စစ်ကောင်စီနှင့် မည်သည့် ဆွေးနွေးမှုမှ မရှိဟု AA ဒုစစ်ဦးစီးချုပ် ပြောဆို

ရခိုင်ပြည်နယ်တွင် အပစ်အခတ်ရပ်စဲရေးအတွက် စစ်ကောင်စီနှင့် မည်သည့် ဆွေးနွေးမှုမှ မရှိဟု AA ဒုစစ်ဦးစီးချုပ် ပြောဆို

ရခိုင်ပြည်နယ်တွင် အပစ်အခတ်ရပ်စဲရေးအတွက် စစ်ကောင်စီနှင့် မည်သည့် ဆွေးနွေးမှုမှ မရှိကြောင်း ရက္ခိုင်တပ်တော်AA ဒုတိယစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်က ပြောဆိုသည်။

ယနေ့ ကျင်းပသည့် AA ရက္ခိုင်တပ်တော်၏ သတင်းစာရှင်းလင်းပွဲတွင် ဒုတိယစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်က အထက်ပါအတိုင်းပြောဆိုသွားခြင်းဖြစ်သည်။

တရုတ်နိုင်ငံ၊ ကူမင်းမြို့တွင် ဟိုက်ဂင်သဘောတူညီချက် နောက်ဆက်တွဲအရ မြောက်ပိုင်းမဟာမိတ်ညီနောင် ၃ ဖွဲ့နှင့် စစ်ကောင်စီအကြား ဆွေးနွေးမှုများ ရှိနေကြောင်း၊ သို့ရာတွင် အဆိုပါ ဆွေးနွေးမှုများသည် ရှမ်းပြည်နယ်မြောက်ပိုင်းအတွက်သာဖြစ်ပြီး ရခိုင်ပြည်နယ်နှင့် မပတ်သက်ကြောင်း၊ ဟိုက်ဂင်သဘောတူညီချက်များသည် ပြင်ပသို့ ထုတ်မပြောရန် သဘောတူညီထားကြောင်း၊ သို့ရာတွင် သဘောတူညီချက်များသည် Open Secret ဖြစ်နေကြောင်း၊ ရခိုင်ပြည်နယ်၏ အပစ်အခတ်ရပ်စဲရေး မည်သည့်ဆွေးနွေးမှုမှ မရှိကြောင်း ဒုစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်က ပြောဆိုသည်။

လက်ရှိတွင် ဟိုက်ဂင်သဘောတူညီချက်အရ ရှမ်းမြောက်ဒေသတစ်ခုတည်းတွင်ပင် အပစ်အခတ်ရပ်စဲရေး ခိုင်မာရေး၊ တရုတ်-မြန်မာနယ် ကုန်သွယ်ရေး၊ ကျားဖြန့် လုပ်ငန်းများ နှိမ်နင်းရေး၊ နယ်စပ်ဒေသ ထွက်ပေါက်များ တည်ငြိမ်ရေး ကိစ္စများ ဆွေးနွေးမှုရှိကြောင်း၊ သို့ရာတွင် ကုန်သွယ်ရေးနှင့်ပတ်သက်၍ စစ်ကောင်စီနှင့် မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့အကြား ရာခိုင်နှုန်းအရ ခွဲဝေမည်ဆိုသော သတင်းများက မဟုတ်မှန်ကြောင်း AA ဒုတိယစစ်ဦးစီးချုပ်က ရှင်းလင်းပြောဆိုသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *