မင်းပြားရှိ စစ်ကောင်စီ၏ အမှတ် ၉ တိုင်းဗဟိုလေ့ကျင့်ရေးသင်တန်းကျောင်း ၏ အစိတ်အပိုင်းများကို AA က စတင်သိမ်းပိုက်နေ

ရမ်းဗြဲတွင် စစ်ကူလာချပေးသည့် အင်အား ၁၂၀ ခန့်ပါစစ်ကြောင်းမှ စစ် သား ၂၀ ဦးထပ်မံသေဆုံးပြီး ၃ ရက်အတွင်း စစ်သား ၈၀ ဦးသေပြီးပြီ

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်ရှိ အမှတ် ၉ တိုင်းဗဟိုလေ့ကျင့်ရေးသင်တန်းကျောင်း၏ အစိတ်အပိုင်းများကို AA က စတင်သိမ်းပိုက်နေပြီး အပြီးသတ် ရရှိရေး ဆက်လက် ထိုးစစ်ဆင်နေကြောင်း ရခိုင်တပ်တော် AA က သတင်းထုတ်ပြန်သည်။

ရက္ခိုင့်တပ်တော် ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည့် မင်းပြားမြို့၊ ကမ်းနီရွာ အနီးရှိ စစ်ကောင်စီ၏ “အမှတ် ၉ တိုင်းဗဟိုလေ့ကျင့်ရေးသင်တန်းကျောင်း” ကို ဖေဖော်ဝါရီလ ၂၆ ရက်နေ့ ကိုးရက်မြောက်နေ့တွင် ကျောင်း၏ အစိတ်အပိုင်းများစွာကို သိမ်းပိုက်ရယူ ထားရှိပြီးဖြစ်ကြောင်း၊ စစ်တပ်ကလည်း လေကြောင်းပစ်ကူများ၊ လက်နက်ကြီးပစ်ကူများဖြင့် ကြိမ်ဖန်များစွာ မရပ်မနားခုခံ တိုက်ခိုက်နေကြောင်း၊ လေ့ကျင့်ရေးသင်တန်းကျောင်းတစ်ခုလုံးကို အပြီးသတ် သိမ်းပိုက်ရယူရေးဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်း သိရှိရသည်။

ထို့ပြင် ဖေဖော်ဝါရီလ ၂၄ ရက်နေ့ ရမ်းဗြဲမြို့သို့ စစ်ကူအဖြစ်ပေးပိုခဲ့သော စစ်ကောင်စီ၏ အနောက်တောင်တိုင်း စစ်ဌာန ချုပ်လက်အောက်ခံ၊ ဧရာဝတီတိုင်း၊ ကျုံပျော်မြို့အခြေစိုက် ခလရ ၃၆ တပ်ရင်း နှင့် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ အမ်းမြိုအခြေစိုက် ခမရ ၃၇၃ တပ်ရင်းတို့၏ ပူးပေါင်းစစ်ကူစစ်ကြောင်းကို ယမန်နေ့ တွင်လည်း AA က ဆက်လက်ချေမှုန်းတိုက်ခိုက်လျက်ရှိရာ ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် စစ်သား ၂၀ ကျော် ထပ်မံသေဆုံးကြောင်း သိရှိရသည်။

အဆိုပါစစ်ကူစစ်ကြောင်းကို တိုက်ခိုက်ရာတွင် ဖေဖော်ဝါရီ ၂၄ ရက်နေ့နှင့် ၂၅ ရက်နေ့ နှစ်ရက်အတွင်း စစ်သား ၆၀ ကျော်ကိုလည်းကောင်း၊ ဖေဖော်ဝါရီ ၂၆ ရက်နေ့တွင် အင်အား ၂၀ ကျော်ကိုလည်းကောင်း AA က ချေမှုန်းထားပြီးဖြစ်ကြောင်း၊ ထိုကြောင့် ၃ ရက်အတွင်း စစ်ကူ စစ်ကြောင်းမှ စစ်သား အင်အား ၈၀ ကျော်ကို သုတ်သင်ရှင်းလင်းခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။

ယင်းစစ်ကူစစ်ကြောင်းမှ ကစဉ့်ကလျားထွက်ပြေးလွတ်မြောက်နေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို လည်း ဆက်လက်ချေမှုန်းလျက်ကြောင်း ၊ ထို့အတူ စစ်ကောင်စီက လေကြောင်း (Y-12) မှ တစ်ဆင့် ရိက္ခာ၊ လက်နက်ခဲယမ်းများကို ဖေဖော်ဝါရီလ ၂၆ ရက်နေ့ နေ့လယ်ပိုင်းတွင် ရမ်းဗြဲမြို့အတွင်းရှိ စစ်ကောင်စီတပ်ဖွဲဝင်များထံလာရောက်ချပေးခဲ့ကြောင်း၊ သို့ရာတွင် အဆိုပါပစ္စည်းများ ကို AA က သိမ်းဆည်းရမိကြောင်း သိရှိရသည်။

ထို့ပြင် လက်နက်ချအညံ့မခံသေးသောစခန်းများထဲမှ တစ်ခုဖြစ်သည့် ပုဏ္ဏားကျွန်းမြို့မှ “ခမရ ၅၅၀ တပ်ရင်းဌာနချုပ်” ကိုလည်း ရက္ခိုင့်တပ်တော်မှ ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည့်နည်းတူ တပ်မ ၂၂ လက် အောက်ခံ၊ ခမရ ၂၀၁ တပ်ရင်းမှ စခန်းထိုင်သော မောင်တောမြို့မြောက်ဘက်ရှိ ကြိမ်ချောင်း၊ တောကျောင်းစခန်းကိုလည်း ရက္ခိုင့်တပ်တော်က ဒုတိယနေ့အဖြစ် ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်း ၊ဘူးသီးတောင်မြို့နယ်၊ သရဖီကျေးရွာအနီးရှိ စစ်ကောင်စီ၏ “ခမရ ၅၅၂ တပ်ရင်း” ကိုလည်း AA က တတိယနေ့အဖြစ် ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်း သိရှိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *