ကနီမြို့ကို တော်လှန်ရေးတပ်ဖွဲ့ သိမ်းယူ၊ စစ်ကောင်စီတပ်သား (၁၂) ယောက်အရှင်မိ

ကနီမြို့ကို တော်လှန်ရေးတပ်ဖွဲ့ သိမ်းယူ၊စစ်ကောင်စီတပ်သား (၁၂) ယောက်အရှင်မိ၊စစ်တပ်က လေကြောင်းတိုက်ခိုက်မှုအပြင်းအထန်ပြုလုပ်နေ

စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ကနီမြို့ကို ဒေသခံတော်လှန်ရေးပူးပေါင်းအဖွဲ့က မတ်လ(၆)
ရက် ညနေပိုင်းမှာ အပြီးသတ်တိုက်ခိုက်သိမ်းယူနိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့က လေကြောင်း တိုက်ခိုက်မှု အပြင်းအထန် ပြုလုပ်နေတယ်လို့ဒေသခံတော်လှန်ရေးအဖွဲ့၀င်တစ်ဦးကပြောပါတယ်။

ဖေဖော်ဝါရီလ(၂)ရက်နေ့ကစပြီး ကနီမြို့ကိုဒေသခံတော်လှန်ရေးပူးပေါင်းအဖွဲ့တွေက တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်ကလည်းမြေပြင်ခံစစ်အပြင် လေကြောင်းတိုက်ခိုက်မှုနဲ့ပါ အပြင်းအထန်ခုခံတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

“တစ်မြို့လုံး ထိန်းချုပ်လိုက်ပြီ။ အရှင် (၁၂)ကောင်မိ” လို့ မြေပြင်နဲ့နီးစပ်တဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့၀င်တစ်ဦးက ပြောပါတယ်။

ကနီမြို့ကို ဒေသခံတော်လှန်ရေးပူးပေါင်းအဖွဲ့က တိုက်ခိုက်သိမ်းယူနေစဉ် စစ်ကောင်စီတပ်ဖွဲ့က စစ်ရေးနဲ့မဆိုင်တဲ့ကျေးရွာတွေကိုပါ လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံပြည်သူတစ်ချို့သေဆုံးထားပြီးထိခိုက်ဒဏ်ရာရသူအများအပြားနဲ့ နေအိမ်ပျက်စီးမှုတွေ ရှိတယ်
လို့ သိရပါတယ်။

ကနီမြို့ကို တော်လှန်ရေးတပ်များ သိမ်းပိုက်ရရှိ

စစ်ကိုင်းတိုင်း၊ ကနီမြို့ကို ယနေ့တွင် သိမ်းပိုက်ရရှိပြီဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဘက်မှ အတည်ပြုသိရသည်။

ကနီမြို့ရှိ စစ်ကောင်စီတပ်စခန်းများကို တော်လှန်ရေးတပ်များက မတ် ၂ ရက်နေ့၌ စတင်၍ တိုက်ခိုက်ခဲ့ပြီး ယနေ့တွင် အပြီးသတ်ထိန်းချုပ်သိမ်းပိုက်နိုင်လိုက်ခြင်းဖြစ်ကြောင်း တော်လှန်ရေးတပ်ထံမှ သိရသည်။

” စကစ ဆယ့်နှစ်ယောက် အရှင်မိတယ်။ ဒီကနေ့ညနေမှာ အလုံးစုံထိန်းချုပ်လိုက်နိုင်ပြီ” ဟု တော်လှန်ရေးရဲဘော်တစ်ဦးကပြောသည်။

တိုက်ပွဲတွင် အခြေအနေမလှတော့သဖြင့် စစ်ကောင်စီတပ်ဖွဲ့အချို့မှာ ရေယာဥ်ဖြင့် မြစ်ကြောင်းအတိုင်း ထွက်ပြေးရန်ကြံစည်သော်လည်း အဖမ်းခံလိုက်ရခြင်းဖြစ်ကြောင်း စုံစမ်းသိရသည်။

ကနီမြို့တိုက်ပွဲစတင်ပြီးနောက် စစ်ကောင်စီတပ်က ရဲစခန်း၊ ထွေအုပ်ရုံးတို့၌ အထိုင်ချခံစစ်ပြင်ကာ ကျန်စစ်ကောင်စီတပ်များက ဘုရားကုန်းပေါ်သို့ပြေး၍ ခုခံစစ်ဆိုင်ခဲ့ကြောင်း သိရသည်။

တိုက်ပွဲတစ်လျှောက်နေ့စဥ်ရက်ဆက် လေကြောင်းပစ်ကူများအသုံးပြုခဲ့သောကြောင့် ရပ်ကွက်အချို့မီးလောင်ကျွမ်းခဲ့ပြီး ပြည်သူအချို့လည်း သေဆုံးခဲ့ကြောင်းသိရသည်။ သို့သော် အရေအတွက်ကို အတည်ပြုဆဲဖြစ်သည်။

တိုက်ပွဲအတွင်း နှစ်ဖက်အထိအခိုက် အကျအဆုံးအခြေအနေကိုလည်း စုံစမ်းလျက်ရှိပါသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *