မီးရှို့သတ်ဖြတ်ခံရသူနှစ်ဦးအတွက် အွန်လိုင်းတွင် ဆုတောင်းပေးသူ ဖမ်းဆီးခံရ

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ မြောက်ခင်ရန်းရွာတွင် လူငယ်နှစ်ဦး အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခံရသည့်သတင်းကို လူမှုကွန်ရက်၌ ပြန်လည်မျှဝေသည့် မန္တလေးမြို့မှ အမျိုးသမီးတစ်ဦးကို စစ်ကောင်စီက ဖမ်းဆီးလိုက်သည်။

ဖမ်းဆီးခံရသူမှာ အသက် ၁၈ နှစ်အရွယ် မယွန်းစန္ဒီမောင်ဖြစ်ပြီး ယမန်နေ့ (ဖေဖော်ဝါရီ ၈) ညပိုင်းက ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာအိမ်ယာရှိ နေအိမ်၌ စစ်သားနှင့် အရပ်ဝတ်လက်နက်ကိုင်များက ရိုက်နှက်ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု နီးစပ်သူတစ်ဦးက ပြောသည်။

“သူက သတင်းဌာနတွေတင်တဲ့ အဲဒီသတင်းကို စိတ်မကောင်းကြောင်း ဖေ့ဘုတ်မှာ ပြန်ရှဲတာ။ နောက်ဘဝတွေမှာ မငြိမ်းချမ်းတဲ့ဒီနိုင်ငံမှာ လူလာမဖြစ်ပါနဲ့လို့ သေဆုံးသူတွေကို ဆုတောင်းပြီး တင်ပေးတာပေါ့။ အဲဒီအတွက် လာဖမ်းကြတာလို့ သိရတယ်”

၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့က ဂန့်ဂေါမြို့နယ် မြောက်ခင်းရန်ရွာ၌ ယောဒေသကာကွယ်ရေးအဖွဲ့ (YDF) နှင့် စစ်တပ်/ပျူစောထီးပူးပေါင်းအဖွဲ့တို့ တိုက်ပွဲဖြစ်စဉ် YDF တပ်ဖွဲ့ဝင်နှစ်ဦး ဖမ်းဆီးခံရပြီးနောက် ထိုသို့ သတ်ဖြတ်ခံရသည်။ မြောက်ခင်ရန်းရွာ၌ နေထိုင်သူများကို တစ်အိမ်တစ်ယောက် မဖြစ်မနေလာကြည့်စေသည့် ထိုမီးရှို့သတ်ဖြတ်မှု မှတ်တမ်းရုပ်သံမှာ လေးလ အကြာတွင် ပေါ်ထွက်လာခြင်းဖြစ်သည်။

အဆိုပါ အဖြစ်အပျက်အကြောင်း ရေးသားထားသည့် သတင်းများ လူမှုကွန်ရက်၌ ပြန်လည်ဖြန့်ဖြူးသူများကို ဖမ်းဆီးအရေးယူရန် စစ်ကောင်စီ၏ ဝါဒဖြန့်စာမျက်နှာများတွင် ဆက်တိုက် လှုံ့ဆော်ခဲ့ကြသည်။

လက်ထိတ်တန်းလန်းဖြင့် ဖမ်းဆီးခံထားရသည့် မန္တလေးမြို့မှ မယွန်းစန္ဒီမောင်၏ဓာတ်ပုံကို စစ်တပ် ဝါဒဖြန့် အွန်လိုင်းစာမျက်နှာများက ယနေ့နံနက်အစောပိုင်းတွင် စတင်ဖြန့်ဝေခဲ့သည်။

မယွန်းစန္ဒီမောင်ကို ဖမ်းဆီးပြီးနောက် မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကို မသိရသဖြင့် မိသားစုဝင်များ စိုးရိမ်နေသည်ဟုလည်း သိရသည်။

မြောက်ခင်ရန်းရွာဖြစ်စဉ်ကြောင့် Facebook စာမျက်နှာ၌ အနက်ရောင်ပရိုဖိုင်းပုံ ပြောင်းတင်ခဲ့သည့် မန္တလေးမြို့မှ အခြားအမျိုးသမီးငယ်တစ်ဦးကို ဖမ်းဆီးရန် စစ်တပ်ဝါဒဖြန့်စာမျက်နှာများက လှုံ့ဆော်ထားသည်ကို တွေ့ရသည်။ ထိုအမျိုးသမီးငယ် ဖမ်းဆီးခံရခြင်း ရှိမရှိ မသိရပေ။

အာဏာသိမ်းပြီးနောက်ပိုင်း ဆန့်ကျင်သူမှန်သမျှကို အကြောင်းအမျိုးမျိုးပြ ဖမ်းဆီးထောင်ချနေသည့် စစ်ကောင်စီသည် ၎င်းတို့ကို ဆန့်ကျင်သည့် အကြောင်းအရာကို လူမှုကွန်ရက်၌ ရေးသားမျှဝေသူဟု စွပ်စွဲခံရသူများကိုလည်း ပစ်မှတ်ထားလေ့ရှိသည်။

ဖမ်းရန် လှုံ့ဆော်ခြင်း၊ ဖမ်းဆီးခြင်းတို့မှာ ဆက်တိုက်ဖြစ်ပေါ်တတ်ရာ စစ်ကောင်စီ၏ ထိုသို့သော လုပ်ရပ်များသည် ပြည်သူများကို အကြောက်တရားသွင်းပေးနေခြင်းဖြစ်သည်ဟု မန္တလေးမြို့ခံ အမျိုးသားတစ်ဦးက ဝေဖန်သည်။

“သူတို့ကတော့ သူတို့အုပ်စိုးတဲ့ မြို့ကြီးပြကြီးတွေမှာ ခုလိုလုပ်ရပ်တွေကတော့ လုပ်နေမှာ။ အကြောက်တရားသွင်းပေးနေမှာပဲ။ မနိုင်နိုင်ရာမဲတာပေါ့။ ယုတ်မာချက်တွေကတော့ ဆွံ့အနေပါပြီ”

မြောက်ခင်ရန်းရွာမှ အရှင်လတ်လတ် မီးရှို့သတ်ဖြတ်မှုဖြစ်စဉ်မှာ မဟုတ်မမှန် သတင်းမှားဖြစ်သည်ဟု စစ်ကောင်စီက သတင်းထုတ်ပြန်သည်။

အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံအနှံ့တွင် ဖြစ်ပေါ်ခဲ့သည့် လူမဆန်သော ဖမ်းဆီးသတ်ဖြတ်မှုများ ဟိုလေးတကျော်ဖြစ်သည့်အခါတိုင်း စစ်ကောင်စီက အလားတူထုတ်ပြန်လေ့ရှိသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *