အရွယ်ရောက်သူနိုင်ငံသားတိုင်းကို ၂ နှစ်အထိ စစ်မှုထမ်းခိုင်းတဲ့ ဥပဒေ

ပြည်သူစစ်မှုထမ်းဥပဒေ စစ်ကောင်စီအသက်သွင်း
“အရွယ်ရောက်သူနိုင်ငံသားတိုင်းကို ၂ နှစ်အထိ စစ်မှုထမ်းခိုင်းတဲ့ ဥပဒေ ဖြစ်

နိုင်ငံအဝန်းစစ်ရှုံးလာပြီး တပ်ဖွဲ့ဝင်အင်အားလိုအပ်လာချိန်မှာ အာဏာသိမ်းစစ်ကောင်စီဟာ အရွယ်ရောက်တဲ့ နိုင်ငံသားတိုင်း စစ်မှုထမ်းရမယ့် ပြည်သူ့စစ်မှုထမ်းဥပဒေ ကို ဒီနေ့ဖေဖော်ဝါရီ ၁၀ ရက် မှာ အသက်သွင်းလိုက်ပါတယ်။

ယခင်စစ်အစိုးရ လက်ထက် ၂၀၁၀ ခုနှစ် မှာ ပြဌာန်းခဲ့တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေ ကို ဖေဖော်ဝါရီ ၁၀ ရက်စတင်ပြီး အာဏာတည်ရမယ်လို့ စစ်ကောင်စီက ကြေညာလိုက်တာပါ။

အဲဒီဥပဒေဟာ အရွယ်ရောက်သူနိုင်ငံသားတိုင်းကို ၂ နှစ်အထိ စစ်မှုထမ်းခိုင်းတဲ့ ဥပဒေ ဖြစ်ပါတယ်။

အမျိုးသားဖြစ်ရင် အသက် ၁၈ နှစ်ပြည့်ပြီး ၃၅ နှစ်မပြည့်သေးသောသူ ၊အမျိုးသမီးဖြစ်ရင် အသက် ၁၈နှစ်ပြည့်ပြီး ၂၇ နှစ် မပြည့်သေးသူတွေ စစ်မှုထမ်းရမယ်လို့ ပြည်သူ့စစ်မှုထမ်းဥပဒေမှာပြဌာန်းထားပါတယ်။

စစ်မှုထမ်းကာလကို ၂ နှစ်သတ်မှတ်ထားပေမယ့် နိုင်ငံမှာအရေးပေါ်အခြေအနေဖြစ်ရင် ၅ နှစ်အထိ စစ်မှုထမ်းခိုင်းမှာပါ။

အရွယ်ရောက်သူတိုင်းစစ်မှုထမ်းဖို့အတွက် ဆင့်ခေါ်ရေးအဖွဲ့ တွေ ကို မြို့နယ်အဆင့်ထိ ဖွဲ့ပြီး ဆင့်ခေါ်စာပေးပို့မှာဖြစ်ပါတယ်။

စစ်မှုထမ်းဖို့ ဆင့်ခေါ်တာကို သတင်းပို့ဖို့ ပျက်ကွက် တာ ၊ တိမ်းရှောင် တာဆိုရင် ထောင်ဒဏ် ၅ နှစ်အထိ ကျခံရမယ်လို့ လည်း ပြည်သူ့စစ်မှုထမ်းဥပဒေမှာ ပါရှိပါတယ်။

ပြည်သူ့စစ်မှုထမ်းဥပဒေကိုအကောင်အထည်ဖော်မယ်လို့ စစ်ကောင်စီခေါင်းဆောင်က ၂၀၂၂ ခုနှစ် နိုဝင်ဘာလအတွင်းက ထုတ်ဖော်ပြောဆိုခဲ့ဖူးပါတယ်။

“အရပ်သားပြည်သူတွေအပေါ် စစ်သားစုဆောင်းတာ မဖြစ်နိုင်တော့လို့ ဥပဒေကို အကာအကွယ်ယူပြီးအတင်းအဓမ္မ လက်နက်ကိုင်ခိုင်းတာပဲ၊ ဒါက ရှင်းပါတယ်၊နွေဦးတော်လှန်ရေးမှာ စကစ လက်နက်ကိုင်အင်အား အင်မတန် ချည့်နဲ့သွားတယ်ဆိုတဲ့ သက်သေပဲပေါ့”လို့ ချင်းအမျိုးသားတပ်မတော် (CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ် ။

ရေစကြို ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံ ရဲဘော်ဝေကြီးကလည်း “ဒါဟာ အာဏာရူး မင်းအောင်လှိုင်နဲ့ ဖက်ဆစ်စစ်တပ်ရဲ့ ကြံရာမရ နောက်ဆုံးလုပ်ဆောင်မဲ့ အကွက်မို့
ပြည်သူတွေအားလုံး မပူးပေါင်းမပါဝင်ဘဲ
စည်းစည်းလုံးလုံးနဲ့ ကိုယ်လုပ်စရာရှိတာ ဆက်လုပ်သွားကြဖို့ပဲ ပြောချင်ပါတယ်”လို့​ပြောပါတယ် ။

​တော်လှန်​ရေးအဖွဲ့​တွေက နိုင်ငံတစ်ဝန်း မြို့​ပေါင်း ၄၁ မြို့ သိမ်းပိုက်ထိန်းချုပ်ထားပြီး ​ဒေသအများအပြားမှာထိုးစစ်ဆင်​နေတဲ့အချိန်မှာ စစ်​ကောင်စီက အခုဥပ​ဒေကို ထုတ်ပြန်လာတာဖြစ်ပါတယ်။

အရေးနိမ့်နေတဲ့စစ်တပ်က တနိုင်ငံလုံးစစ်မှုထမ်းရမယ့်ဥပဒေ ကျင့်သုံးမယ်လို့ ထုတ်ပြန်

ယခင် နအဖစစ်အစိုးရလက်ထက် ၂၀၁၀ ပြည့်နှစ်မှာ ပြဌာန်းခဲ့တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကို ဖေဖော်ဝါရီ ၁၀ ရက် ဒီကနေ့ ရက်စွဲနဲ့ အာဏာတည်ကြောင်း အခုညပိုင်းမှာ စစ်တပ်ထိန်းချုပ်မီဒီယာတွေက ထုတ်ပြန်လာပါတယ်။

အဆိုပါ ပြည်သူ့စစ်မှုထမ်းဥပဒေအရ အသက် ၁၈ နှစ်ပြည့်ပြီးသူ နိုင်ငံသားအားလုံး စစ်မှုထမ်းဆောင်ရမှာဖြစ်ပြီး အမျိူးသားဖြစ်ပါက အသက် ၁၈ နှစ်နဲ့ ၃၅ အကြား၊ အမျိုးသမီးဖြစ်ပါက အသက် ၁၈ နှစ်နဲ့ ၂၇ နှစ်အကြား၊ ကျွမ်းကျင်သူအမျိုးသားဖြစ်ပါက ၄၅ နှစ်နဲ့ အမျိုးသမီးဖြစ်ပါက ၃၅ နှစ်အတွင်း အကျုံးဝင်မှာဖြစ်ပါတယ်။

ဒါ့အပြင် စစ်မှုထမ်းကာလကို သာမာန်အားဖြင့် ၂၄ လ ထက်မပိုတဲ့ကာလ၊ ကျွမ်းကျင်ပညာရှင်ဖြစ်ပါက ၃၆ လထက်မပိုတဲ့ကာလအဖြစ် သတ်မှတ်ထားပြီး နိုင်ငံတော်မှာ အရေးပေါ်အခြေအနေဖြစ်ပေါ်ရင် စစ်မှုထမ်းကာလကို ၅ နှစ်အထိ တိုးမြှင့်နိုင်တယ်လို့ ပြဌာန်းထားပါတယ်။

ပြည်သူ့စစ်မှုထမ်းဥပဒေကို စစ်အာဏာရှင်ဟောင်း သန်းရွှေ ဦးဆောင်တဲ့ နအဖစစ်အစိုးရလက်ထက် ၂၀၁၀ မှာ ပြဌာန်းခဲ့ပေမယ့် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးပါတီလက်ထက်နဲ့ အရပ်သားအစိုးရလက်ထက် ၂ ခု မှာ ကျင့်သုံးခဲ့ခြင်းမရှိခဲ့ပါဘူး။

ဦးသန်းရွှေ လက်ထက်မှာ တင်သွင်းခဲ့တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေမူကြမ်းအရ အမိန့်ကြေညာစာဖြင့် သတ်မှတ်သည့်နေ့တွင် စတင်အာဏာတည်ရမည်ဟု ဖော်ပြထားသော်လည်း အမိန့်ကြေညာချက် မထွက်ခဲ့ပေ။

ယင်းဥပဒေကို လက်ရှိ စစ်ခေါင်းဆောင် မင်းအောင်လှိုင်လက်ထက်တွင် အမိန့်ကြေညာစာဖြင့် ထုတ်ပြန် အသက်သွင်းလိုက်တဲ့အတွက် ဥပဒေမှာ အတည်ပြုလာတယ်လို့ ဥပဒေပညာရှင်တွေက ပြောဆိုပါတယ်။

သို့သော်လည်း ဥပဒေကိုလုပ်ထုံးလုပ်နည်းများအရ အတည်ဖြစ်စေဖို့ နည်းဥပဒေ ပြဌာန်းအတည်ပြုပြီးမှသာ ပြည့်သူစစ်မှုထမ်းဥပဒေကို အသုံးပြနိုင်မယ်လို့ ဆိုပါတယ်။

လက်ရှိအာဏာသိမ်းစစ်တပ်ဟာ စစ်ရေးမှာနိုင်ငံအနှံ့အတိုင်းအတာနဲ့ အရေးနိမ့်နေတာဖြစ်ပြီး တပ်အင်အား သိသာစွာယုတ်လျော့လာချိန်မှာ အခုလို တနိုင်ငံလုံး စစ်မှုထမ်းရမယ့် ဥပဒေကို အသက်သွင်းလာတာဖြစ်ပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *