သံဃာမောင်းလာတဲ့ကားကဝင်တိုက်လို့ လူငယ် ၂ ဦး သေဆုံး

မန္တလေးတိုင်း၊ မိတ္ထီလာမြို့အထွက် မလှိုင်-မိတ္ထီလာကားလမ်းပေါ်မှာ သံဃာမောင်းလာတဲ့ ကားတစီးက ဝင်တိုက်ပြီး တက္ကသိုလ်ကျောင်းသား ၁ ဦး အပါအဝင်၂ ဦးသေဆုံးသွားတယ်လို့ ဒေသခံတွေ ဆီက သိရပါတယ်။

ဖေဖော်ဝါရီ ၂၈ ရက် မနက် ၁၁ နာရီခန့်မှာ မိတ္ထီလာဘက်ကနေ မလှိုင်ဘက်ကို “သီရိမင်္ဂလာကျောင်းတိုက်” စာတန်းကပ်ထားတဲ့ သာသနာယာဥ်နံပါတ်တပ်ကားက မိတ္ထီလာဘက်ကို မောင်းလာတဲ့ ဆိုင်ကယ်ကို ဝင်တိုက်မိခဲ့တာလို့ ဆိုပါတယ်။

“ဘုန်းကြီးကားက သူရှေ့က ယာဥ်ကိုကျော်တက်တာ ဖြစ်ပါလိမ့်မယ်။ အရှိန်မထိန်းနိုင်တော့ တဖက်ယာဥ်ကြောကို ရောက်လာပြီး ဆိုင်ကယ်ကိုဝင်တိုက်တာ။ ကောင်လေးကတော့ နေရာမှာပဲ သေသွားတယ်။ ကောင်မလေးက ဆေးရုံပို့ချိန်လမ်းမှာဆုံးတာ”လို့ ဒေသခံတဦးကပြောပါတယ်။

ယာဥ်တိုက်မှုကြောင့် ဆိုင်ကယ်မောင်းသူ မလှိုင်မြို့နေ အသက် ၂၀ အရွယ် အဝေးသင်တက္ကသိုလ် ကျောင်းသား မောင်ဟိန်းမင်းဖြိုးနဲ့ သစ်ရုံကြီးကျေးရွာနေ သူနာပြုသင်တန်းသူ မတင်နေခြည်ကျော်တို့ သေဆုံးခဲ့တာပါ။

ဆိုင်ကယ်ကိုဝင်တိုက်ခဲ့တဲ့ အသက် ၄၀ အရွယ် သံဃာကိုတော့ ရဲတွေကဖမ်းသွားပြီး အရေးယူဖို့လုပ်နေကာ အလောင်းတွေကိုတော့ မိတ္ထီလာဆေးရုံမှာ ပို့ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *