ရှေ့တန်းသို့ လွှတ်မရဘဲ အချိန်ပြည့်မူးနေသည့် ရဲတပ်ဖွဲ့၀င်များအတွက်

ရှေ့တန်းသို့ လွှတ်မရဘဲ အချိန်ပြည့်မူးနေသည့် ရဲတပ်ဖွဲ့၀င်များအတွက် ရဲစည်းကမ်း ဥပဒေတွင် တာ၀န်မထမ်းဆောင်နိုင်လောက်အောင် မူးယစ်နေပါက ရဲအရာရှိအဖြစ်က ထုတ်ပယ်မည်ဟုဖြည့်စွက်

စစ်ကောင်စီက ရဲတပ်ဖွဲ့၀င်များ ရှေ့တန်းသို့လွှတ်၍ မဖြစ်နိုင်လောက်အောင်ပင် အချိန်ပြည့်မူးယစ်သောက် စားနေသည့်အတွက် ရဲစည်းကမ်းဥပေဒအချို့ကို ယမန်နေ့ ဖေဖော်ဝါရီ ၁၁ ရက်နေ့က ပြင်ဆင်ခဲ့ကြောင်း စစ်ကောင်စီက ကြေညာခဲ့သည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့ စည်းကမ်းထိန်းသိမ်းရေးဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေဟု ဖော်ပြထားပြီး ပုဒ်မ ၂၁ ကို (က) (ခ) အပိုဒ်ခွဲ နှစ်ခုဖြင့် ထည့်သွင်းထားသည်။

သေရည်၊ သေရက်ကိုသောက်စားပြီး တာ၀န်မထမ်းဆောင်နိုင်လောက်အောင် မူးယစ် နေလျှင် ရဲအရာရှိအဖြစ်က ထုတ်ပယ်မည်ဖြစ်ကြောင်း နှင့် ဂုဏ်သိက္ခာထိခိုက်အောင် မူးယစ်နေလျှင် ရဲတပ်ဖွဲ့ ၀င်အဖြစ်မှ ထုတ်ပယ်မည်ဖြစ်ကြောင်း အဆိုပါရဲစည်းကမ်း ဥပဒေတွင် ထုတ်ပြန်ထားသည်။

သေရည်၊ သေရက်သောက်စားပြီး တာ၀န်မထမ်းနိုင်အောင် မူးယစ်နေသူသည် ရဲအရာရှိဖြစ်ပါက တပ်ဖွဲ့ ၀င်အဖြစ်မှ ထုတ်ပယ်ပြီး ကျန်ရာထူးရှိသူများဖြစ်ပါက ခြောက်လအထိ ထောင်ဒဏ်ဖြစ်စေ၊ လျော့ပေါ့ သောပြစ်ဒဏ်ဖြစ်စေ ထိုက်သင့်စေမည်ဟုဆိုသည်။

ထို့အပြင် မည်သည့်အချိန်တွင်မဆို သောက်စားမူး ယစ်ပြီး တပ်ဖွဲ့၏ဂုဏ်သိက္ခာကို ထိခိုက်လောက်အောင်ပြုမူသည်အထိ မူးယစ်နေလျှင် ရဲတပ်ဖွဲ့၀င် အဖြစ်မှ ထုတ်ပယ်သည်ဖြစ်စေ ထိုထက်လျော့သော ပြစ်ဒဏ်ဖြစ်စေ ထိုက်သင့်မည်ဟု ဖော်ပြထားသည်။

သေရည်၊ သေရက်ဆိုသည့်နေရာတွင်လည်း အရက်မှ စ၍ ဗျစ်ရည်၊ ကစော်ရည်၊ ထန်းရည်၊ ဓနိရည်၊ ခေါင် ရည်စသည့် မူးယစ်စေနိုင်သော အရည်များဟုဆိုလို သည်ဟု ဖော်ပြထားသည်။

ယခုကဲ့သို့ တရား၀င်ဥပဒေထည့်သွင်းခြင်းမပြုမီက ရှေ့တန်းနှင့် လုံခြုံရေးအရ အသက်အန္တရာယ်ရှိနိုင် သည့်နေရာများကို မထွက်လို၍ ရဲတပ်ဖွဲ့၀င်များသည် အချိန်ပြည့် မူးယစ်သောက်စားကာ တာ၀န်မထမ်းနိုင် သည့်အခြေအနေများ ဖြစ်ပေါ်ခြင်း ရှိခဲ့သည့်အတွက် ဆိုင်ရာစခန်းမှူးက စခန်းအတွင်း အရက်မသောက်ရ တွေ့လျှင် လက်သီးနှင့်ထိုးမည်ဟု စာကပ်ထားရသည့် ဖြစ်စဉ်များပင် ရှိကြောင်း သိရသည်။

“အခုဆိုရင် ညဘက်သောက်ထားပြီး မနက်ဘက် အနံ့ ထွက်လို့မရတဲ့ အနေအထားအထိ ဖြစ်သွားမယ်ထင်တယ်။ အရင်ကဆို ရှေ့တန်းမထွက်ချင်တာရော၊ အန္တရာယ်များတဲ့ နေရာကို ကင်းမစောင့်ချင်တာရောနဲ့ အကုန်စုပြီး မတ်တပ်ရပ်ခိုင်းလို့မရအောင် သောက်တဲ့ သူတွေရှိတယ်။ အဲဒီတော့ ခိုင်းမရဘဲ ထားခဲ့ရတာပေါ့။ အဲဒီအခြေ အနေတွေကြောင့် ဥပဒေပါပြင်ရတဲ့ အထိလုပ်လာတယ်လို့ ယူဆတယ်” ဟု ရဲတပ်ဖွဲ့နှင့်နီး စပ်သူကပြောသည်။

ထို့ကြောင့် အရက်သေစာသောက်စားပြီး ခိုင်းမရသည့်အခြေအနေများကို ကျော်ဖြတ် နိုင်ရန် ယခုကဲ့သို့ ဥပဒေတစ်ရပ်ပြင်ဆင်ရသည့်အထိပါ ဖြစ်လာကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူထံမှ သိရသည်။

အဆိုပါပြင်ဆင်သည့် ဥပေဒတွင် ပြည်ထဲရေး၀န်ကြီး အောက်ရှိ ၀န်ကြီးမှအစ ရဲအရာရှိများနှင့် ရဲ၀န်ထမ်း အသုံးအနှုန်းအခေါ်အဝေါ်များ၊ ကျင့်ထုံးရာဇသတ် ဥပဒေအခေါ်အဝေါ်များကို ပြင်ဆင်ပြောင်းလဲခြင်းများဖြည့်သွင်းထားကြောင်း သိရသည်။

ပုံစာ- ရဲတပ်ဖွဲ့၀င်များကို ရှေ့တန်းအတွက် စစ်သင် တန်းပေးနေသည့်ပုံ (ပုံဟောင်းဖြစ်ပါသည်)


Comments

Leave a Reply

Your email address will not be published. Required fields are marked *