ကောလင်းမြို့အနီးမှ စစ်စခန်းကို တော်လှန်ရေးအင်အားစု ထိုးစစ်ဆင်

စစ်ကောင်စီတပ် ပြန်ရသွားသော ကောလင်းမြို့၏ အရှေ့ဘက် သစ်ဖုလတောင်စခန်း တိုက်ခိုက်ခံနေရ​ပြီး တိုက်ပွဲကြောင့် ရွှေဘို-မြစ်ကြီးနားလမ်းတွင် မော်တော်ယာဉ် ရာနှင့်ချီ ပိတ်မိနေသည်။

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်အနီးရှိ သစ်ဖုလတောင်စစ်စခန်းကို တော်လှန်ရေးတပ်များက ဖေဖော်ဝါရီ ၂၃ ရက်နေ့မှ စတင်တိုက်ခိုက်နေရာ တိုက်ပွဲများ ပြင်းထန်လျက်ရှိသည်။

ရွှေဘို-မြစ်ကြီးနားလမ်းဘေးမှ ထိုစခန်းသည် ဖေဖော်ဝါရီ ၁၀ တွင် တော်လှန်ရေးမဟာမိတ်တပ်များ၏လက်ထဲမှ စစ်တပ်ကပြန်သိမ်းခဲ့သည့် ကောလင်းမြို့၏ အရှေ့ဘက် ၁၃ မိုင်အကွာတွင် တည်ရှိသည်။

မဟာမိတ်များက ၃ လကြာ ထိန်းချုပ်ခဲ့သည့် ကောလင်းမှ ဆုတ်ခွာသွားရာ စစ်တပ်က လူနေရပ်ကွက်များကို မီးတင်ရှို့ရာ မြို့၏ ၈၀ရာခိုင်နှုန်းခန့်မှာ ပျက်စီးသွားကြောင်း ဒေသခံများက ပြောသည်။

စစ်ကောင်စီကမူ ကောလင်းမြို့တွင်း မီးရှို့ခြင်း၊ လုယက်ခြင်းများကို ကျူးလွန်ခြင်းမရှိကြောင်း ဖေဖော်ဝါရီ ၁၃ ရက်စွဲဖြင့် သတင်းထုတ်ပြန်ဖူးသည်။

စစ်တပ်က ယမန်နေ့ ညနေပိုင်းက သစ်ဖုလတောင်စစ်စခန်းအနီးမှ ကျောက်တန်းကျေးရွာထဲသို့ တိုက်လေယာဉ် ၃ စီးဖြင့် ဗုံးကြဲတိုက်ခိုက်သလို လက်နက်ကြီးပစ်ခတ်မှုများလည်း ရှိသည်ဟု ကောလင်းမြို့နယ် ပကဖနှင့် နီးစပ်သည့် အမျိုးသားတစ်ဦးက ဆိုသည်။

“ညနေ ၄ နာရီလောက်ကနေ ည ၇နာရီထိ ပစ်တယ်၊ ဗုံးသီးတွေရော စက်သေနတ်တွေရာ ပစ်တာလို့ သိရတယ်… ဟောင်ဝစ်ဇာ ၁၀ ချက်ထိ ပစ်တယ်..နေအိမ်ခြောက်လုံးကတော့ ပြာကျသွားတယ်” ဟု သူက ဆိုသည်။

ကျောက်တန်းရွာကပ်လျက်ရှိ သစ်ဖုလတောင်တွင် စစ်ကောင်စီက လွန်ခဲ့သည့် ၂ နှစ်ကျော်က စပြီး အထိုင်စခန်းဆောက်လုပ်ကာ အင်အားအများအပြား တပ်စွဲထားခြင်း ဖြစ်ကြောင်း သိရသည်။

တိုက်ပွဲငါးရက်အတွင်း လေကြောင်းတိုက်ခိုက်မှု ၇ ကြိမ် ရှိခဲ့ပြီး ဝန်းသိုမြို့နှင့် ကန့်ဘလူမြို့နယ် ကို့တောင်ဘို့ အထိုင်စခန်းများမှလည်း စစ်ကူများ ထွက်လာနေကြောင်း ကောလင်းခရိုင်ပကဖအဖွဲ့က ထုတ်ပြန်ထားသည်။

သစ်ဖုလတောင်တွင် တိုက်ပွဲဖြစ်ပွားနေသဖြင့် ရွှေဘို-မြစ်ကြီးနားလမ်းတွင် မော်တော်ယာဉ် ရာနှင့်ချီ ပိတ်မိနေကြောင်း ထီးချိုင့်မြို့နယ်မှ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

“တိုက်ပွဲတွေ တော်တော်ဖြစ်နေတယ်၊ ခရီးသည်တင်ကားတွေနဲ့ ကုန်ကားတွေ တော်တော်လေးကို ပိတ်မိနေတယ်၊ တော်တော်ကို များတယ်၊ အင်းတော်ဘက်ထိ အတန်းလိုက်ကြီးဖြစ်နေတာ၊ လေးရက်လောက်တောင် ရှိပြီ” ဟု သူက ဆိုသည်။

စစ်ကောင်စီက ကောလင်းမြို့ကို ထိန်းချုပ်ထားသော်လည်း အနီးပတ်ဝန်းကျင်ရှိ ပင်လည်ဘူးမြို့၊ ရွှေဘို- မြစ်ကြီးနားလမ်းပေါ်ရှိ စစ်ကောင်စီ အထိုင်စခန်းကို ကောလင်းခရိုင် PDFတပ်ရင်းများက အပြင်းအထန်တိုက်ခိုက်နေဆဲဖြစ်သည်။

တိုက်ပွဲသတင်း

23.2.2024 ရက်နေ့နံနက် 5:00 မှ စတင်ပြီး
ကောလင်းမြို့၊ခံသာတိုက်နယ်၊ သမန်သာကျေးရွာအနီး
ရှိ စကစတပ်များ (2) နစ်ကျော်တပ်စွဲထားသောသစ်ဖုလှ
ဘုရားကုန်းအား ကောလင်းခရိုင်အမှတ်(1) တပ်ရင်း၊
ကောလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပကဖတို့မှ
(5) ရက်တိုင်တိုင် တိုက်ခိုက်ခြေမှုန်းလျှက်ရှိကြောင်း
ကောလင်းခရိုင်အမှတ်(1) တပ်ရင်းမှထုတ်ပြန်ထားပါ
တယ်။

၎င်းတိုက်ပွဲ (5) ရက်အတွင်း စကစမှ သစ်ဖုလှဝန်းကျင်သို့
လေကြောင်းတိုက်ခိုက်မှု (7) ကြိမ်နှင့် ဝန်းသိုခမရ 120/111
မှ ထွက်လာသော စကစစစ်ကြောင်းမှာ ဝန်းသိုအရှေ့ဘက်
ကျောက်တိုင်ရွာ၌အထိုင်ချကာ​ရှော့တိုက်ဒုံးများဖြင့်ပစ်ခတ်
ပြီး ဝန်းသိုခမရ 120/111 အထိုင်မှလည်းဟောင်ဝှစ်ဇာ (10)
ကြိမ်တိတိပစ်ခတ်ခဲ့မှူများကြောင့် ကျောက်တန်းကျေးရွာရှိ
ပြည်သူနေအိမ် (4) လုံးတိတိမီးလောင်ကျွမ်းခဲ့ကြောင်းသိရ
ပါတယ်။

လက်ရှိကောလင်းမြို့နယ်သစ်ဖုလှတိုက်ပွဲကြောင့်
ရွှေဘိုမြစ်ကြီးနားလမ်းပိုင်းမှာခတ္တပိတ်ဆို့လျှက်ရှိနေ
ကြောင်း သတင်းရရှိထားပါတယ်။

KR-Teams


Comments

Leave a Reply

Your email address will not be published. Required fields are marked *