ဖားကန့်မြို့နယ်၊ ဆိုင်းတောင် ရဲစခန်းကို တော်လှန်ရေးတပ်ဖွဲ့များ တိုက်ခိုက်နေ

ဖားကန့်မြို့နယ်၊ ဆိုင်းတောင် ရဲစခန်းကို တော်လှန်ရေးတပ်ဖွဲ့များ တိုက်ခိုက်နေ၊ တာမခံရဲစခန်းသိမ်းပိုက်မှုတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၇ ဦးဖမ်းဆီးရရှိပြီး လက်နက်များသိမ်းဆည်းရရှိ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိုင်းတောင် ရဲစခန်းကို တော်လှန်ရေးတပ်ဖွဲ့များက ယမန်နေ့ညပိုင်းမှ စတင်တိုက်ခိုက်နေကြောင်းဒေသပြည်သူများကပြောဆိုသည်။

ဖေဖော်ဝါရီလ ၂၇ ရက်နေ့ ည ၁၀ နာရီ ၁၅ မိနစ်အချိန် ဖားကန့်မြို့နယ်၊ ဆိုင်းတောင် ရဲစခန်းကို တော်လှန်ရေးတပ်များက စတင်တိုက်ခိုက်နေခြင်းဖြစ်ကြောင်း ၊ အပြန်အလှန်ပစ်ခတ်သံများဖြင့် လက်နက်သံများ ဆူညံနေခဲ့ကြောင်း ဒေသပြည်သူတစ်ဦးက ရှင်းပြသည်။

“ဆိုင်းတောင်ရဲစခန်းကို ဝင်တိုက်တာလို့သိရတယ်။ မနေ့ည ၁၀ နာရီ ၁၅ မိနစ်မှာ ပစ်ခတ်သံတွေကြားရတာ။ အနီးအနားက ပြည်သူတွေကတော့ လတ်တလော တိမ်းရှောင်တာမရှိသေးဘူး။ လေယာဉ်တွေ ဗုံးကျဲလာရင်တော့ ပြေးရမယ်ထင်တယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အလားတူ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ နံနက် ၈ နာရီအချိန် ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ တာမခန် ရဲစခန်းကို KIA ၊ PDF ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ရဲစခန်းကို မီးရှို့ ရှင်းလင်းခဲ့ကြောင်း၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၇ ဦး စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရရှိပြီး လက်နက် ၁၆ လက် သိမ်းဆည်းရရှိကြောင်း သိရှိရသည်။

” ရဲစခန်းသိမ်းပိုက်မှုမှာ စစ်သုံ့ပန်း ၁၇ ဦးဖမ်းမိတယ်။ ရဲစခန်းထဲက လက်နက် ၁၆ လက်ရတယ်။ ရဲစခန်းကတော့ မီးရှို့လိုက်ပြီ” ဟု KIA ရှေ့တန်းသတင်းရင်းမြစ်က ရှင်းပြသည်။

ကချင်ပြည်၊ ဖားကန့်မြို့နယ်၊ တာမခံကျေးရွာရှိ အကြမ်းဖက် စစ်တပ်၏ ခမရ ၁၁၉ စခန်းကုန်းနှင့် ရဲစခန်းတို့ကို KIA ၊ PDF ပူးပေါင်းတပ်များက ဖေဖော်ဝါရီ လ ၂၆ ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်ခန့်မှ စတင်ကာ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက် စစ်တပ်ကလည်း လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှုများ ဆက်တိုက် ပြုလုပ်နေကြောင်း သိရှိရသည်။

ဓာတ်ပုံ- KIA နှင့် PDF တပ်ဖွဲ့ဝင်တချို့။ (ပုံအဟောင်းဖြစ်ပါသည်။)


Comments

Leave a Reply

Your email address will not be published. Required fields are marked *