို့ရှိကာ ပြည်သူ့စစ်ခေါင်းဆောင် နေဝင်းထွန်းဒဏ်ရာရထား

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ ဝင်းကောင်ကျေးရွာတွင် ယမန်နေ့ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်နှင့်လက်အောက်ခံ PNO ပြည်သူ့စစ်များ သေဆုံးမှုများပြားကြောင်း တော်လှန်ရေးတပ်ပေါင်းစုမှ သတင်းရင်းမြစ်ကပြောဆိုသည်။

ဖေဖော်ဝါရီလ ၈ ရက်နေ့ မွန်းလွဲ ၃ နာရီဝန်းကျင်အချိန် ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့၊ ဝင်းကောင်ကျေးရွာသို့ ရောက်ရှိလာသော PNO ရှေ့ကင်းအဖွဲ့ကို တော်လှန်ရေးတပ်ပေါင်းစုက တိုက်ခိုက်ရာ စစ်တပ် လက်အောက်ခံ PNO ပြည်သူ့စစ်များ သေဆုံးမှု အလွန်များပြားကြောင်း၊ လက်နက်ခဲယမ်း သိမ်းဆည်းရရှိမှုအနေဖြင့် သေနတ် ၁၂ လက်သိမ်းဆည်းရရှိကြောင်း သိရှိရသည်။

“သေနတ်ကတော့ ၁၂ လက်ရတယ်။ PNO ဘက်ကတော့ အလောင်းအတော်များတယ်။ တော်လှန်ရေးတပ်ပေါင်းစုကလည်း အင်အားများတယ်။ သေဆုံးတဲ့သူတွေအိတ်ထဲမှာ WY စိတ်ကြွဆေးလိုမျိုး မူးယစ်ဆေးတွေ တွေ့ရတယ်” တော်လှန်ရေး တပ်ပေါင်းစု သတင်းရင်းမြစ်က ရှင်းပြသည်။

ထို့ပြင် စစ်တပ်နှင့် လက်အောက်ခံ PNO ပြည်သူ့စစ်များအကြားတွင် အမိန့်မနာခံမှုနှင့်ပတ်သက်ပြီး အပြန်အလှန် ပစ်ခတ်မှုဖြစ်ကြပြီး ယင်းပစ်ခတ်မှုတွင်လည်း PNO ဘက်မှ သေဆုံးသူများပြားသည်ဟု သတင်းများရရှိထားကြောင်း တော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

“ကျနော်တို့ တော်လှန်ရေးတပ်ပေါင်းစုတွေနဲ့ တိုက်ပွဲဖြစ်တာအပြင် PNO ပြည်သူ့စစ်နဲ့ စစ်တပ်နဲ့ပါ ပြန်ပစ်ကြတယ်။ အဓိက အမိန့် မနာခံလို့ ပစ်ကြတာ။ စစ်တိုက်ဖို့ အမိန့်ပေးတာ မနာခံလို့ အချင်းများကြတယ်လို့ သိရတယ်။ အဲဒီမှာလည်း PNO ဘက်က တော်တော်သေတယ်။ နောက်တစ်ခါ ပြည်သူ့စစ် တပ်ရင်းမှူး ၄ ခေါင်းဆောင် နေဝင်းထွန်းလည်း တိုက်ပွဲမှာဒဏ်ရာရထားတယ်။ ဘယ်တိုက်ပွဲမှာ ဒဏ်ရာရတာလဲတော့မသိရသေးဘူး” ဟု တော်လှန်ရေးတပ်ပေါင်းစု သတင်းရင်းမြစ်က ဆက်လက်ပြောဆိုသည်။

ဆီဆိုင်မြို့နယ်သို့ ရောက်ရှိနေသော တော်လှန်ရေး တပ်ပေါင်းစုတွင် ကလလတ ၊DMO PDF ၊ အရှေ့ရိုးမ၊ PNLA ၊ KNDF ၊ PNDF-KK စသည့်တော်လှန်ရေးတပ်ပေါင်းစုံ ပါဝင်နေကြောင်း သိရှိရသည်။

ဆီဆိုင်မြို့နယ် ဝိန်းကောင်ရွာတိုက်ပွဲ စစ်တပ်လက်အောက်ခံ PNO ပြည်သူ့စစ် အကျအဆုံးများ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ ဝိန်းကောင်ရွာအနီးမှာ ဖေဖော် ဝါရီလ ၈ ရက် ညနေ ၃ နာရီက လူမျိုးပေါင်းစုံ ဖယ်ဒရယ်ဒီမိုကရေစီတပ်ပေါင်းစုတပ် (လပဖဒ) နဲ့ PNO ပအိုဝ်းပြည်သူ့စစ်တွေ ၁ နာရီ ကျော် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီ့ တိုက်ပွဲမှာစစ်တပ်လက်အောက်ခံ PNO ပအိုဝ်းပြည်သူ့စစ်အဖွဲ့ဟာ အကျအဆုံးများစွာနဲ့ ဆုတ်ခွာသွားခဲ့ရတယ်လို့ သိရပါတယ်။

တိုက်ပွဲအပြီး သေနတ်အတို ၃ လက်အပါ သေနတ် ၁၂ လက်နဲ့ စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်အလောင်းတွေရလိုက်ပြီး (လပဖဒ) ဘက်မှ ရဲဘော်အချို့ ဒါဏ်ရာရရှိမှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

အဲဒီကျေးရွာဟာ ဆီဆိုင်မြို့အနောက်ဘက် ၅ မိုင်အကွာ သဘက်ချောင်းတစ်ဖက်ကမ်းမှာ တည်ရှိပြီး PNO တွေ အခြေပြုရာ ဒေသလို့ သိရပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *