လက်ပံတန်းမှာ စစ်ကောင်စီသတင်းပေးဆိုသူ ပစ်သတ်ခံရ

လက်ပံတန်းမှာ စစ်ကောင်စီသတင်းပေးဆိုသူ ပစ်သတ်ခံရ

လက်ပံတန်း၊ မတ် ၁၊ ၂၀၂၄။

ပဲခူးတိုင်းအနောက်ခြမ်း လက်ပံတန်းမြို့နယ် အရှေ့ဘက်က စစ်ကောင်စီသတင်းပေးလို့ သတင်းထွက်နေသူ တဦးကို မတ် ၁ ရက် ဒီမနက် ၁၁ နာရီခွဲကျော်လောက်က သေနတ်နဲ့ ပစ်သတ်ခဲ့တယ်လို့ သာယာဝတီဂဠုန်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

သေဆုံးသူဟာ လက်ပံတန်းမြို့နယ်၊ ရေငံအုပ်စု၊ ထန်းပင်ချောင်ရွာက အသက် ၅၀ နှစ်အရွယ် ကိုဝင်းအောင်ဖြစ်ပြီး နန်းထိုက်‌အောင်စစ်ဆင်ရေးအဖြစ် သေနတ်နဲ့ ပစ်သတ်ခဲ့တယ်လို့ ပြောပါတယ်။

”သူရဲ့နေအိမ်မှာပဲ ပစ်သတ်ခဲ့တာပါ။ ပွဲချင်းပြီးသေသွားတယ်။ မိသားစုဝင်တွေရှိပေမယ့် ဘာမှ အန္တရာယ် မပြုခဲ့ပါဘူး” လို့ သာယာဝတီဂဠုန်တပ်ဖွဲ့က ကိုဥက္ကာက ပြောပါတယ်။

အဲဒီရွာအနီးမှာ စစ်ကောင်စီဂိတ်ရှိနေတဲ့အတွက် ပစ်ခတ်မှုအပြီးမှာ ခြောက်လှန်တဲ့အနေနဲ့ သေနတ်နဲ့ အချက် ၃၀ လောက် ပစ်ခတ်ခဲ့တယ်လို့ သူကဆက်ပြောပါတယ်။

ကိုဝင်းအောင် အသုံးပြုနေတဲ့ လက်ကိုင်ဖုန်း ၁ လုံးနဲ့ ဆိုင်ကယ်ကို သိမ်းဆည်းခဲ့ပြီး တိုက်ခိုက်ရေး ရဲဘော်တွေ အန္တရာယ်ကင်းခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ခိုက်မှုအပြီး ၁၅ မိနစ်လောက်အကြာမှာ စစ်ကောင်စီဂိတ်က စစ်သားတွေ ကိုဝင်းအောင်အိမ်ကို ရောက်ရှိလာတယ်လို့ ဆိုပါတယ်။

ကိုဝင်းအောင်ဟာ CDM ဝန်ထမ်းတွေကို ဖိအားပေးတာ၊ ရဲသတင်းပေးလုပ်တာ၊ PDF ရဲဘော်တွေကို စစ်ကောင်စီတပ်ကို ဖမ်းဆီးခိုင်းတာတွေ ပြုလုပ်ခဲ့တယ်လို့လည်း ကြေညာချက်က ဆိုပါတယ်။

ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီ ၁၈ ရက် ညနေကလည်း ပဲခူးတိုင်းအနောက်ခြမ်း ပေါင်းတည်မြို့နယ် ညောင်နီပင်ရွာက စစ်ကောင်စီသတင်းပေးလို့ သတင်းထွက်နေ အသက် ၅၀ နှစ်အရွယ် ကိုစိုးသိန်းကို ပေါင်းတည် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့က သေနတ်နဲ့ ပစ်သတ်ခဲ့ပါသေးတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *