ရန်ကုန်-ပြည် လမ်းပိုင်းတွင် ဆိုင်ကယ် ဖမ်းရန် စောင့်နေသည့် စစ်ကောင်စီ တပ်သားများကို ဝင်ရောက် ပစ်ခတ်မှု ရဲ ၁ ဦးသေဆုံး

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ ရန်ကုန်-ပြည် လမ်းပိုင်းတွင် ဆိုင်ကယ် ဖမ်းရန် စောင့်နေသည့် စစ်ကောင်စီ တပ်သားများကို ဝင်ရောက်ပစ်ခတ်ရာ ရဲ ၁ ဦးသေဆုံးခဲ့ကြောင်း သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

မတ်လ ၃ ရက်နေ့ မွန်းလွဲ ၃ နာရီ ၄၂ မိနစ်ခန့်တွင် အုတ်ဖိုမြို့နယ်၊ ဂုံညင်းတန်းကျေးရွာ ရန်ကုန်-ပြည် လမ်းပိုင်းရှိ “Shine Cafe” ဆိုင်တွင် ပြည်သူများ၏ ဆိုင်ကယ်များကို ဖမ်းဆီးရန် စောင့်ဆိုင်းနေသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖို မှ တော်လှန်ရေး ရဲဘော်များက ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပစ်ခတ် တိုက်ခိုက်မှုအတွင်း နယ်ထိန်း မင်းသွေး ပွဲချင်းပြီး သေဆုံးခဲ့ပြီး ရဲတပ်ဖွဲ့ဝင် ဖုန်းမြင့်အောင် ဆိုသူလည်း ပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့ပြင် စစ်ကောင်စီ တပ်သားများ အနီးတွင် ထိုင်နေသည့် စိတ်ရောဂါ ခံစားနေရသူ ပြည်သူ ၁ ဦးလည်း ကျည်ထိမှန်သေဆုံးခဲ့ကြောင်း သိရသည်။

“ဒီကောင်တွေက ပြည်သူတွေ ဆိုင်ကယ်ကို မတရားဖမ်းတာ ငွေတောင်းကလည်းကြမ်းတယ်။ သိန်းနဲ့ချီပေးရတာ ဆိုင်ကယ် ၁ စီး၁ သိန်းကနေ ၅ သိန်းအထိ တောင်းတာ တချို့ဆို ထောင်တောင်ကျတာရှိတယ်။ အနီးကပ် ဝင်ဆော်တာ ၆ ချက်ပစ်တာ ကျန်တဲ့ ရဲခွေးနဲ့ ပျူတွေ ထွက်ပြေးလို့ လိုက်ပစ်ပေမယ့် ပြည်သူတွေ ကြောက်လန့်နေတဲ့အတွက် ပြန်ဆုတ်လာကြတာ အုတ်ဖိုမြို့နယ်က စစ်ခွေး၊ ရဲခွေးနဲ့ ပျူတွေ အနီးအနား မနေကြဖို့ ပြည်သူတွေကို အထူးသတိပေးပါတယ်” ဟု သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

ယင်းပစ်ခတ်မှု အတွင်း သေဆုံးခဲ့သည့် ပျူစောထီး သံချောင်းဆိုသူသည် ပျူစောထီး မဟုတ်ဘဲ သာမန် အရပ်သား ပြည်သူ ၁ ဦး ဖြစ်နေသည့်အတွက် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖို က လွန်စွာ စိတ်မကောင်းဖြစ်ရပြီး ကျန်ရစ်သူ မိသားစုဝင်များအား အနူးအညွတ် တောင်းပန်အပ်ကြောင်း သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက်ပြောဆိုသည်။

အုတ်ဖိုမြို့နယ်အတွင်းရှိ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ၄င်းတို့၏ အုပ်ချုပ်ရေး ယန္တရားများကို ဆက်လက် တိုက်ခိုက်သွားမည်ဖြစ်သောကြောင့် ပြည်သူများအနေဖြင့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများ အနီး သွားလာနေထိုင်ခြင်းများ လုံးဝ မပြုလုပ်ကြရန် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖို က ထုတ်ပြန်ထားသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *