ဆင်ဘိုမြို့ အနီးရှိ ခလရ(၁၄၁) တပ်ရင်းကို ယနေ့မနက်တွင် KIA/KPDF ပြန်လည်ထိုးစစ်ဆင်

ဆင်ဘိုမြို့ အနီးရှိ ခလရ(၁၄၁) တပ်ရင်းကို ယနေ့မနက်တွင် KIA/KPDF ပြန်လည်ထိုးစစ်ဆင်

▪︎KIA သတိပေးချက်ကြောင့် တပ်စခန်းစွန့်သွားသည့်
မြို့လှဒေသကို တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်ထား

ထားမြတ်/People’s Spring

ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် ဆင်ဘိုမြို့အနီးရှိ စစ်ကောင်စီတပ်ရင်း ခလရ(၁၄၁)ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က ယနေ့မနက်တွင် ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိဟု စစ်ရေးသတင်းရင်းမြစ်က ပြောပြသည်။

ဖေဖော်ဝါရီ ၂၄ရက် မနက် ၇နာရီမှစတင်ပြီး ခလရ(၁၄၁) တပ်ရင်းကို KIA၊ KPDF ပူးပေါင်းတပ်က ပြန်လည်တိုက်ခိုက်နေကြောင်း ၎င်းက အသိပေးသည်။

KIA ပူးပေါင်းတပ်သည် ဆင်ဘိုမြို့ ကို ဖေဖော်ဝါရီ ဒုတိယ ပတ်တွင် တိုက်ခိုက်ခဲ့ရာ မြို့ကို သိမ်းပိုက်ထားနိုင်ခဲ့သည်။ ထို့ပြင် မြို့နှင့်မိုင်အနည်းငယ်အကွာရှိ ခလရ(၁၄၁) စစ်ကောင်စီတပ်ရင်းကို တိုက်ခိုက်ခဲ့သော်လည်း တစ်ရက်အကြာ တွင် ထိုးစစ်ဆင်မှုကို ရပ်ကာ ယနေ့ မနက်တွင် ပြန်
လည် ထိုးစစ်ဆင်ခြင်းဖြစ်သည်။

ထိုစဉ်ကတည်းက ဆင်ဘိုမြို့ကို KIAက သိမ်းပိုက်ထိန်းချုပ်ထားခြင်းဖြစ်သည်။မြစ်ကြီးနားမြို့နယ်အတွင်းရှိ ဆင်ဘိုမြို့သည် ၂၀၀၂ ခုနှစ်တွင်မှ ရွာအဖြစ်မှ မြို့အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၄ သန်း​ခေါင်စာရင်းအရ လူဦး​ရေ တစ်​သောင်း​ကျော်​နေထိုင်သည်။

ယ​နေ့ နံနက်တွင် စစ်​ကောင်စီတပ်၏ တံတားဦး ၊​နေပြည်​တော် ​လေတပ်၊ မိတ္ထီလာ ရှမ်းတဲ​လေတပ်စခန်းများမှ တိုက်​လေယာဥ်များ အလုပ်များ​နေ ပျံသန်းမှုများ​နေ​ကြောင်း ​စစ်​ကောင်စီ၏လေ​ကြောင်းပျံသန်းမှုသတင်းများကို ​သတိ​ပေး​ဖော်ပြ​နေ​သော Enemy Air Route Channel
(EAR ) မှသိရသည်။ ​နေပြည်​တော်​လေတပ်မှ တိုက်​လေယာဥ်အချို့ အ​နောက်​တောင်ဘက်သို့ ပျံသန်းသလို ၊ရှမ်းတဲ​လေတပ်မှ ​​သယ်ယူပို့​ဆောင်​ရေးရဟတ်ယာဥ်အချို့ အ​နောက်​တောင်သို့ပျံသန်းသည်။ တံတားဦးမှ တိုက်​လေယာဥ်အချို့ အ​နောက်ဘက်နှင့် အ​နောက်​မြောက်ဘက်သို့ ပျံသန်းခဲ့သည်။ယ​နေ့နံနက် ၁၀ နာရီ ၄၄ မိနစ်တွင် ဂျက်ဖိုက်တာတစ်စင်း အ​နောက်​​မြောက်ဘက်သို့ ပျံသန်းပြီး ၊ထို​လေယာဥ်မှာ ​နောက် ၅ မိနစ်အကြာတွင် စစ်ကိုင်းကိုဖြတ်သန်း၍ ​မြောက်ဘက်သို့ဦးတည်​နေ၍ ကချင်ပြည်နယ်သို့ ပျံသန်းခြင်းဖြစ်နိုင်ဖွယ်ရှိသည်။

KIA အနေဖြင့် ပြီးခဲ့သည့် ရက်ပိုင်းကလည်း မံစီမြို့နယ် စီခမ်းကြီး စစ်ကောင်စီစခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ လက်နက်မျိုးစုံ အလက် ၅၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ သိမ်းရခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြား သေဆုံးထိခိုက်ခဲ့သည်။

စစ်ကောင်စီအနေဖြင့် လေကြောင်း ပစ်ကူများစွာပေး တိုက်ခိုက်နေသည့်ကြားမှ စီခမ်းကြီးကို ဆုံးရှုံးခဲ့ရခြင်းဖြစ်သည်။

ထို့အပြင် ရွှေကူမြို့နယ် မြို့လှ ဒေသအခြေစိုက် စစ်ကောင်စီ ဗျူဟာစခန်းသည်လည်း KIA ၏ သတိ​ပေးစာ​ပေးပို့ပြီး သုံးရက်အကြာ ဖေဖော်ဝါရီ ၂၂ရက်တွင်စခန်းကို စွန့်ခွာရုတ်သိမ်းသွားခဲ့သည်။ တပ်မ (၈၈) လက်အောက်ခံ ခမရ(၃၈၇) ဗျူဟာမှူး နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ပြည်သူ့ဘက်သို့ အလင်းဝင်ရန် KIAက ဖေဖော်ဝါရီ ၁၉ရက်တွင် သတိပေးစာ ပို့ခဲ့ပြီးနောက် ၃ရက်အကြာတွင် စစ်ကောင်စီတပ်က စခန်းစွန့်သွားခြင်းဖြစ်သည်။

ထို့ကြောင့် မြို့လှဒေသကို လက်ရှိတွင် KIAက ထိန်းချုပ်ထားနိုင်သည့် အခြေအနေဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။KIA သတင်းရင်းမြစ်တစ်ဦးကလည်း မြို့လှ ဒေသကို သိမ်းလိုက်ပြီဖြစ်ကြောင်း ပြောပြသည်။

မြို့လှမြို့ သည် ​ရွှေကူမြို့နယ်အတွင်းတည်ရှိပြီး မြို့နယ်ခွဲ ဖြစ်ကာ ၊ ၂၀၁၄ သန်း​ခေါင်စာရင်းအရ လူဦး​ရေ ၄၀၀၀ ​ကျော်ရှိသည်။

(ခလရ ၁၄၁ ​မြေပုံနှင့် မံစီမြို့နယ်/စီခမ်းကြီး စစ်ကောင်စီတပ်စခန်းကို KIAဦး​ဆောင်​​သော​တော်လှန်​ရေးတပ်ဖွဲ့များက သိမ်းပိုက်ပြီး​နောက် သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများ/မြို့လှမြို့ကိုအ​ပေါ်စီးမှ​တွေ့ရမှု ။ဓါတ်ပုံ-CJ ၊မြို့လှPDF )


Comments

Leave a Reply

Your email address will not be published. Required fields are marked *