လက်နက်ကိုင်ပြီး တိုက်ပွဲများဖော်ဆောင်နေ၍ တိုင်းရင်းသားပြည်သူများ ဒုက္ခခံစား နေရပြီး နိုင်ငံ့အတွက်ပါ အန္တရာယ်ရှိလာသည်ဟု စစ်ခေါင်းဆောင်ပြော

လက်နက်ကိုင်ပြီး တိုက်ပွဲများဖော်ဆောင်နေ၍ တိုင်းရင်းသားပြည်သူများ ဒုက္ခခံစား နေရပြီး နိုင်ငံ့အတွက်ပါ အန္တရာယ်ရှိလာသည်ဟု စစ်ခေါင်းဆောင်ပြော

စစ်ကောင်စီတပ်များ စစ်ရှုံးခဲ့သည့် ရှမ်းမြောက်အပါအ၀င် တိုင်းရင်းသား ဒေသများတွင် လက်နက်ကိုင် တိုက်ပွဲများ ဖြစ်ပွားနေ သည်ကို ရည်ရွယ်၍ လက်နက်ကိုင်ပြီး တိုက်ပွဲများ ဖော်ဆောင်နေလို့ တိုင်းရင်းသားပြည်သူတွေ ဒုက္ခခံစားနေရပြီး နိုင်ငံ့အတွက်ပါ အန္တရာယ် ရှိလာသည်ဟု စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောဆိုခဲ့သည်။

ဖေဖော်ဝါရီ ၇ ရက်နေ့က ကျရောက်သည့် ၇၇ နှစ် မြောက် ရှမ်းပြည်နယ်နေ့ အခမ်းအနားသို့ ပေးပို့သည့် သ၀ဏ်လွှာတွင် စစ်ခေါင်းဆောင်က ယခုကဲ့သို့ပြော ကြားခဲ့ခြင်းဖြစ်သည်။

၎င်းက တိုင်းရင်းသားဒေသများတွင် လက်နက်ကိုင် ပဋိပက္ခများဖော်ဆောင်နေခြင်း၊ တိုက်ပွဲများဖြစ်ပွားနေခြင်း၊ ဆူပူအကြမ်းဖက်နှောင့်ယှက်တိုက်ခိုက်မှု များဖြစ်ပွားနေခြင်း တို့ကြောင့် ဒေသခံတိုင်းရင်းသား ပြည်သူများပါ ဒုက္ခများစွာခံစားနေကြရကြောင်း၊ ဒေသ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါ ပျက်ပြားလာကာ နိုင်ငံအတွက်ပါ အန္တရာယ်ရှိလာနိုင်သည်ကို အားလုံးကသိရှိလက်ခံ၍ စဉ်းစားသုံးသပ်ဖို့ လိုပြီဖြစ်ကြောင်း ထည့်သွင်းပြောကြားထားသည်။

ထို့အပြင် ဒီမိုကရေစီနှင့် ဖက်ဒရယ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေး နိုင်ငံ့ရည်မှန်းချက်များကို ချမှတ်ဆောင်ရွက်‌နေကြောင်းနှင့် လက်ရှိဖြစ် ပေါ်နေသည့် လက်နက်ကိုင်ပဋိပက္ခများ၊ တိုက်ခိုက် ဖျက်ဆီးမှုများသည် နိုင်ငံပြိုကွဲပျက်စီးရေးနှင့် တိုင်းရင်းသားပြည်သူအားလုံး အတိဒုက္ခရောက်ရေးကိုသာ ဦးတည်နေခြင်းဖြစ်သည် စစ်ခေါင်းဆောင်က ဆိုသည်။

ထို့အတွက် သက်ဆိုင်သူအားလုံးက မျိုးချစ်စိတ်ဓာတ်၊ ပြည်ထောင်စုစိတ်ဓာတ်နှင့် နိုင်ငံနှင့်ပြည်သူကို ကာကွယ်စောင့်ရှောက်ပေးကြရန် စစ်ခေါင်းဆောင်က ပြောဆိုခဲ့သည်။

ရှမ်းပြည်နယ်အတွင်းရှိ ရှမ်း၊ ကချင်၊ ချင်းတိုင်းရင်း သားခေါင်းဆောင်များက ပြည်မနှင့်အတူ ပူးပေါင်း လွတ်လပ်ရေးအရယူရန် သဘောတူဆုံးဖြတ်ချက်ချနိုင်ခဲ့သည့် ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ ၇ ရက်ကို ရှမ်းပြည်နယ်နေ့ အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *