ဗားကရာချောက်ကင်းမှ စစ်သားတစ်ဦး ထွက်ပြေး၊ စစ်တပ်က ပစ်မိန့်ပေးကာ လိုက်ရှာနေ

ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်၊ ဗားကရာချောက်ကင်း(အပေါ်ထပ်)စောင့်နေသည့် စစ်သားတစ်ဦး ထွက်ပြေးသွားသဖြင့် စစ်တပ်က ပစ်မိန့်ပေးကာ လိုက်လံရှာဖွေနေကြောင်း သိရသည်။

ယင်းစစ်သားမှာ မတ်လ၂ရက်က ထွက်ပြေးသွားခြင်းဖြစ်ပြီး လက်နက်ပါ ပါသွားကြောင်း စမ်းချောင်း မြို့နယ်အတွင်းရှိ ရဲသတင်းရင်းမြစ်ထံက သိရသည်။

“ စမ်းချောင်းအပိုင် ဗားကရာမီးပွိုင့်က အပေါ်ဆုံးထပ် ပေါ်မှာ ကင်းကျတာပါ။အဲ့ကင်းက ၂ထပ်ပေါ့။အောက်ထပ်မှာလည်း စစ်သား ၂ဦးရှိတယ်။လက်နက်ပါသွားလို့ အသည်းအသန်လိုက်ရှာနေကြတာထင်တယ်” ဟု ၎င်းက ပြောသည်။

မတ်လ ၃ရက်နေ့ ညနေ ၄နာရီခန့်က စမ်းချောင်းမြို့နယ်၊ရှမ်းလမ်းပေါ်ရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှုးရုံးရှေ့တွင် စစ်ကား ၈စီးခေတ္တရပ်ပြီးနောက် ကြည့်မြင်တိုင်မြို့နယ်ဘက်သို့ ကင်းလှည့်ကာ စစ်ဆေးမှုများလည်း ပြုလုပ်ခဲ့ကြောင်း စမ်းချောင်းမြို့နယ်နေပြည်သူတစ်ဦးက ပြောသည်။

“ ဒီလ၂ရက်နေ့ ည ၆နာရီလောက်က ကိုးထပ်ကြီးဘုရားနားက ဘုန်းကြီးကျောင်းတွေကို စစ်သားတွေဝင်ရှာကြတယ်။ကြည့်မြင်တိုင်ဘူတာဘက်ကိုလည်း ဝင်စစ်တယ်။၃ရက်နေ့ကျတော့ စစ်ကားတွေ ၈စီးလောက်ရှိမယ်။ရှမ်းလမ်းပေါ်က အုပ်ချုပ်ရေးမှူးရုံးရှေ့မှာ ရပ်ပြီးပတ်နေကြတာ။ဖမ်းမိတယ်လို့တော့ မကြားမိဘူး။ဒီနေ့(မတ်၆ရက်)မနက်ကတော့ ဘာမှ မတွေ့ပါဘူး” ဟု ၎င်းက ပြောသည်။

ထွက်ပြေးသွားသော စစ်သားသည် ယူနီဖောင်းကို ချွတ်ကာ အရပ်ဝတ်ဖြင့် ထွက်ပြေးသွားခြင်းဖြစ် ကြောင်း စမ်းချောင်းမြို့နယ်အတွင်းရှိ ရဲသတင်းရင်းမြစ်ကဆိုသည်။

“ ထွက်ပြေးသွားတဲ့ စစ်သားက နေ့ခင်း ၁၂နာရီခွဲလောက်မှာ ထွက်သွားတယ်။အဝတ်အစားကိုမဟာသိပ္ပံဘုန်းကြီးကျောင်းရှေ့က မြောင်းထဲမှာထားပြီးတော့ ပန်းလှိုင်ဘူတာဘက်ထွက်သွားတာ။သူနဲ့တာဝန်ကျ တဲ့ ရဲဘော်နှစ်ယောက်က ကင်းချိန်းမှ သိတာ။သိတော့လိုက်ရှာကြသေးတယ် ။မတွေ့တော့မှညနေ ၄ နာရီလောက်မှာ အကြောင်းကြားတာ။အုပ်စုလိုက်ရှာဖွေတာတွေ ပြုလုပ်ခဲ့ပေမယ့် မမိခဲ့ဘူး” ဟု ၎င်းက ပြောသည်။

ထွက်ပြေးသွားသည့်စစ်သားက ခုခံပါက အသေပစ်ခွင့်ပြုထားပြီး အရှင်ဖမ်းမိရေးကို ဦးစားပေးရန် စမ်းချောင်းမြို့မရဲစခန်းနှင့်ကြည့်မြင်တိုင်မြို့မရဲစခန်းတို့အား စစ်ကောင်စီတပ်က မတ်လ ၃ရက်တွင် ညွှန်ကြားထားကြောင်းစုံစမ်းသိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *