ကျန်ရစ်သူရဲ့အလွမ်းစာ

အခုလာမဲ့ ၂၈ ရက်နေ့ဟာဆိုရင် ကျွန်တော်ရဲ့ တဦးတည်းသော အမွှာညီလေးဖြစ်တဲ့ ညီညီအောင်ထက်နိုင် တိုင်းပြည်အတွက် အာဏာရှင်စနစ်ကို ဆန့်ကျင်ရင်း နွေဦးတော်လှန်ရေးအတွက် အသက်ပေးသွားခဲ့တာ ၃နှစ်ပြည့်ခဲ့ပါပြီ။

အဲ့အချိန်တုန်းက ညီအကို နှစ်ယောက် အတူတူ လမ်းမ‌ထက်မှာ အာဏာရှင်စနစ်ကို ဆန့်ကျင်ဆန္ဒပြရင်း အိမ်အပြန်ခရီးမှာ ညီ‌လေးမပါဘဲ တယောက်ထဲပြန်ရမယ်လို့ ဘယ်ထင်မိခဲ့မှာလဲ။

အကိုတစ်ယောက်အနေနဲ့ ညီလေးကို ကိုယ့်အနီးနားလေးတင် ကြွေလွင့်သွားရတယ်ဆိုတဲ့ အရာကြီးက ကျွန်တော်အတွက် နာကျင်ရသမျှထဲမှာ အဆိုးဆုံးပါပဲ။

ညီလေးနဲ့သာ ပြန်ဆုံခွင့်ရခဲ့ရင် ပြောချင်တဲ့စကားတွေကိုမှ အများကြီးပါပဲ။

ညီလေးကို သတိရတယ်။ ကျွန်တော်တို့ ညီအကိုအချင်းချင်းပဲ နားလည်နိုင်တဲ့ ဆက်ဆံရေးတွေ၊ ဖြတ်သန်းခဲ့ရတဲ့ အခိုက်အတန့်အားလုံးကို သတိရတယ်။

ငါ ဘာတွေ ဖြတ်သန်းခဲ့ရတယ်၊ ဘယ်လိုတွေ ဖြတ်သန်းနေလဲဆိုတဲ့ အကြောင်းတွေ၊ ညီလေးရော ငါ့ကို ဘာပြောစရာတွေရှိလဲ၊ ဘာတွေ မှာချင်လဲ။ ပြောစရာတွေမှ အများကြီးပါပဲ။

အာဏာရှင် ဆန့်ကျင်ရေးမှာ ညီလေး ဆုံးရှုံးသွားရတာဟာ အကိုတယောက်အနေနဲ့ ညီလေးအတွက်ရော နှစ်ယောက်စာ တာဝန်ကိုထမ်းဖို့ ဖြစ်လာတယ်လိုပဲ ခံယူထားတယ်။ ခံယူထားသလို တာဝန်ကျေဖို့လည်း ကြိုးစားရဦးမယ်။

ကျွန်တော်တို့ညီအကို အခုအတူတူ မရှိနေနိုင်တော့ပေမဲ့ အကိုတစ်ယောက်အနေနဲ့ ညီလေးအတွက်၊ တော်လှန်ရေးရဲဘော်ရဲဘက်အနေနဲ့ တော်လှန်ရေးအတွက် ကျွန်တော် လုပ်ပေးနိုင်တာ လုပ်ပေးခွင့်ရတာတွေကို လုပ်ပေးချင်တယ်။

ဘာတွေပဲလုပ်လုပ် ညီလေးအတွက်ပဲဆိုပြီး အမြဲတွေးတယ်။ ဒါမှလည်း ခွန်းအားတွေ ပိုရတာကို။

ညီလေးအတွက် ဂုဏ်ယူရတဲ့ အကိုတစ်ယောက်ဖြစ်ချင်တယ်။ ညီလေးအတွက် တာဝန်ကျေဖို့အတွက်လည်း အကိုတယောက်အနေနဲ့အများကြီး ကြိုးစားရဦးမယ်။

ကျွန်တော်တို့ ညီအကိုကတော့ အရှုံးပေးမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ ညီအကိုရဲ့ စိတ်ဝိညာဉ်က ဘယ်နေရာ ရောက်ရောက် အတူတူရှိနေတာမလို့ ကျွန်တော်တို့ရဲ့မျှော်လင့်ချက်တွေက အဆုံးထိရှင်သန်နေမှာပါ။

အရေးတော်ပုံအောင်ရမည်။

ကိုကိုအောင်ထက်နိုင်


Comments

Leave a Reply

Your email address will not be published. Required fields are marked *