ကလေးတက္ကသိုလ်တိုက်ပွဲတွင် ကယ်ထုတ်ခဲ့သည့် ဝန်ထမ်းမိသားစုနှင့် ကျောင်းသူကျောင်းသားများကို နေရပ်သို့ ပြန်လည်ပို့ဆောင်

ကလေးတက္ကသိုလ်တိုက်ပွဲတွင် ကယ်ထုတ်ခဲ့သည့် ဝန်ထမ်းမိသားစုနှင့် ကျောင်းသူကျောင်းသားများကို နေရပ်သို့ ပြန်လည်ပို့ဆောင်

စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ ကလေးတက္ကသိုလ်အတွင်း တပ်စွဲထားသော စစ်ကောင်စီတပ်ကို ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၆ရက်နေ့တွင် ကလေးခရိုင်၊ တော်လှန်ရေးပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ တိုက်ပွဲအတွင်းပိတ်မိနေသည့် တက္ကသိုလ်ပါမောက္ခချုပ်အပါအဝင် ဝန်ထမ်းမိသားစုများနှင့် ကျောင်းသူကျောင်းသားများကို ဘေးလွတ်ရာသို့ကယ်ထုတ်ခဲ့ပြီး ယခုအခါ နေရပ်သို့ ပြန်လည်ပို့ဆောင် နေပြီဖြစ်ကြောင်း သိရသည်။

အဆိုပါတိုက်ပွဲအတွင်း နှစ်ဖက်အထိခိုက်ရှိခဲ့ကာ Non-CDM ဝန်ထမ်း ၇၀ခန့်နှင့် ကျောင်းသူကျောင်းသား ၄၀ခန့်ကို ဘေးလွတ်ရာသို့ကယ်ထုတ်ခဲ့ရပြီး ယခုအခါ ပထမတစ်သုတ်ကို နေရပ်သို့ ပို့ဆောင်ပေးခဲ့ပြီး ဖြစ်ကြောင်း ကလေးခရိုင်၊ တပ်ရင်း တာဝန်ရှိသူကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

“တက္ကသိုလ်ထဲမှာ စစ်ကောင်စီက ၁၂၀ မမ လက်နက်ကြီးတွေချထားပြီး အဲ့ဒီကနေ ချင်းပြည်ဖက်ကို ၂၀၂၂ လောက်ကတည်းက လက်နက်ကြီးတွေနဲ့ပစ်နေတာ။ ကျောင်းလို့ပြောပြီး တပ်အထိုင်ချထားတယ်။အဲ့ကနေ လက်နက်ကြီးနဲ့လှမ်းပစ်လို့ သေခဲ့ရတဲ့ အရပ်သားတွေ ချင်းပြည်မှာအများကြီး” ဟု ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

တက္ကသိုလ်မှ ကယ်ထုတ်ခဲ့ရသည့် ဝန်ထမ်းမိသားစုနှင့် ကျောင်းသူကျောင်းသားများကို လုံခြုံစွာထိန်းသိမ်းခဲ့ပြီး ယခုအခါ ပထမအသုတ်ကို နေရပ်ပို့ဆောင်ခဲ့ပြီးဖြစ်၍ နောက်အသုတ်များကိုလည်း လမ်းကြောင်းအခြေနေ ပေါ်မူတည်၍ ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။

“စကစဖက်ကနေ သတင်းတွေလျှောက်ဖြန့်နေတာ တွေ့ရတယ်။ကျွန်တော်တို့က တက္ကသိုလ်ထဲတပ်စွဲထားတဲ့ ရန်သူကိုသွားတိုက်တာ။ စကစက တက္ကသိုလ်ဆရာ/မတွေ၊ ကျောင်းသားတွေကို လူသားဒိုင်းကာပုံစံလုပ်ပြီး အသုံးချနေတာဖြစ်တယ်။ အပြန်အလှန်ပစ်ခတ်မှုနှုန်း မြင့်လာတာနဲ့အမျှ ဒီလူအုပ်ကြီးက ထိခိုက်မှုရှိလာနိူင်တယ်။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ တိုက်ပွဲကြားညှပ်နေတဲ့ ၀န်ထမ်း/ကျောင်းသားတွေကို ကူညီကယ်ထုတ်ရတာဖြစ်တယ်” ဟု တော်လှန်ရေးအဖွဲ့ တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

လက်ရှိတွင် ကလေးမြို့အတွင်း စစ်ရေးအရှိန်မြင့်တက်နေကာ မြို့တွင်းနေ ပြည်သူများအနေဖြင့် မြို့တွင်းမှ အမြန်ဆုံးရှောင်တိမ်းကြရန်လည်း ကလေးခရိုင်၊ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

ပုံစာ – ဝန်ထမ်းမိသားစုနှင့် ကျောင်းသူကျောင်းသားများကို နေရပ်ပြန်ပို့နေစဥ်


Comments

Leave a Reply

Your email address will not be published. Required fields are marked *