သင်္ကြန်အပြီး စစ်မှုထမ်းရန် လူသစ်စစုမည်ဟု စစ်ကောင်စီ တရားဝင်ပြောပြီ
အပတ်စဉ် ၁ ခုကို လူ ၅၀၀၀ နှုန်း ခေါ်မည်ဖြစ်ပြီး ရှေ့တန်းလွှတ်ရန်လည်း ပါဝင်။
သင်္ကြန်ရုံးပိတ်ရက်များအပြီး ဧပြီလအတွင်းတွင် စစ်မှုထမ်းရန်အတွက် လူသစ်စုဆောင်းခြင်းကို စတင်လုပ်ဆောင်မည်ဟု စစ်ကောင်စီပြောခွင့်ရအရာရှိ ဗိုလ်ချုပ်ဇော်မင်းထွန်းကယနေ့တွင် ပြောဆိုလိုက်သည်။
အပတ်စဉ် ၁ ခုလျှင် လူဦးရေ ၅,၀၀၀ ခန့် ခေါ်ရန် လျာထားကြောင်းနှင့် အသေးစိတ်ညွှန်ကြားချက်များ ထပ်မံထုတ်ပြန်မည်ဟုလည်း BBC (မြန်မာပိုင်း) ကို ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
တပ်သားသစ်များကို ရှေ့တန်းလွှတ်ရန်လည်း ထည့်သွင်းစဉ်းစားထားကြောင်း ၎င်းက ဆိုပြီး ထိုသို့စဉ်းစားရာတွင် ၁ ဦးချင်းစီ၏ ကျွမ်းကျင်တတ်မြောက်မှုအပေါ် အခြေခံစဉ်းစားမည်ဟုလည်း ဆိုသည်။
လူသစ်စုဆောင်းခြင်းအတွက် စစ်တိုက်ရန်နေရာများအပြင် ကွန်ပျူတာပညာရှင်များ၊ စီးပွားရေးပညာရှင်များနှင့် သတင်းမီဒီယာသမားကဲ့သို့သော ကျွမ်းကျင်ပညာရှင်များလည်း လိုအပ်သည်ဟုလည်း စစ်တပ်ပြောခွင့်ရအရာရှိက ပြောသည်။
အာဏာရှင်ဟောင်း ဗိုလ်ချုပ်သန်းရွှေအမိန့်ဖြင့် ၂၀၁၀ ကတည်းက ပြဋ္ဌာန်းခဲ့သည့် အရွယ်ရောက်သူတိုင်း စစ်တပ်ထဲတွင် အချိန်အကြာဆုံး ၅ နှစ်အထိ ဝင်ရမည့် ပြည်သူ့စစ်မှုထမ်းဥပဒေကို စစ်ကောင်စီက ဖေဖော်ဝါရီ ၁၀ ရက်နေ့တွင် စတင်အသက်သွင်းခဲ့ခြင်းဖြစ်သည်။
ထိုဥပဒေအရ သာမန်အရပ်သားများထဲမှ ၁၈ နှစ်မှ ၃၅ နှစ်အတွင်း အမျိုးသားများနှင့် ၁၈ နှစ်မှ ၂၇ နှစ်အတွင်း အမျိုးသမီးများကို ၂ နှစ်အထိ စစ်မှုထမ်းရန် စစ်တပ်က ဆင့်ဆိုနိုင်သည်။
ဆရာဝန်၊ အင်ဂျင်နီယာ၊ စက်မှုလက်မှုပညာ တတ်မြောက်သူ သို့မဟုတ် အခြား အတတ်ပညာတစ်ရပ်ရပ်ဖြင့် အသက်မွေးဝမ်းကျောင်းနေသူများဖြစ်ပါက စစ်မှုထမ်းရမည့်
အသက်အပိုင်းအခြားကို အမျိုးသားဖြစ်ပါက အသက် ၁၈ မှ ၄၅ နှစ်၊ အမျိုးသမီးဖြစ်ပါက အသက် ၁၈ နှစ်မှ ၃၅ နှစ်ဟု သတ်မှတ်ထားသည်။
အရေးပေါ်အခြေအနေဟု သတ်မှတ်ပါက စစ်မှုထမ်းကာလကို ၅ နှစ်အထိ သက်တမ်းတိုးနိုင်သည်။
စစ်မှုထမ်းခြင်းကို ငြင်းဆိုပါက ထောင်ဒဏ် ၅ နှစ်အထိ ချနိုင်ကြောင်းလည်း ထိုဥပဒေတွင် ပြဋ္ဌာန်းထားသည်။
Leave a Reply