အကြွေးဆိုတာအဲလိုပြန်ယူရတယ်

မတ္တရာတွင် သံဃာတော် ၁ ပါး ၊ ဒေသခံ ၂ ဦးနှင့် လမ်းပြအဖြစ်ဖမ်းဆီးခံရသူ ၄ ဦးတို့ကို သတ်ဖြတ်ခဲ့သည့် စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲ တိုက်ခိုက်ခံရပြီး သေဆုံးမှုများပြား

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အတွင်းရှိ ကျေးရွာများသို့ စစ်ကြောင်းထိုးဝင်ရောက်ကာ သံဃာတော် တစ်ပါး၊ ဒေသခံ နှစ် ဦးနှင့် လမ်းပြအဖြစ် ခေါ်ဆောင်ဖမ်းဆီးခံရသူ လေးဦးတို့ကို သတ်ဖြတ်သွားသည့် စစ်ကောင်စီစစ်ကြောင်းကို မတ္တရာမြို့သို့ အပြန်လမ်းတွင် ကြားဖြတ်မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုများကြောင်း တော်လှန်ရေးတပ်ဖွဲ့များထံက သိရသည်။

မတ္တရာမြို့နယ်အတွင်းရှိ မြို့ဒင်ရွာ၊ သဲဖြူချောင်းရွာ၊ ရေနံသာရွာ၊ ကိုင်းကြီးရွာနှင့် မြစ်ကမ်းကျေးရွာများကို ယမန်နေ့ ဖေဖော်ဝါရီ ၂၇ ရက်နေ့က စစ်ကြောင်းထိုး ဝင်ရောက်ကာ ဒေသခံများကို သတ်ဖြတ်ခဲ့သည့် အဆိုပါစစ်ကြောင်းအပြန် ညနေ ၆ နာရီခန့်တွင် တော်လှန်ရေးတပ်ဖွဲ့က လမ်းတွင်စောင့်ဆိုင်း၍ မိုင်းခွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

“သူတို့ (စစ်ကောင်စီစစ်ကြောင်း) မတ္တရာမြို့ဘက်ကို အပြန် ညနေ ၆ နာရီကျော်မှာ လမ်းကနေစောင့်ပြီး မိုင်းခွဲတိုက်ခိုက်ခဲ့တာ။ မိုင်းသုံးလုံး ဆင့်ခွဲတာမို့ အသေအပျောက် တော့များမယ်။ ဒီမနက်သတင်းရတာ စစ်သား အယောက် ၃၀ လောက်သေတယ် ကြားတယ်။ ဒဏ်ရာတဲ့ကောင်တွေကို မတ္တရာမြို့ ဆေးရုံကိုပို့တာတွေရှိတယ်” ဟု မိုင်းခွဲတိုက်ခိုက်ခဲ့သည့် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

မိုင်းဆွဲတိုက်ခိုက်ခံရသည့် စစ်ကောင်စီစစ်ကြောင်းသည် ဒေသခံများကို ပစ်သတ်ခဲ့သည့် အပြင် ကျေးရွာများကိုမီးရှို့ခြင်း၊ ဒေသခံများ၏ ဆိုင်ကယ်များကို ခိုးယူသွားခြင်း၊ ကျေးရွာခြောက်ရွာသို့ လျှပ်စစ်မီးပေးထားသည့် ထရန်စဖော်မာကို မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်က ဆက်လက်ပြောကြားသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မတ္တရာမြို့နယ်မှနေ၍ ကျေးရွာများကို ဝင်ရောက် စစ်ကြောင်းထိုးကာ အိမ်မီးရှို့ သတ်ဖြတ်ခြင်းများ လုပ်ဆောင်နေကြောင်း သိရ သော်လည်း လက်နက်ခဲယမ်းပြည့်စုံမှု မရှိခြင်းကြောင့် လမ်းတွင်စောင့်ဆိုင်း၍ မိုင်း ထောင်ဖောက်ခွဲမှုသာ လုပ်ဆောင်နိုင်ခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့များက ဆိုသည်။

ပုံစာ-စစ်ကောင်စီစစ်ကြောင်းအား မိုင်းခွဲတိုက်ခိုက်ခြင်းမပြုမီ ကြိုတင်ပြင်ဆင်နေသည့် မိုင်းများ


Comments

Leave a Reply

Your email address will not be published. Required fields are marked *