မြစ်ကြီးနားတရားရုံးမှ ပြန်လာသည့် အချုပ်ကားတစ်စီးပစ်ခတ်ခံရပြီး ရဲတစ်ဦးသေဆုံး

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်တရားရုံးမှ ဝိုင်းမော်မြို့ဘက်သို့ ပြန်လာသည့် အချုပ်ကားတစ်စီးသည် ယမန်နေ့(ဖေဖော်ဝါရီ ၂၈ရက်)၊ ညနေ ၄နာရီခွဲခန့်တွင် နောင်တာလောကျေးရွာ၊ ရပ်ကွက် ၃အနီး ပစ်ခတ်ခံရပြီး ကားမောင်းသူ ရဲတစ်ဦး သေဆုံးသွားကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

“ဝိုင်းမော်က အမှုသည်တွေ မြစ်ကြီးနားခရိုင်ရုံးချိန်းကအပြန် အပစ်ခံရပြီး ဘက်ဟိုးနဲ့တူးထားတဲ့ လမ်းဘေးမြောင်းကြီးထဲ ထိုးကျတာ၊ ပစ်သွားတဲ့သူတွေကိုတော့ လိုက်ရှာနေကြတယ်၊ ယာဥ်ပေါ်မှာပါတဲ့ ရဲတစ်ဦးကတော့ ဒဏ်ရာရလို့ သေသွားတယ်” ဟု မျက်မြင်တွေရှိခဲ့သူကို ကိုးကား၍ ဝိုင်းမော်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

စစ်ကောင်စီ၏ ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်များတွင်မူ မြစ်ကြီးနားသို့ အချုပ်သားများပို့ဆောင်ပြီး ဝိုင်းမော်မြို့နယ်သို့ ပြန်လာသည့် အချုပ်ကားကို PDF အဖွဲ့က မိုင်းဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

“ဘာမှမပါတဲ့ အခွံလွတ်ကားကိုတော့ အသက်ရင်းပြီး ဘယ်သူမှ တိုက်ခိုက်မယ် မထင်မိဘူး။ အတွင်းသတင်းရလို့ သေချာတာနဲ့ ဝင်တိုက်တာမျိုးဘဲ၊ မြစ်ကြီးနားက ပြန်လာတော့ နေရာတိုင်းလိုလိုမှာ ရဲတွေကို တွေ့တယ်။ လူရှာနေတာပဲ ဖြစ်မယ်” ဟု မြစ်ကြီးနားမှ ပြန်လာသည့် ဝိုင်းမော်မြို့နယ်ဒေသခံ အမျိုးသမီးတစ်ဦးက သုံးသပ်သည်။

တိုက်ခိုက်ခံရမှုကြောင့် မြောင်းထဲသို့ ကျနေသည့် အချုပ်ကားကို ကရိန်းဖြင့် ထုတ်ယူခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၂၇ ရက်တွင် ဝိုင်းမော်မြို့နယ်၌ စစ်ကောင်စီလက်အောက်ခံ လော်ဝေါ်ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ မိတ်ဆုံစားပွဲပြုလုပ်နေစဥ် ပစ်ခက်ခံရသည့်အတွက် ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သေးသည်။

Photo – လူမှုကွန်ရက် (ပုံစာ – ပစ်ခတ်ခံရသည့် အချုပ်ကားအားတွေ့ရစဉ်)

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top