တန့်ဆည်သို့ အင်အားလာဖြည့်သည့် စစ်ကြောင်း တိုက်ခိုက်ခံရ

တန့်ဆည်မြို့နယ်သို့ စစ်​ကောင်စီတပ်က အင်အားထပ်ဖြည့်ရန်လာ​သော ခြေလျင်စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခဲ့​ကြောင်း​ PDF အချို့က​ပြောသည်။

ဖေ​ဖော်ဝါရီ ၂၇ ရက် နံနက်က ကံထူးမရဲစခန်းသို့ ဦးတည်လာသည့် အင်အား ၈၀ခန့်ပါ စစ်ကာင်စီ ခြေလျင်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်နိုင်ခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။

“သကန့်ဘလူ ၆၀၀၆ကနေ လာတာ။ ဝါသဝလူတွေပါတယ်။ အဲ့စစ်ကြောင်းက ကျတော်တို့ မိုင်းကွင်းဘက်ကို ဝင်လာလို့ ထိထိမိမိပဲ ချနိုင်ခဲ့တယ်။ သေသူ ငါးဦးအနည်းဆုံးရှိပါတယ်” ဟု အထက်ပါ ရဲဘော်ကပြောသည်။

ဖေဖော်ဝါရီလ (၂၁) ရက်မှ (၂၄) ရက်အထိကံထူးမရဲစခန်းသိမ်းတိုက်ပွဲအပါအဝင် တန့်ဆည်မြို့နယ်အတွင်း စစ်ကောင်စီတပ်စွဲရာ​နေရာများကို​တော်လှန်​ရေးအဖွဲ့များက တိုက်ခိုက်ခဲ့ရာ စစ်​ကောင်စီတပ်ဖွဲ့ဝင်၃၀ကျော် သေဆုံးပြီး ကံထူးမရွာ ရဲစခန်းအား သိမ်းပိုက်နိုင်ခဲ့သလို လက်နက်ခဲယမ်းအများအပြားလည်း ရရှိခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ်(၁)စစ်ဒေသက ဖေဖော်ဝါရီလ ၂၇ရက်တွင်သတင်းထုတ်ပြန်သည်။

​ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ပြီးမီးရှို့ဖျက်ဆီးခဲ့သည့် ကံထူးမရဲစခန်းကို ရေဦးမြို့နယ်မှလာရောက်သည့် ဘီလူးစစ်ကြောင်းကိုခေါ်သော အင်အား ၈၀ခန့် စစ်ကြောင်းက ပြန်လည်နေရာယူခဲ့သည်။ ထို့နောက် ဖေဖော်ဝါရီလ ၂၇ရက်နံနက် ၁၁ နာရီခန့်တွင် အဆိုပါ စစ်ကြောင်းနှင့် ​နေရာလဲလှယ်ရန် ထွက်လာသည့် စစ်
ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကမိုင်းခွဲတိုက်ခိုက်ခဲ့ခြင်းဟု PDF အချို့က​ပြောသည်။

“ကန့်ဘလူကနေ တန့်ဆည်အထိ ရဟတ်ယာဉ်နဲ့လာတယ်။ တန့်ဆည်ကနေ ကံထူးမအထိ ၁၂ မိုင်ကို ခြေလျင်လာတာ
ဒီကောင်တွေ တစ်ရက်ကျော်ကြာပြီ မရောက်သေးတာ” ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။

ကံထူးမရဲစခန်းကို ဖေဖော်ဝါရီလ (၂၁) ရက်က​​တော်လှန်​ရေးအဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ၁၁ဦးသေဆုံးပြီး ၁၇ဦးဒဏ်ရာရကြောင်း သိရသည်။ရဲစခန်းမှ G-3 ငါး လက်၊ နာနတ်သီးဗုံး လေးလုံး၊ MA-15 ကျည် (၁၆၃၅) တောင့်၊ ကျည်အိမ် (၁၂) ခု၊ ငွေကျပ် (၃၈) သိန်း သိမ်းဆည်းရမိကြောင်း အမှတ်(၁)စစ်ဒေသက သတင်းထုတ်ပြန်ထားသည်။

Leave a Comment