ထားဝယ်က သမိုင်းဝင်ရှင်ဓာတ်ဝဲဘုရားဝင်းထဲကို စစ်ကောင်စီကလက်နက်ကြီးကျရောက်ပေါက်ကွဲ

ကျောင်းဆောင်ပျက်စီးပြီး အရပ်သားနှစ်ဦးဒဏ်ရာရ

ဘုရားဖူးခရီးသွားဧည့်တွေ အများအပြားလာလေ့ရှိတဲ့ ထားဝယ်က ရှင်ကိုးရှင်သမိုင်းဝင် ရှင်ဓာတ်ဝဲဘုရားဝင်းထဲကို စစ်ကောင်စီတပ်ကလက် နက်ကြီးကျည် ကျရောက်ပေါက်ကွဲလို့ ကျောင်းဆောင်တွေပျက်စီးပြီး ရွာခံနှစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

ဒီနေ့ မွန်းလွဲ ၁ နာရီခွဲလောက်မှာ ဇဟာရွာမှာရှိတဲ့စစ်ကောင်စီအမြောက်တပ်ကနေ မောင်မယ်ရှောင်ရွာမှာရှိတဲ့ ရှင်ဓာတ်ဝဲဘုရားတဝိုက်ကို လက်နက်ကြီးတွေနဲ့ ခြောက်ချက်ခန့် ပစ်ခတ်ခဲ့ရာ ရှင်ဓာတ်ဝဲဘုရားဝင်းထဲကို ကျည်တစ်လုံးကျရောက်ပေါက်ကွဲခဲ့ပြီး နောက်ထပ်တစ်လုံးကတော့ ဘုရားအနီးကသာသနာသီရိကျောင်းတိုက်ထဲကို ကျရောက်ပေါက်ကွဲခဲ့ပါတယ်။

ကျောင်းဆောင်နှစ်ခုက ခေါင်မိုးနဲ့နံရံတွေထိခိုက်ပျက်စီးခဲ့သလို ဘုရာဝင်းထဲမှာစာရေးလုပ်ကိုင်နေတဲ့ အသက်လတ်ပိုင်းအရွယ် အမျိုးသမီးနဲ့ အမျိုးသားတစ်ဦးတို့လည်း လက်နက်ကြီးကျည်စ ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပြပါတယ်။

“နှစ်ယောက်လုံးဒဏ်ရာပြင်းတယ်လို့ ကြားတယ်။ မိန်းကလေးက ပေါင်မှာထိတာပါ။ နောက်တစ်ယောက်ကတော့ လည်ပင်းမှာထိသွားတာ” လို့ မောင်မယ်ရှောင်ဒေသခံတစ်ဦးကပြောပါတယ်။

ဒဏ်ရာရရှိသူနှစ်ဦးကိုတော့ ထားဝယ်ဆေးရုံကိုပို့ဆောင်လိုက်ပြီလို့ ဒေသခံတွေကဆီက သိရပါတယ်။

ဇဟာရွာရှိ စစ်ကောင်စီအမြောက်တပ်ဟာ မောင်မယ်ရှောင်ရွာတဝိုက်ကို လက်နက်ကြီးတွေနဲ့ ဒီနေ့မနက်ပိုင်းကတည်းက ပစ်ခတ်နေတာဖြစ်ပြီး အခုမွန်းလွဲ ၃ နာရီခွဲလောက်အထိလည်း လက်နက်ကြီးပစ်ခတ်သံတွေကြားနေရဆဲပဲလို့ ဒေသခံတွေပြောပြချက်အရ သိရပါတယ်။

“လက်နက်ကြီးတွေက ဒီမနက် မောင်မယ်ရှောင်ရွာအရှေ့ဘက်တွေကိုလည်း ကျနေတယ်။ အဲဘက်မှာတော့ လူထိခိုက်တာမကြားရသေးဘူး” လို့ ဒေသခံက ပြောပါတယ်။

ပြီးခဲ့တဲ့လ ၂၈ ရက်နေ့ကလည်း မောင်မယ်ရှောင်ရွာက လူနေအိမ်တွေကြားထဲကို စစ် ကောင်စီတပ်ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် နေအိမ်တစ်ဆောင်ထိခိုက်ပျက်စီးခဲ့ပါသေးတယ်။

စစ်ကောင်စီရဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့် လူနေအိမ်တွေအပြင် သာသနိကအဆောက်အအုံထိခိုက်ပျက်စီးတဲ့ ဖြစ်စဉ်တွေ တနင်္သာရီတိုင်းထဲက မြို့နယ်အများစုမှာရှိနေတာပါ။

ပြီးခဲ့တဲ့လ ၂၅ ရက်နေ့ကလည်း ကျောက်မဲတောင်ရဲစခန်းက စစ်ကောင်စီတပ်သားတွေပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် ထားဝယ်မြို့နယ်၊ တောင်သုံးလုံးရွာက ဓမ္မရုံတစ်ဆောင် ထိခိုက်ပျက်စီးခဲ့ပါတယ်။

စစ်အာဏာသိမ်းပြီးနောက် ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်ကစလို့ အခုနှစ် ဇန်နဝါရီလအထိ စစ်ကောင်စီတပ်ရဲ့လက်နက်ကြီးကြောင့် တနင်္သာရီတိုင်းမှာ သေဆုံးသူ ဆယ်ဦးကျော်နဲ့ ဒဏ်ရာရရှိသူ ၇၀ နီးပါးရှိခဲ့ပါတယ်။

ပုံစာ – ထိခိုက်ပျက်စီးခဲ့တဲ့ ကျောင်းဆောင်နဲ့ စစ်ကောင်စီတပ်ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးအခွံ။

ဓာတ်ပုံ – မောင်မယ်ရှောင်မြင်ကွင်းစုံ။


Comments

Leave a Reply

Your email address will not be published. Required fields are marked *