တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ တိုင်းရင်းသားစိတ်ဓာတ်ပျောက်နေ၍ ပြည်သူ့စစ်မှုထမ်းဥပဒေ အသက်သွင်းဟု အကြမ်းဖက် ဇော်မင်းထွန်း ဆိုပြန်

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ တိုင်းရင်းသားစိတ်ဓာတ်ပျောက်နေ၍ ပြည်သူ့စစ်မှုထမ်းဥပဒေ အသက်သွင်းဟု အကြမ်းဖက် ဇော်မင်းထွန်း ဆိုပြန်

■ ပြည်သူတိုင်း စစ်မှုမထမ်းမနေရစနစ်ကို အစိုးရ အဆက်ဆက် ရေရှည်လုပ်ဆောင်သွားမည်

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄

အကြမ်းဖက်စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းသည့်အကြောင်းအရင်းများထဲတွင် တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့များတွင် တိုင်းရင်းသားစိတ်ဓာတ်ပျောက်နေ၍ နိုင်ငံတော်အတွက် စိုးရိမ်စရာ ကောင်းနေသည်ဟု အကြမ်းဖက် ဇော်မင်းထွန်းက ပြောဆိုလိုက်သည်။

စစ်ကောင်စီ၏ ဝါဒဖြန့် သတင်းစာများမှတစ်ဆင့် ပြည်သူ့စစ်မှုထမ်းဥပဒေအကြောင်း မိတ်ဆက်ပြောဆိုရာတွင် ၎င်းက အထက်ပါတိုင်း ပြောဆိုသွားခြင်းဖြစ်သည်။

“တချို့သော တချို့သော EAOs အဖွဲ့အစည်းထဲမှာရှိတဲ့ ကျနော်တို့က တိုင်းရင်းသားလို့ ပြောနေကြတ့သူတွေဟာ တိုင်းရင်းသားစိတ်ဓာတ်ပျော်ကနေပါပြီ။ သူတို့ရဲ့ ပြုမူပုံ၊ ပြောဆိုပုံ၊ လုပ်ဆောင်ပုံတွေကို ကြည့်ရင် တိုင်းရင်းသား စိတ်ဓာတ်ပျောက်နေကြောင်း တွေ့ရမှာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် သူတို့ရဲ့ နောက်ကွယ်မှာ ရှိတဲ့ ထောက်ပံ့ထားတဲ့အဖွဲ့အစည်းတွေ၊ သူတို့ရဲ့နောက်ကွယ်မှာရှိတဲ့ ထောက်ပံ့ပေးထားတဲ့ နိုင်ငံတွေရဲ့ အပေါ်မှာ မူတည်ပြီး တိုင်းရင်းသားစိတ်ဓာတ်ပျော်ကနေတာဖြစ်ပါတယ်။ မြန်မာနိုင်ငံကို ကိုယ်စားပြု စစ်ဆင်ရေး Proxy War လုပ်နေတဲ့သူ၊ သူတို့ခံပြီး Proxy War လုပ်ရင်းကနေ တိုင်းရင်းသား ပျောက်ကွယ်သွားတာဖြစ်ပါတယ်” ဟု အကြမ်းဖက် ဇော်မင်းထွန်းက ပြောဆိုသည်။

ထို့ပြင် ပြည်သူတိုင်း စစ်မှု မထမ်းမနေရ ဥပဒေကို အစိုးရအဆက်ဆက် ရေရှည်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အကြမ်းဖက် ဇော်မင်းထွန်းက ဆက်လက်ပြောဆိုသည်။

“ရေရှည်မျှော်မှန်းပြီး ဒီအစိုးရ တစ်ဆက်တည်းမဟုတ်ဘူး။ နောင်ဒီမိုကရေစီ အစိုးရ အဆက်ဆက် အတွက် ရေရှည် မျှော်မှန်းပြီး ကျနော်တို့ ဆောင်ရွက်ရခြင်းဖြစ်ပါတယ်” ဟု အကြမ်းဖက် ဇော်မင်းထွန်းက ပြောဆိုသည်။

အကြမ်းဖက် ဇော်မင်းထွန်း၏ အဆိုအရ လာမည့် ဧပြီလ သင်္ကြန်ပိတ်ရက်များအပြီးတွင် စစ်မှုမထမ်းမနေရ စနစ်ကို စတင်ကျင့်သုံးမည်ဖြစ်ကြောင်း သိရှိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *