ခမရ-၅၅၀ တပ်ရင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ စခန်းမှ စတင်ဆုတ်ခွာနေ

ပုဏ္ဏားကျွန်းမြို့နယ်တွင် နောက်ဆုံးကျန်ရှိနေသည့် ခမရ-၅၅၀ တပ်ရင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ စခန်းမှ စတင်ဆုတ်ခွာနေ

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် တစ်ခုတည်းသာကျန်ရှိတော့သည့် စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း ခမရ- ၅၅၀ တပ်ရင်းမှ တပ်ဖွဲ့ဝင်များ မတ်လ ၁ရက် နေ့တွင် စတင်၍ စခန်းမှ ဆုတ်ခွာနေကြောင်း သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၃ရက် နေ့ကတည်းက ရက္ခိုင့်တပ်တော် (AA) ၏ ဝင်ရောက်တိုက်ခိုက်ခြင်းခံနေရသည့် ပုဏ္ဏားကျွန်းမြို့နယ်မှ စစ်ကောင်စီ၏ ခမရ-၅၅၀ တပ်ရင်းမှ တပ်ဖွဲ့ဝင်များ စခန်းမှ ဆုတ်ခွာနေကြကြောင်း သိရသည်။

ရက္ခိုင့်တပ်တော် (AA) သည် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၂ ရက်နေ့က ပုဏ္ဏားကျွန်းမြို့ရှိ စစ်ကောင်စီ၏ ရဲစခန်းကို ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပြီးနောက် ဖေဖော်ဝါရီ ၂၃ရက်နေ့တွင် ခမရ ၅၅၀ကို ဆက်လက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း AA ၏ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ စစ်ကောင်စီ၏ ခမရ-၅၅၀ တပ်ရင်းတွင် ဘားအံအခြေစိုက် တပ်မ(၂၂) လက်အောက်ခံ ခမရ -၂၀၅ မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များလည်း အားဖြည့်ထားရှိ ထားကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပွားရာ ၅ ရက်ခန့်ကြာမြင့်လာပြီးနောက် ဖေဖော်ဝါရီ ၂၈ရက်တွင် စစ်ကောင်စီဘက်မှ လက်နက်ခဲယမ်းနှင့် လူအင်အားလျော့နည်းလာသည့်အတွက် စစ်ကောင်စီသည် စစ်တွေမြို့မှနေ၍ သံချပ်ကာကားများပါသည့် စစ်ကြောင်းကို ပုဏ္ဏားကျွန်းသို့ စစ်ကူပို့ခဲ့ကြောင်းသိရသည်။

“ပုဏ္ဏားကျွန်းကို သံချပ်ကာကား‌တွေနဲ့ စစ်ကူပို့တာ ရူးနေလို့ပဲ ဖြစ်မယ်။ မင်းချောင်း တံတားကြီးချိုးပြီး ဘာလုပ်တာလဲ။ တပ်ရင်းထဲက တပ်ဖွဲ့ဝင်တွေကတော့ နည်းနည်ချင်းစီ စဆုတ်နေပြီလို့ ကြားထားတယ်” ဟု တပ်တွင်းသတင်းရင်းမြစ်ကပြောသည်။

အဆိုပါ စစ်ကောင်စီစစ်ကြောင်းကို AA က ကြားဖြတ်တိုက်ခိုက်နိုင်ခဲ့ပြီး စစ်ကောင်စီ၏ သံချပ်ကာကား နှစ်စီးကိုလည်း ဖျက်ဆီးနိုင်ခဲ့ကြောင်း AA က ရုပ်သံမှတ်တမ်းများဖြင့် ထုတ်ပြန်ခဲ့သည်။

စစ်ကောင်စီသည် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၉ရက်နေ့က AA တပ်များ ပုဏ္ဏားကျွန်းမှတဆင့် စစ်တွေမြို့သို့ ဝင်ရောက်လာမည်ကိုစိုး၍ ပုဏ္ဏားကျွန်း- စစ်တွေ ဆက်သွယ်ထားသည့် မင်းချောင်းတံတားကို မိုင်းခွဲဖျက်ဆီးခဲ့ပြီးနောက် ပုဏ္ဏားကျွန်းသို့ စစ်ကူရန် ခက်ခဲခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *