ရခိုင်တွင် စစ်ရေးအရ အကြီးအကျယ် ရှုံးနိမ့်မှု အပေါ် တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦး နှင့် စစ်တွေဒကစမှူး ဗိုလ်မှူးချုပ် မျိုးမင်းလတ်တို့ ရန်ဖြစ် စကားများရာမှ ထိုးကြိတ်မှုဖြစ်

တိုင်းမှူး သွားကျိုးပြီး ဒကစမှူး နှာခေါင်းရိုးကျိုး

ရခိုင်ပြည်နယ်တွင် စစ်ရေးအရ အကြီးအကျယ်ရှုံးနိမ့်နေမှုနှင့်ပတ်သက်ပြီး တိုင်းမှူး ဗိုလ်မှူးချုပ် ထင်လတ်ဦးနှင့် စစ်တွေဒကစမှူး ဗိုလ်မှူးချုပ် မျိုးမင်းလတ်တို့ ရန်ဖြစ်စကားများကြရာမှ ထိုးကြိတ်မှုဖြစ်ကြကြောင်း ရခိုင်ပြည် နယ်စစ်ကောင်စီရုံးထံမှ သိရှိရသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် စစ်ကောင်စီတပ်များ အကြီးအကျယ်ရှုံးနိမ့်နေမှု၊ ရခိုင်တောင်ပိုင်းအထိပါ စစ်မီးများ ကူးစက်လာမှုအပေါ် ရခိုင်တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦးက စစ်တွေဒကစမှူး ဗိုလ်မှူးချုပ် မျိုးမင်းလတ်အပေါ် ပြစ်တင် စကားဆိုရာမှ ရန်ဖြစ်ကြခြင်းဖြစ်ကြောင်း၊ ယင်းနောက် ကိုယ်ထိလက်ရောက် ထိုးကြိတ်ကြရာမှ ဗိုလ်ချုပ်ထင်လတ်ဦး သွားကျိုးပြီး ဗိုလ်မှူးချုပ် မျိုးမင်းလတ်မှာမူ နှာခေါင်းရိုးကျိုးသွားကြောင်း၊ ရန်ဖြစ်မှုကို စစ်ကောင်စီက စုံခုံဖွဲ့၍ အရေးယူမည်ဖြစ်ကြောင်း သိရှိရသည်။

“ဖြစ်တာကတော့ မင်းတို့ အလုပ်သင်တွေ စောက်သုံးမကျဘူးဆိုပြီး တိုင်းမှူးက စအော်ရာက စတယ်။ အဓိက တိုင်းမှူးက စစ်ဆင်ရေးတွေမှာ ရှုံးနိမ့်နေတာ ဒကစမှူးကြောင့်လို့ အပြစ်ပုံချတာ။ ဒကစမှူးကလည်း သိပ်မကြာသေးဘူး ပြောင်းလာတာ။ သူက အလုပ်သင် ၂၆ ကျောင်းဆင်း ၊ တိုင်းမှူးက DSA အပတ်စဉ် ၃၅ ဆင်း။ စစ်ဆင်ရေးတွေ ရှုံးနိမ့်တဲ့အပေါ်မှာ တိုင်းမှူးက ဒကစမှူးကို ဆဲတယ်၊ အပြစ်တင်တယ်။ ဒကစမှူးက လက်ရှိ တပ်မမှူးတွေအနေနဲ့ AA ကို ပြန်လည်ခုခံရာမှာ အဖမ်းခံရရင် အဖမ်းခံ၊ မခံရင် အသေခံတိုက်ရမယ့် အခြေအနေလို့ တင်ပြတယ်။ တိုင်းမှူးက မင်းတို့ အလုပ်သင်တွေ စောက်သုံးမကျဘူးဆိုပြီး အပြစ်တင်တယ်။ တိုင်းမှူးက ဒကစမှူးကို အပြစ်တင်တော့ ဒကစမှူးက ပြန်အော်တယ်။ ပြန်အော်တော့ တိုင်းမှူးက ဒကစမှူးကို ထိုးတယ်။ ဒကစမှူး နှာခေါင်းရိုးကျိုးတယ်။ ဒကစမှူးက ပြန်ထိုးတော့ တိုင်းမှူးက လည်ထွက်ပြီးတော့ လဲကျရာက ခုံနဲ့သွားရိုက်မိတာ သွားကျိုးတယ်” ဟု ရခိုင် ပြည်နယ် စစ်ကောင်စီရုံးသတင်းရင်းမြစ်က ဆိုသည်။

ဗိုလ်ချုပ်ထင်လတ်ဦးသည် စစ်တက္ကသိုလ် အပတ်စဉ် ၃၅ ကျောင်းဆင်းဖြစ်ပြီး စစ်တက္ကသိုလ် ကျောင်းအုပ်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေရာမှ ၂၀၂၀ ခုနှစ်၊ ဩဂုတ်လတွင် ရခိုင်ပြည်နယ်တိုင်းမှူး အဖြစ် ရောက်ရှိလာခြင်းဖြစ် ကြောင်း သိရှိရသည်။

ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(စစ်တွေ)၏ ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် မျိုးမင်းလတ်မှာ ၂၀၂၃ ခုနှစ် ဩဂုတ်လတွင် စစ်တွေသို့ ပြောင်းရွှေ့လာခြင်းဖြစ်ပြီး အလုပ်သင်ဗိုလ် အပတ်စဉ် ၂၆ ကျောင်းဆင်းဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- ရခိုင်တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦးနှင့် အကြမ်းဖက် မင်းအောင်လှိုင်တို့ကို အတူတွေ့ရစဉ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *