ခမရ(၅၅၀) တပ်ရင်းကို သိမ်းပိုက်နိုင်ပြီဖြစ်၍ ပုဏ္ဏားကျွန်းမြို့ကို AA အလုံးစုံ ထိန်းချုပ်နိုင်

မြို့ကိုလက်လွတ်လိုက်ရသည့် စစ်ကောင်စီက ရသေ့တောင်-ပုဏ္ဏားကျွန်း ဆက်သွယ်သည့် တံတားကို လေယာဉ်ဖြင့် ပစ်ခတ်ဖျက်ဆီး

ရက္ခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့ရှိ တစ်ခုတည်းသော လက်ကျန်တပ်ရင်းဖြစ်သည့် “ခမရ (၅၅၀)” အား ရက္ခိုင့်တပ်တော်(AA)က ဖေဖော်ဝါရီ ၄ရက်တွင် သိမ်းပိုက်နိုင်ခဲ့ကြောင်း AAက ထုတ်ပြန်သည်။

စစ်ကောင်စီ၏ ကြည်း၊ ရေ၊ လေ တပ်များပေါင်းပြီး အပြင်းအထန်ခုခံနေသည့်ကြားက တပ်ရင်းဌာနချုပ်ကိုအပြီးသတ်သိမ်းပိုက်နိုင်ကာ ပုဏ္ဏားကျွန်းမြို့အား သိမ်းပိုက်နိုင်ခဲ့ကြောင်း အသိပေးသည်။

ပုဏ္ဏားကျွန်းမြို့သည် ရခိုင်ပြည်နယ် စစ်​တွေမြို့နှင့် ၂၁ မိုင်သာကွာ​ဝေးသည်။၂၀၁၄ ခုနှစ်သန်း​ခေါင်စာရင်းအရ လူဦး​ရေ ၁၃၀,၀၀၀ ခန့်ရှိသည်။

ပုဏ္ဏားကျွန်းမြို့ အား လက်လွှတ်လိုက်ရသည့် စစ်ကောင်စီသည် ရသေ့တောင်-ပုဏ္ဏာကျွန်းကားလမ်းမရှိ စေတီပြင်တံတားအား ယမန်နေ့ ညနေပိုင်း၌ တိုက်လေယာဉ် ၂စီးဖြင့် ၁၂ကြိမ် လာရောက် တိုက်ခိုက်ဖျက်ဆီးခဲ့သည်ဟု လည်း ဖော်ပြသည်။

ရက္ခိုင့်တပ်တော်အနေဖြင့် အကြိမ်ကြိမ်ထုတ်ပြန်ပြီးသားဖြစ်သည့်အတိုင်း ရက္ခိုင်ဒေသ၌ လက်နက်ချအညံ့မခံသော အကြမ်းဖက်စစ်ကောင်စီ၏ တပ်စခန်းများကို သတ်မှတ်ထားသည့် စစ်ဆင်ရေးပစ်မှတ်များအတိုင်း တစ်ရက်မျှရပ်နားခြင်းမရှိဘဲ ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိဟု ထုတ်ပြန်ခဲ့သည်။

AAသည် ၂၀၂၃ နိုဝင်ဘာ ၁၃ရက်တွင် ရက္ခိုင်ဒေသ စစ်ဆင်ရေးကို စတင်ခဲ့ရာ သုံးလကျော်အတွင်း ချင်းပြည်နယ်ရှိ ပလက်၀မြို့နယ်၊ ရက္ခိုင်ပြည်နယ်ရှိ ပေါက်တော၊ မြောက်ဦး၊ မင်းပြား၊ ကျောက်တော်၊ မြေပုံ နှင့် ယခု ပုဏ္ဏားကျွန်းမြို့ နယ်တို့ကို အလုံးစုံ သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်သည်။

ထို့အပြင် ရသေ့တောင်၊ မောင်တော၊ ဘူးသီးတောင်ရှိ စစ်ကောင်စီတပ်စခန်းများကိုလည်း AAက ဆက်လက်ထိုးစစ်ဆင်လျက်ရှိပြီး တပ်စခန်းအချို့ကို သိမ်းပိုက်ထားပြီးဖြစ်သည်။

AA အနေဖြင့် စစ်အာဏာရှင်စနစ်အမြစ်ပြုတ်တိုက်ပွဲတွင် စစ်ကောင်စီကို တိုက်ခိုက်သည့် အဖွဲ့အားလုံးကို မိတ်ဆွေအဖြစ်သဘောထားပြီးစစ်အာဏာရှင်ဆန့်ကျင်သည့် မည်သည့် အင်အားစုနှင့်မဆိုတူသည်ကို တွဲလုပ်ပြီး မတူသည်ကို ခွဲလုပ်သွားမည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၄ရက် သတင်းစာရှင်းလင်းပွဲ၌ အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောကြားသည်။

AA၏ စစ်ရေး ရည်မှန်းချက်အတိုင်း ရက္ခိုင်ဒေသ တစ်ခုလုံး လွတ်မြောက်အောင် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း၊ အဖိနှိပ်ခံ မြန်မာပြည်သူတစ်ရပ်လုံးအတွက် AAကလုပ်နိုင်သည်များကို အကောင်းဆုံးလုပ်ဆောင်သွားမည်ဖြစ်ကြောင်း လည်း ဦးခိုင်သုခက ပြောကြားသည်။

AA အပါအဝင် ညီနောင်မဟာမိတ် ၃ဖွဲ့က ရှမ်းမြောက်ဒေသ၌ ၁၀၂၇ စစ်ဆင်ရေးကို ဖော်ဆောင်ခဲ့ရာ လက်ရှိတွင်တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်မှုဖြင့် စစ်ကောင်စီနှင့် ညီနောင်သုံးဖွဲ့အကြား ဒေသအပစ်ရပ်စဲရေး( ရှမ်းမြောက်ဒေသ) အပစ်ရပ်စဲထားသည်။

ရက္ခိုင်ဒေသ၌အပစ်ရပ်စဲရန်တရုတ်နိုင်ငံ၏ တိုက်တွန်းလာပါက AA၏ သဘောထားကို ယမန်နေ့သတင်းစာရှင်းလင်းပွဲ၌ သတင်းထောက်တစ်ဦးကမေးမြန်းရာ ဦးခိုင်သုခက ရက္ခိုင်ဒေသည် တရုတ်ပြည်နှင့် အလွန်ဝေးကြောင်း၊ မြန်မာနိုင်ငံရေးကိစ္စများ၌ တချို့နိုင်ငံများက ဝင်ရောက်ကူညီစောင့်ရွက်ပေးမှုကို လေးစားစွာ အသိအမှတ်ပြု ကျေးဇူးတင်ကြောင်း၊ ရက္ခိုင်ပြည်၏ အတွင်းရေးကိစ္စနှင့် လုပ်စရာများကို AAက ဆက်လက်လုပ်ဆောင်သွားရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

AA အနေဖြင့် ချင်းပြည်နယ် ပလက်၀ အပါအဝင် သိမ်းပိုက်ထိန်းချုပ်ထားသည့် ဒေသများ၌ ပညာပေးဟောပြောမှုများ လုပ်နေကြောင်း၊ ပြည်သူများ မိုင်းအန္တရာယ်လုံခြုံရေး၊ ကျန်းမာရေးနှင့် စစ်ရှောင်များ စားဝတ်နေရေးအတွက် ဦးစားပေးလုပ်ဆောင်နေကြောင်းလည်း ပြောကြားခဲ့သည်။

ရက္ခိုင့်တပ်တော်၏ တိုက်ပွဲသတင်းများ

ရက္ခိုင့်တပ်တော်အနေဖြင့် အကြိမ်ကြိမ်ထုတ်ပြန်ပြီးသားဖြစ်သည့်အတိုင်း ရက္ခိုင်ဒေသ၌ လက်နက်ချအညံ့မခံသော အကြမ်းဖက်စစ်ကောင်စီ၏ တပ်စခန်းများကို သတ်မှတ်ထားသည့် စစ်ဆင်ရေးပစ်မှတ်များအတိုင်း တစ်ရက်မျှရပ်နားခြင်းမရှိဘဲ ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိသည်။

၂၀၂၄ ခုနှစ်၊ မတ်လ (၄) ရက်နေ့တွင် ပုဏ္ဏားကျွန်းမြို့ရှိ တစ်ခုတည်းသော လက်ကျန်တပ်ရင်းဖြစ်သည့် “ခမရ (၅၅၀)” အား ရက္ခိုင့်တပ်တော်မှ ယနေ့တွင် အကြမ်းဖက်စစ်ကောင်စီ၏ ကြည်း၊ ရေ၊ လေ တပ်များပေါင်းပြီး အပြင်းအထန်ခုခံနေသည့်ကြားက အာရက္ခစစ်သည်တော်တို့မှ ရဲရင့်ပြောင်မြောက်စွာဖြင့် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ကာ ပုဏ္ဏားကျွန်းမြို့အားလည်း သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်သည်။

ပုဏ္ဏားကျွန်းမြို့ အား လက်လွှတ်လိုက်ရသည့် အကြမ်းဖက်စစ်ကောင်စီသည် ရသေ့တောင်-ပုဏ္ဏာကျွန်းကားလမ်းမရှိ စေတီပြင်တံတားအား ညနေ (၄) နာရီ (၅၇) မိနစ်မှ (၅) နာရီ (၁၇) မိနစ်အချိန်အထိ ဂျက်တိုက်လေယာဉ် (၂) စီးဖြင့် (၁၂) ကြိမ်တိုင်တိုင် လာရောက်တိုက်ခိုက်ဖျက်စီးခဲ့သည်။

နောက်ဆက်တွဲ တိုက်ပွဲသတင်းများကို သိရှိရပါက ဆက်လက်တင်ပေးသွားပါမည်။

သတင်းနှင့်ပြန်ကြားရေး

ရက္ခိုင့်တပ်တော်


Comments

Leave a Reply

Your email address will not be published. Required fields are marked *