AA က သိမ်းပိုက်ထားသည့် ကျောက်တော်မြို့နှင့် ကစ္ဆပနဒီတံတားကို စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးခွဲ

AA က သိမ်းပိုက်ထားသည့် ကျောက်တော်မြို့နှင့် ကစ္ဆပနဒီတံတားကို စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးခွဲ၊ စစ်တွေမြို့အဝင် မင်းချောင်းတံတားကိုလည်း စစ်ကောင်စီက မိုင်းခွဲဖျက်ဆီး

ရခိုင်ပြည်၊ ကျောက်တော်မြို့နှင့် ရန်ကုန်- စစ်တွေ ကားလမ်းမရှိ ကစ္ဆပနဒီတံတားကို စစ်ကောင်စီက ဖေဖော်ဝါရီ ၁၁ ရက်နေ့တွင် ဂျက်တိုက်လေယာဉ် တစ်စီးနှင့် လာရောက်ဗုံးကြဲခဲ့ကြောင်း ကျောက်တော် ဒေသခံများက ပြောသည်။

ဖေဖော်ဝါရီ ၁၁ ရက်နေ့ ည ၈ နာရီ ၃၅ မိနစ်ခန့် အချိန်တွင် စစ်ကောင်စီက ကျောက်တော်မြို့ကို ဂျက်ဖိုက်တာဖြင့် လာရောက် ဗုံးကြဲသလို ကစ္ဆပနဒီတံတားကိုလည်း ဗုံးကြဲခဲ့ကြောင်း ကျောက်တော်ဒေသခံတစ်ဦးက ပြောဆိုသည်။

“ကျောက်တော်က ပိုက်သည်ရပ်ကွက် (မွတ်ဆလင်) ရပ်ကွက်ကို လေယာဉ်နဲ့ ဗုံးကြဲခဲတယ်။ မီးတော်တော် လောင်နေတယ်။ ပြီးတော့ ရန်ကုန်- စစ်တွေ ကားလမ်းမရှိတဲ့ ကျောက်တော် ကစ္ဆပနဒီတံတားကို ဗုံးကြဲခဲ့တယ်။ လူသွားတဲ့ လမ်း တော်တော်ကို ပျက်စီးသွားတယ်”ဟုပြောသည်။

ရက္ခိုင့်တပ်တော် AA က ကျောက်တော်မြို့ကို သိမ်းပိုက်ပြီးနောက် ကစ္ဆပနဒီတံတားတွင် AA အလံ ထောင်ထားသည့် နေရာဘက်ကို ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကြဲခဲ့ခြင်းဖြစ်ကြောင်း ကျောက်တော်ဒေသခံများက ပြောသည်။

အလားတူ ရခိုင်ပြည် မြို့တော် စစ်တွေမြို့အဝင် စစ်ကောင်စီတပ်ရင်းများအနီးမှ မင်းချောင်းတံတားကို စစ်ကောင်စီတပ်သားများမှ မိုင်းခွဲဖျက်ဆီးလိုက်ပြီဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

မင်းချောင်းတံတားကို ဖေဖော်ဝါရီလ ၉ ရက်နေ့ ညနေက တစ်ကြိမ်နှင့် ယနေ့ ဖေဖော်ဝါရီ ၁၂ နံနက်က တစ်ကြိမ်တို့ဖြင့် အလုံးစုံပျက်စီးသွားစေရန် ဖျက်ဆီးလိုက်ခြင်းဖြစ်သည်ဟု စစ်တွေဒေသခံများက ပြောဆိုကြသည်။

“၉ ရက်နေ့ကတည်းက မိုင်းခွဲဖျက်ဆီးလိုက်တာ။ သွားလို့မရတော့ဘူး။ စစ်တွေမြို့အနီးက ရွာတွေဟာ မြို့ကို ဟင်းသီးဟင်းရွက်တွေ ရောင်းဖို့ အဲဒီတံတားကို အသုံးပြုသွားနေရတာ။ အခု မိုင်းခွဲဖျက်ဆီးလိုက်တော့ သွားလို့မရတော့ဘူး။ ဒီနေ့မနက်မှာလည်း မိုင်ခွဲဖျက်ဆီးလိုက်တယ်။ အားလုံး ပျက်စီးသွားပါပြီ” ဟု ပြောသည်။

ရခိုင်ပြည် မြောက်ပိုင်းဒေသအတွင်း တပ်ရင်းအမြောက်အများနှင့် မြို့များ ဆုံးရှုံးလာနေ၍ စစ်ကောင်စီသည် စစ်တွေမြို့ကို AA မှ ထိုးစစ်ဆင် မတိုက်ခိုက်နိုင်စေရန် ကုန်းလမ်းကို ဖြတ်တောက်သည့်အနေဖြင့် မင်းချောင်းတံတားကို ဖျက်ဆီးလိုက်ခြင်းဖြစ်သည်ဟု သုံးသပ်သူ ဒေသခံတစ်ဦးက ပြောသည်။

“ကြည့်ရတာက စစ်ကောင်စီက စစ်တွေမြို့ကို ကားလမ်းကနေ လာတိုက်လို့မရအောင်လို့ထင်တယ်။ အဲဒီတံတားအနီးမှာလည်း စစ်ကောင်စီတပ်တွေရှိတယ်။ ဘေးပတ်ပတ်လည်မှာ ချောင်းမြောင်းတွေဆိုတော့ တံတားမရှိတော့ရင် AA က လွယ်လွယ်ကူကူ မတိုက်ခိုက်နိုင်ဘူး အထင်နဲ့ တံတားကို ဖျက်ဆီးလိုက်တာ ထင်တယ်။ စစ်တွေကို ဘယ်နေ့ လာတိုက်မလဲ စစ်ကောင်စီတပ်သားတွေက ကြောက်နေကြတာ။ ” ဟု ပြောသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *