ကောလင်းမြို့ကို ပြန်သိမ်းလိုက်နိုင်ပြီလို့ စစ်အုပ်စု ကြေညာ

ကောလင်းမှာ တိုက်ပွဲတွေ ဆက်ဖြစ်နေဆဲ ဖြစ်ပြီး စစ်အုပ်စုက လေကြောင်းဗုံးကြဲ၊ လက်နက်ကြီးနဲ့ ထုနေဆဲ၊
ကောလင်းမြို့ပေါ် ဝင်ရောက်လာတဲ့ စစ်အုပ်စုက အိမ်မီးရှို့၊ ဒေသခံတချို့ကို သတ်ဖြတ်၊ တချို့ကို ဓားစာခံ ဖမ်း၊

MFP ၊ ဖေဖေါ်ဝါရီ – ၁၀

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ကို ဒီနေ့ ဖေဖေါ်ဝါရီ(၁၀)ရက်မှာ ပြန်လည် သိမ်းပိုက် ထိန်းချုပ်လိုက်ပြီလို့ စစ်အုပ်စုက ထုတ်ပြန် ကြေညာပါတယ်။

နိုဝင်ဘာ(၇)ရက်က စတင်ပြီး တော်လှန်ရေးတပ်တွေ သိမ်းပိုက် ထိန်းချုပ်ထားတဲ့ ကောလင်းမြို့ကို စစ်အုပ်စုက ပျူတွေ၊ ထောင်သားတွေ အပါအဝင် ဖေဖေါ်ဝါရီ(၃)ရက်က စတင်ကာ မြေပြင်ကနေ အင်အား အများအပြားနဲ့ ပြန်လည် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သလို လေကြောင်း၊ လက်နက်ကြီးပစ်ကူ၊ ဒရုန်းတွေနဲ့ ပစ်ကူပေးခဲ့ပြီးနောက် ရှစ်ရက်အကြာ ဒီနေ့မှာ မြို့ကို ပြန်လည် ထိန်းချုပ်နိုင်ခဲ့တာလို့ စစ်အုပ်စုက ဆိုပါတယ်။

ကောလင်းမြို့ကို ပြန်လည် တိုက်ခိုက်ရာမှာ တိုက်ပွဲ(၁၈)ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်အုပ်စု အသေအပျောက် ရှိသလို KIA နဲ့ PDF တွေရဲ့ လက်နက်ခဲယမ်းနဲ့ အလောင်းတချို့ သိမ်းဆည်း ရရှိတယ်လို့ စစ်အုပ်စုက သတင်းဖြန့်ပါတယ်။

“ကောလင်းမြို့အား စစ်ကိုင်းတိုင်း၏ တောင်ဘက်နှင့် မြောက်ဘက် ဆက်သွယ်မှုအရ အရေးကြီးသော မြို့ဖြစ်ခြင်း၊ ကောလင်းမြို့ အနီးရှိ သဖန်းဆိပ်ဆည် ပတ်ဝန်းကျင်တွင် တရားမဝင် လုပ်ကိုင်လျက်ရှိသည့် ရွှေလုပ်ကွက်နှင့် ရေနံလုပ်ကွက် များကို ထိန်းချုပ်နိုင်သည့် နေရာဖြစ်ခြင်းတို့ကြောင့် အင်အား အလုံးအရင်းဖြင့် ဝင်ရောက် တိုက်ခိုက် ခဲ့ခြင်းဖြစ်ကြောင်း”လို့ ကောလင်းမြို့ရဲ့ အရေးပါမှုကြောင့် KIA နဲ့ PDF တွေက မြို့ကို တိုက်ခိုက် သိမ်းပိုက်တာလို့ စစ်အုပ်စုက ဆိုပါတယ်။

စစ်အုပ်စုဟာ တော်လှန်ရေးတပ်တွေ သိမ်းပိုက်ထားတဲ့ ကောလင်းမြို့ကို ပြန်ရဖို့ ကန့်ဘလူကနေ ကွပ်ကဲကာ ကောလင်းရဲ့ တောင်ဘက် ကိုးတောင်ဘို့နဲ့ မြောက်ဘက် ဝန်းသိုမြို့ကနေ အင်အား ထောင်ချီနဲ့ စစ်ကြောင်း လေးကြောင်း ခွဲကာ ပြန်လည် ထိုးစစ်ဆင် တိုက်ခိုက်တာ ဖြစ်ပြီး လက်ရှိ ကောလင်းမြို့ထဲ ဝင်ရောက်လာနိုင်တဲ့ စစ်အုပ်စုက ဒေသခံ ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်တာ၊ လူသားဒိုင်းကာ ဖမ်းဆီးတာတွေ၊ အိမ်မီးရှို့တာတွေ ရှိတယ်လို့ ဒေသခံ မြေပြင်ကင်းထောက်တွေက ဆိုပါတယ်။

“ကောလင်း သတင်းတော့ အဆိုးတွေရော၊ အကောင်းတွေရော ရှိတယ်။ ဖေဖေါ်ဝါရီ(၇)ရက်နေ့ ဝက်စာပြန်ကျွေးတဲ့ အသက်(၄၀)ခန့် ကိုဇော်ဆိုသူ အမျိုးသားတစ်ဦး ဖမ်းမိပြီး အသတ်ခံရ။ ပြင်ဦးလွင် ရပ်ကွက်က (၂၀)ကျော် မ.. ဖမ်းမိ၊ မဖွယ်မရာ လုပ်ပြီး အသတ်ခံရ။ မနေ့က အောင်သီရိက သုံးအိမ် မီးရှို့ခံရ။ ဝါးရုံတုန်းက ဆန်စက်တစ်ခု မီးရှို့ခံရ။ ပြည်သူ (၁၅)ဦး ဓါးစာခံ ဖမ်းခံရ” လို့ ကောလင်းမြေပြင်ကင်းထောက် Kawlin Info က ဖော်ပြပါတယ်။

ကောလင်းမြို့ကို စစ်ကြောင်း လေးကြောင်းခွဲကာ လာတိုက်ခိုက်တဲ့ စစ်အုပ်စု စစ်ကြောင်းတွေအနက် ဝန်းသိုဘက်က လာတဲ့ စစ်ကြောင်းတစ်ကြောင်းဟာ မနေ့က ကောလင်းမြို့ ကျော်ဇေယျ ရပ်ကွက်ကို ဝင်ရောက် လာချိန်မှာ တော်လှန်ရေး တပ်တွေနဲ့ တိုက်ပွဲ ဖြစ်ပြီးနောက် ကျော်ဇေယျ ရပ်ကွက်ကို မီးရှို့ဖျက်ဆီးကာ ဒီနေ့ ဖေဖော်ဝါရီ(၁၀)ရက် မနက်မှာ ဘူတာအနီးထိ ရောက်လာပြီး ထပ်မံ တိုက်ပွဲ ဖြစ်တာလို့ ဆိုပါတယ်။

ဒီမနက် တိုက်ပွဲမှာ နှစ်ဖက် အထိအခိုက် ရှိပြီး စစ်အုပ်စု အလောင်းတွေ ရတာလို့ ကောလင်း အပါအဝင် စစ်ကိုင်းတိုင်းကို တာဝန်ယူ ကိုင်တွယ်နေတဲ့ အမည်မဖော်လိုတဲ့ ERO – တိုင်းရင်းသား တော်လှန်ရေး တပ်ဖွဲ့ ခေါင်းဆောင် တစ်ဦးက MFP ကို ပြောပါတယ်။

“ဘူတာနားတော့ သူတို့တွေ ရောက်လို့ ဒီနေ့ တိုက်ပွဲ ပြင်းထန်တာတွေ ရှိတယ်။ ကိုယ့်ဘက်ကလည်း အထိအခိုက်တော့ ရှိတယ်။ ခွေးဘက်ကတော့ (၁၇)ကောင် ကျတယ်။ လောလောဆယ်တော့ အဲဒါပဲ ပြောလို့ရဦးမယ်။ ကောလင်းဘူတာနားထိ ကပ်ခဲ့ပြီ”လို့ ERO ခေါင်းဆောင်က ပြောပါတယ်။

လက်ရှိမှာ ကောလင်းမြို့ကို ဝိုင်းညှပ်တိုက်ခိုက်နေတဲ့ စစ်အုပ်စု စစ်ကြောင်းတွေထဲက စစ်ကြောင်း တစ်ကြောင်းသာ ကောလင်းမြို့တွင်း ဝင်ရောက်နိုင်သေးပြီး အဲ့ဒီ စစ်ကြောင်းကို တော်လှန်ရေး တပ်တွေက ပြင်းပြင်းထန်ထန် တိုက်ခိုက် ချေမှုန်းနေတာလို့ ဆိုပါတယ်။

“ကျန်တဲ့ဟာတွေကတော့ မြို့ထဲ မရောက်သေးဘူး။ တစ်ကြောင်းပဲ မြို့ထဲ ရောက်နေသေးတာ။ ကျန်တဲ့ဟာတွေ မရောက်ခဲ့သေးဘူး” လို့ ERO ခေါင်းဆောင်က ပြောပါတယ်။

ကောလင်းမြို့တွင်း တိုက်ပွဲဖြစ်ပြီးနောက် ဒီကနေ့ နေ့လယ်(၁၂)နာရီလောက်မှာ စစ်အုပ်စုက ကောလင်းမြို့နဲ့ ရှစ်မိုင်ဝေးတဲ့ ဝန်းသိုမြို့နယ် နမ်းခမ်းရွာကို တိုက်လေယာဉ်နဲ့ ဗုံးကျဲ ပစ်ခတ်တာကြောင့် ဒေသခံပြည်သူတွေ ထိခိုက်သေဆုံးမှု ရှိခဲ့ပြီး အသေးစိတ်ကိုတော့ မသိရသေးဘူးလို့ ဒေသခံ သတင်းရင်မြစ်တွေက ပြောပါတယ်။

လက်ရှိမှာ ကောလင်းမြို့ကို ဘယ်သူကမှ အလုံးစုံ မထိန်းချုပ်နိုင်သေးဘဲ မြို့ပေါ် တိုက်ပွဲတွေ ဆက်ဖြစ်နေတာလို့ ဆိုပါတယ်။

“ရှုပ်ထွေးနေဆဲ အခြေအနေပါပဲခဗျ။ မြို့ထဲမှာ တိုက်ပွဲ ဖြစ်ပါတယ်။ ဟုတ်ကဲ့၊ ခုခံနေဆဲ၊ အတတ်နိုင်ဆုံး ခုခံနေပါတယ်” လို့ မြေပြင် တိုက်ပွဲဝင် တော်လှန်ရေး ရဲဘော်တစ်ဦးက MFP ကို ပြောပါတယ်။

ယမန်နေ့ ဖေဖေါ်ဝါရီ(၈)ရက်ကတော့ ကောလင်းမြို့ တောင်ဘက်ပိုင်း၊ မင်းတဲကြီး ရပ်ကွက်ထဲ ဝင်ရောက်လာတဲ့ စစ်အုပ်စုကို ကောလင်းခရိုင် PDF တပ်ရင်း(၂)နဲ့ ပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့ရာ စစ်အုပ်စု အထိနာ ထွက်ပြေးသွားပြီး လက်နက်ခဲယမ်းတချို့ သိမ်းဆည်း ရရှိတယ်လို့ ကောလင်းခရိုင် တပ်ရင်း (၂) တာဝန်ရှိသူက သူ့ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

ကောလင်းမြို့မှာ တိုက်ပွဲတွေ ဖြစ်နေချိန် မနေ့က ဖေဖေါ်ဝါရီ(၉)ရက်မှာ စစ်အုပ်စုက ကောလင်းမြို့ ဆေးရုံကို တိုက်လေယာဉ်နဲ့ ဗုံးလေးလုံး ကြဲချခဲ့ရာ လူသူ ထိခိုက်တာ မရှိပေမယ့် ဆေးရုံ အဆောက်အဦးတွေ ပျက်စီးတယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ပါတယ်။

စစ်အုပ်စုဟာ ကောလင်းမြို့ကို ပြန်သိမ်းနိုင်ဖို့ မြေပြင်ကနေ ဝိုင်းညှပ်ပိတ်ဆို့ တိုက်ခိုက်နေသလို လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်းတွေနဲ့ ပစ်ကူပေးနေပြီး ဝန်းသိုမြို့ကနေ နေ့တိုင်း အဆက်မပြတ် ပစ်ခတ်နေတဲ့ လက်နက်ကြီးကြောင့် ကောလင်းမြို့ထဲက နေအိမ်တွေ မီးလောင် ပျက်စီးတာ၊ ဒေသခံတချို့ လက်နက်ကြီး ထိမှန်တာတွေ ရှိတယ်လို့ ကောလင်းနယ် တော်လှန်ရေးအဖွဲ့ – Kawlin Revolution – KR အဖွဲ့က ထုတ်ပြန် ထားပါတယ်။

ဒါ့အပြင် စစ်အုပ်စုက ဒီမနက်ပိုင်း ကောလင်းမြို့ခံ ပြည်သူတစ်ဦးကို ဓာတ်ဆီလောင်း မီးရှို့ခဲ့ပြီး အဲ့ဒီ မီးရှို့ခံရသူကို တော်လှန်ရေးတပ်က ကယ်ထုတ်ကာ ကျန်းမာရေး စောင့်ရှောက်မှု ပေးထာတယ်လို့ KR – Teams က ဆိုပါတယ်။

ကောလင်းတိုက်ပွဲမှာ PDF တပ်ရင်းတပ်ဖွဲ့တွေ သာမက တိုက်ပွဲ အတွေအကြုံရင့်တဲ့ တိုင်းရင်းသား တော်လှန်ရေး တပ်တွေပါ ပူးပေါင်း ပါဝင် တိုက်ခိုက်နေတာ ဖြစ်ပြီး စစ်အုပ်စုက မြို့ကို ဝိုင်းထားတာ ရှိပေမယ့် တော်လှန်ရေး အင်အားစုတွေကလည်း မြို့ကို ဆက်လက် ထိန်းချုပ်ကာ အကောင်းဆုံး ခုခံနေဆဲ ဖြစ်တယ်လို့ NUG ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က MFP ကို ပြောဆိုထားပါတယ်။

စစ်အုပ်စုကတော့ ကောလင်းမြို့ကို ပြန်သိမ်းနိုင်ပြီလို့ မနေ့ ဖေဖေါ်ဝါရီ(၉)ရက်မှာ သတင်းဖြန့်ပါတယ်။

စစ်အုပ်စုဟာ ကောလင်းမြို့ကို တိုက်ခိုက်ဖို့ ကန့်ဘလူ၊ ကိုးထောင်ဘို့နဲ့ ဝန်းသိုမှာ အင်အားစုခဲ့ပြီး ကောလင်းမြို့ကို ပြန်တိုက်ခိုက်တဲ့ စစ်အုပ်စု အဖွဲ့ထဲ ကန့်ဘလူနယ် သင်္ကန်းဝတ် ဝါသဝ လက်အောက်ခံ ပျူတွေနဲ့ မြိတ်မြို့ အပါအဝင် နိုင်ငံတဝန်း အကျဉ်းထောင်တွေက ထောင်သားတွေ ပါဝင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကောလင်းမြို့ကို ပြန်သိမ်းနိုင်ပြီ ဖြစ်ကြောင်း စစ်အုပ်စုက သတင်းဖြန့်စဉ်/Photo – စစ်အုပ်စု

စခတွေ ဝါတာ ယုံနေကြတာဟေ့ ခရမ်းတို့နှယ်၊ မီဒီယာတွေလည်း တောင်မှန်းမသိ မြောက်မှန်းမသိရေးတာ မနေ့ကပ

 


Comments

Leave a Reply

Your email address will not be published. Required fields are marked *