“ကျွန်တော်တို့က ထမင်းကြမ်းနဲ့ ထန်းလျက်ခဲကိုက်ပြီးတော့လည်း တိုက်ဆိုတိုက်မဲ့လူတွေဗျ။”

မုံရွာခရိုင် အမှတ် ၄ တပ်ရင်း – Chindwin Attack Force ရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုပေတလူနှင့် ဆက်သွယ်မေးမြန်းခြင်း

သေနတ်ဆိုတာ ကိုင်လေ့ကိုင်ထမရှိခဲ့တဲ့ အညာသူ/သားကြီးတွေဟာ စစ်တပ်က လက်နက်အားကိုးနဲ့ အာဏာသိမ်းလိုက်တဲ့နောက်မှာတော့ လက်လုပ်သေနတ်တွေကိုင်စွဲပြီး တော်လှန်ရေးမှာ တစ်ထောင့်တစ်နေရာကနေ ပါဝင်ဆင်နွှဲနေကြတာပါ။ အဲဒီထဲ အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)ရဲ့ ကာကွယ်ရေးဝန်ကြီးဌာန(MOD)က တပ်ရင်းတပ်ဖွဲ့အဖြစ် အသိမှတ်ပြုထားတဲ့ အညာဒေသအခြေပြု မုံရွာခရိုင် အမှတ် ၄ တပ်ရင်း – Chindwin Attack Force လည်းအပါအဝင်ဖြစ်ပါတယ်။

ဆိုတော့ သူတို့ရဲ့ အခက်အခဲအကြပ်အတည်း၊ ပွဲကရာမှာ လိုအပ်ချက်၊ အကျအဆုံးအနည်းအများ၊ တော်လှန်ရေးခရီးရှည်ကြီးမှာ ဘယ်လိုရှင်သန်ရပ်တည်နေကြပုံ၊ တော်လှန်ပြည်သူတွေကိုပြောတဲ့ သူတို့ရဲ့ ရင်တွင်းစကားသံတွေကို Chindwin Attack Force ရဲ့ပြန်ကြားရေးတာဝန်ခံ ကိုပေတလူကို ဆက်သွယ်မေးမြန်းထားတာတွေကို ကောက်နုတ်ဖော်ပြအပ်ပါတယ်။

CJ – MOD ရဲ့ တရားဝင်အသိမှတ်ပြုတပ်ရင်းအဖြစ် ရပ်တည်ခဲ့ချိန်နဲ့ တိုက်ပွဲဖော်ဆောင်ခဲ့မှုအခြေအနေတွေနဲ့ပတ်သက်ပြီး ပြောပေးစေချင်ပါတယ်။

ကိုပေတလူ – မုံရွာခရိုင် အမှတ် ၄ တပ်ရင်း – Chindwin Attack Force ကို MOD ကနေ ၂၀၂၂ ခုနှစ်ဖေဖော်ဝါရီ ၇ ရက်မှာ တပ်ရင်းတပ်ဖွဲ့အဖြစ်အသိမှတ်ပြုခဲ့တယ်။ ၂၀၂၂ ခုနှစ်မှာ မစ်ရှင်အကြီးတွေရော၊ အသေးတွေရော ၈၀ ကျော်ရှိခဲ့ပါတယ်။ စကစတွေ ဒဏ်ရာအများအပြားရရှိခဲ့သလို တိုက်ခိုက်လို့သေဆုံးတဲ့ စကစဦးရေ ၈၀ လောက်ထိ အနည်းဆုံးရှိခဲ့ပါတယ်။ ဒီထက်လည်း ပိုကောင်းပိုသွားနိုင်တယ်ဗျ။ ဘာလို့ဆို ကျွန်တော်တို့က မျက်မြင်ပဲ ထုတ်တယ်ဗျ။ မျက်မြင်ကျဆုံးမှုမှာ ကျွန်တော်တို့တွေ မသိလိုက်တာမျိုး၊ မတွေ့လိုက်တာမျိုးတွေ ညပိုင်းမစ်ရှင်မှာဆို မသိလိုက်တာမျိုးဆိုတော့ စကစတွေ ၈၀ အထက်ရှိပါတယ်ဗျ။

၂၀၂၃ ခုနှစ်မှာတော့ မစ်ရှင်အရမ်းနည်းခဲ့တယ်ဗျ။ ၂၀၂၃ ခုနှစ်မှာ မစ်ရှင်အရမ်းနည်းခဲ့တာကို မိဘပြည်သူများကိုသိစေချင်တာက လက်နက်ခဲယမ်းမလုံလောက်တဲ့ပြဿနာပေါ့။ ၂၀၂၂ ခုနစ်မှာ ရှိတာလေးတွေရောင်းချပြီးတော့ မရှိရှိတာလေးနဲ့ ကျားကန်ပြီး မစ်ရှင်တွေအများကြီးဖော်ဆောင်ခဲ့တဲ့အတွက် ၂၀၂၃ မှာတော့ နည်းနည်းကျဲသွားတယ်ပေါ့။ ၂၀၂၃ မှာ ပွဲကြီးတွေကထားတော့ စကစဦးရေ သေဆုံးမှုက ၅၀ လောက်ထိရှိတယ်။ မုံရွာခရိုင်တပ်ရင်း ၄ တည်ထောင်ခဲ့ချိန်မှာ စကစ ၁၃၀ အထက်ကို သုတ်သင်ပြီးပါပြီ။

CJ – အဖွဲ့အစည်းအနေနဲ့ ဘာတွေလုပ်ဆောင်နေလဲ။

ကိုပေတလူ – မုံရွာခရိုင် အမှတ် ၄ တပ်ရင်း-Chindwin Attack Force မှာဆို မုံရွာခရိုင် အမှတ် ၄ တပ်ရင်း တပ်ခွဲတွေက ရဲဘော်တွေအားလုံးကိုစုပြီး Training ပေးတဲ့ မုံရွာခရိုင် အမှတ် ၄ တပ်ရင်းရဲ့ ကွန်မန်ဒိုဆိုပြီး ဖွဲ့စည်းထားတဲ့ Monywa The Boys လည်းရှိပါတယ်။ ပြီးတော့ မုံရွာခရိုင် အမှတ် ၄ တပ်ရင်းရဲ့ ရဲဘော်တွေအားလုံးစုပြီးတော့ ဖွဲ့စည်းထားတဲ့ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့လည်းရှိပါတယ်ဗျ။

ဒီအပြင် တပ်ခွဲ ၄ ခွဲ ရှိပါတယ်။ မုံရွာခရိုင် အမှတ် ၄ တပ်ရင်းဟာဆိုရင် Change of Command ကောင်းကောင်းနဲ့ နောက်ပိုင်းနောက်ပိုင်းမှာလည်း စကစတွေကို အမြစ်ပြတ်ချေမှုန်းမယ်။

CJ – တပ်ဖွဲ့ရဲ့ ရှေ့ဆက်ပြီး လျှောက်လှမ်းမှု၊ လုပ်ဆောင်မှုအခြေအနေရဲ့ ရည်ရွယ်ချက်က ဘာဖြစ်မလဲ။

ကိုပေတလူ – ကျွန်တော်တို့ရဲ့ လုပ်ဆောင်မှု အရာရာတိုင်းက ပြည်သူကိုပဲ မျက်နှာမူတယ်။ ပြည်သူရဲ့ချစ်ခင်လေးစားမှု၊ ပြည်သူရဲ့ယုံကြည်အားကိုးမှုကိုပဲ မျက်နှာမူတယ်။ အဓိကအနေနဲ့ စကစကိုတော်လှန်မယ်။ ပြီးရင် ကျွန်တော်တို့ဘာသာ အိမ်ပြန်ပြီး ကိုယ့်စီးပွားကိုယ်လုပ်မယ်။ စကစကို အမြစ်ပြတ်တော်လှန်ရေးက ကျွန်တော်တို့ရဲ့ လမ်းအဆုံးလို့ပြောလို့ရမယ်ဗျ။

CJ – ယခုလက်ရှိ ဆရာတို့အဖွဲ့မှာ လိုအပ်မှုတွေရှိနေလား။ ဘာတွေလိုအပ်နေပါသလဲ။

ကိုပေတလူ – အဓိကတော့ ကျွန်တော်တို့ လိုအပ်တာက လက်နက်ခဲယမ်းပေါ့။ ကျွန်တော်တို့မှာ လက်နက်ခဲယမ်းလိုအပ်ချက်ရှိတယ်။ ကျွန်တော်တို့မှာရှိတဲ့ ရဲဘော်တိုင်းကို လက်နက်တပ်ဆင်ဖို့ဆိုရင် တော်တော်လေးခဲရင်းတယ်။ ရဲဘော်တိုင်းကို လက်နက်တပ်ဆင်ဖို့မျှော်လင့်တယ်။ ဒါပေမဲ့ မျှော်လင့်ရုံ မျှော်လင့်တဲ့အနေအထားပဲ။ ကျွန်တော်တို့မှာ လက်နက်ရှိတဲ့အရေအတွက်နဲ့ လူဦးရေနဲ့မကိုက်ညီလှဘူး။

CJ – ဒီမကိုက်ညီမှုကို ဘယ်လိုစီမံခွဲဝေပြီးအသုံးပြုကြရလဲ။ လုပ်ကြရလဲ။

ကိုပေတလူ – တိုက်ပွဲတွေမှာဆို ကျွန်တော်တို့လူတွေတစ်လှည့်စီပြောင်းထည့်ရတာပေါ့နော်။ ဒီမစ်ရှင်မှာ ဒီလူတွေ သွားပြီးသွားပြီဆို နောက်မစ်ရှင်မှာ တခြားသူတွေကိုထည့်ရတာပေါ့။ အဲဒီလိုမျိုး လက်နက်မလုံလောက်တဲ့ပြဿနာက တော်တော်ကိုကြာခဲ့ပြီဗျ။ လက်လုပ်နဲ့ ပွဲတော့တိုးတယ်ဆိုပေမဲ့ လက်လုပ်ဆိုတဲ့သဘောမျိုးကတော့ အရမ်း Safe မဖြစ်ဘူးပေါ့နော်။ အဲဒီတော့ အစစ်နဲ့ ညှပ်ညှပ်သုံးရတယ်။ အဓိက ကျွန်တော်တို့လိုအပ်ချက်က လက်နက်ခဲယမ်းပါပဲ။

CJ – တိုက်ပွဲတွင်း လက်နက်မမျှတမှု ကြုံရလား။ ကြုံရရင် ဘယ်လို မမျှတာမှုမျိုးတွေရှိခဲ့လဲ။

ကိုပေတလူ – လက်နက် မမျှတမှုကတော့ ကျွန်တော်တို့မှ မဟုတ်ဘူးဗျ။ PDF တိုင်းမှာဖြစ်နေတယ်။ ဘာလို့ဆို စစ်ကောင်စီဘက်က ကျည်ဆို ကြိုက်သလိုသုံးလို့ရတယ်။ သူတို့မှာ လက်နက်၊ အော်တိုဂန်းတွေနဲ့ပေါ့နော်။ ကျွန်တော်တို့မှာ လက်လုပ်ညှပ်ရတယ်။ အစစ်တွေရှိတဲ့ တိုက်ပွဲတစ်ပွဲမှာ ကျည် တစ်ရာ(၁၀၀)သုံးလိုက်ရင် အဲဒီ တစ်ရာ(၁၀၀) ပြန်ရဖို့ အရမ်းခဲရင်းတယ်ဗျ။ အဲဒီတော့ လက်နက်မမျှတမှုကတော့ ကျွန်တော်တို့မှ မဟုတ်ဘူး။ PDF တိုင်းမှာပါ ကြုံတွေ့နေကြရပါတယ်ဗျ။

CJ – အဲဒီလိုဆိုတော့ မမျှတမှုမှာ ဘယ်လိုကွာခြားမှုဖြစ်မလဲ။

ကိုပေတလူ – ကျွန်တော်တို့အနေနဲ့ တိုက်ပွဲမှာ တစ်ယောက်ကို ကျည် နှစ်ရာ(၂၀၀)သုံးရင် ဆယ်ယောက်ဆို ကျည် နှစ်ထောင်(၂၀၀၀)ဖြစ်နေပြီ။ စကစအနေနဲ့ ကျည်အတွက် ပြည်သူ့ဘဏ္ဍာထဲက ရထားတဲ့ဟာတွေဆိုတော့ သူတို့မှာကြိုက်သလိုသုံးလို့ရတယ်။ ကျွန်တော်တို့မှာက ပြည်သူရဲ့ချွေးနည်းစာကနေရထားတဲ့ အရာဖြစ်တဲ့အတွက် အဲဒီတစ်တောင့်က အရမ်းကိုဈေးကြီးတယ်ပေါ့နော်။ အဲဒီတော့ ဘာ‌ဖြစ်လဲဆို ကျွန်တော်တို့မှာ ချွေတာပြီးပစ်ရတယ်။ ထိရောက်မှပဲ ပစ်ရတယ်ပေါ့နော်။ အဲဒါလေးတော့ မမျှတမှု ရှိပါတယ်ဗျ။

CJ – ဒီလို လိုအပ်ချက်တွေအတွက် NUG ဘက်က ထောက်ပံ့မှုကိုရော လက်ခံရရှိခဲ့လား။ ပြီးတော့ပြည်သူတွေရဲ့ထောက်ပံ့ကူညီမှုကလည်း လျော့နည်းလာလို့လား။

ကိုပေတလူ – NUG ရဲ့ထောက်ပံ့မှုကတော့ လစဉ်လတိုင်းရပါတယ်ဗျ။ ဒီလိုလိုအပ်ချက်က ပြည်သူတွေရဲ့ ကူညီမှုလျော့နည်းတာလားဆို အဲဒါက ကိုယ့်ကိုယ်ကိုယ်ပဲအပြစ်ပြောရမယ်ဗျ။ ဘာလို့ဆို မုံရွာခရိုင် အမှတ် ၄ တပ်ရင်းအနေနဲ့ လိုင်းပေါ်က အလှူခံတာမျိုး မရှိခဲ့ဘူးဗျ။ ကျွန်တော်တို့လုံခြုံမှုကို အဓိကထားတယ်။ မုံရွာခရိုင် အမှတ် ၄ တပ်ရင်းကလုပ်တဲ့ ကမ်ပိန်းဆိုတာလည်းမရှိခဲ့ဘူး။ အဲဒီတော့ ဘာဖြစ်လဲဆို မုံရွာခရိုင် အမှတ် ၄ တပ်ရင်းကို လူသိနည်းတာပေါ့နော်။ လိုင်းပေါ်တွေမှာဆို လူသိနည်းတယ်။ မြေပြင်မှာ တကယ်တိုက်ပွဲတွေဖော်ဆောင်နေတာဆိုတော့ တော်တော်များများပြည်သူတွေလည်းသိတယ်။ PDF တွေလည်း သိပါတယ်ဗျ။ အဲဒီလိုဆိုတော့ ဘာဖြစ်လဲဆို ပြည်သူတွေလှူဒါန်းမှု နည်းတာက ကျွန်တော်တို့အပြစ်ပဲ။ ကျွန်တော်တို့ ခံရမှာပေါ့။

CJ – ဒီတော့ ဘယ်လိုဆောင်ရွက်လည်ပတ်နေခဲ့ကြရလဲ။ ဘာတွေလုပ်ဆောင်ခဲ့ရလဲ။

ကိုပေတလူ – ကျွန်တော်တို့အနေနဲ့ အရင်တည်းကိုက ကမ်ပိန်းတွေလည်း မလုပ်ဖြစ်ဘူး။ အလှူခံမှုတွေနောက် အရမ်းမလိုက်ဖြစ်ခဲ့ကြဘူး။ တိုက်ခိုက်ရေး သီးသန့်သွားခဲ့ကြတယ်။ မရမက၊ မရှိ ရှိတာပေါင်နှံရောင်းချခဲ့ကြတယ်။ အဲဒီတော့ ဘာဖြစ်လဲဆို၊ အခုချိန် နဖူးတွေ့ဒူးတွေ့ကြုံရတော့မှ အလှူခံမှုတွေပြန်ပြီး စတင်တဲ့သဘောဖြစ်တယ်။ အရင် ဘဏ္ဍာရေးတွေက ချိတ်ဆက်ထားတဲ့သူတွေ သူတို့ဘာသူတို့ အလှူခံတယ်။ ကျွန်တော်တို့ကို လာလှူတာပဲ လက်ခံတယ်ဗျ။ ကမ်ပိန်းလုပ်ပြီး အလှူခံတာမျိုးမရှိခဲ့ဘူးပေါ့။ ခုနောက်ပိုင်း ကျွန်တော်တို့ကမ်ပိန်းလေးတွေ လုပ်လာဖို့ရှိပါတယ်ဗျ။ ကျွန်တော်တို့မှာက ရဲဘော်နဲ့ လက်နက်မလုံလောက်မှုတွေ ကျည်မလုံလောက်မှုတွေရှိတယ်ဗျ။ အဓိက အစားသောက်ကို မပြောလိုဘူး။ ကျွန်တော်တို့က ထမင်းကြမ်းနဲ့ ထန်းလျက်ခဲကိုက်ပြီးတော့လည်း တိုက်ဆိုတိုက်မဲ့လူတွေဗျ။ ယူနီဖောင်းမလိုဘူး။ ပုဆိုးနဲ့ တိုက်ဆိုလည်း တိုက်မဲ့သူတွေဗျ။ အဓိက လက်နက်ခဲယမ်းပါ။ လက်နက်ခဲယမ်းသာ အပြည့်အဝတပ်ဆင်ခွင့်ရမယ်ဆို ကျွန်တော်တို့မှာ ဘာမှမလိုပါဘူးဗျ။

CJ – အခုလတ်တလောမှာ လိုအပ်မှုဖြည့်ဆည်းနိုင်ဖို့ ပထမဆုံး Project ကမ်ပိန်းတစ်ခုပြုလုပ်နေတာသိရတယ်။ အဲဒီ Projectကို ဘာကြောင့်၊ ဘယ်လိုရည်ရွယ်ချက်နဲ့ ပြုလုပ်ခဲ့လဲဆိုတာ ပြောပေးစေချင်ပါတယ်ဗျ။

ကိုပေတလူ – ဒီပရောဂျက်ကို မတ်လ ၁ ရက်နေ့က စတာပါဗျ။ ကျည်ကာ အစုံ ၂၀ဝ(နှစ်ရာ) အတွက်ဗျ။ လက်ရှိကတော့ အစုံ ၂၀(နှစ်ဆယ်)ကျော်ကျော်လေးပဲ ရှိသေးတယ်ဗျ။ အဓိကရည်ရွယ်ချက်က ရဲဘော်တွေအတွက် လိုအပ်ချက်အရပါ။

CJ – ဒီလို မပြည့်စုံမှုတွေလိုအပ်ချက်တွေက ဘယ်လိုထိခိုက်မှုတွေဖြစ်စေခဲ့လဲ။ ဘယ်လောက် ရှိခဲ့လဲ ၊ လတ်တလောရော ရှိနေဆဲလားဗျ။

ကိုပေတလူ – ကျွန်တော်တို့မှာ လက်နက်မပြည့်စုံဘူး။ ကျည်မပြည့်စုံဘူးပေါ့။ ရဲဘော်အင်အားအရေတွက်နဲ့ လက်နက်မကိုက်ဘူး။ ကျည်ကာ မလုံလောက်ဘူးပေါ့။ အဲဒီခါကျတော့ လက်နက်နဲ့လိုက်ပြီးတော့ ရှေ့တန်းကိုပို့ရတယ်။ ရှေ့တန်းပို့ရတဲ့အချိန်မှာ တချို့ကလေးတွေကျည်ကာမပါလာဘူး။ ဘေးလွယ်အိတ်ထဲမှာပဲ ကျည်ဘောက်တွေထည့်ရတယ်။ အမှန်က ကျည်ကာက ကျည်ဘောက်တွေပါထည့်လို့ရတာကိုး။ အနည်းနဲ့အများ ကျည်ဘောက်တွေခံထားတော့ မှန်ရင်တောင် သက်သာနိုင်တဲ့အနေထားရှိမယ်။ ဟိုတလောကဆို အရင်လတွေကပေါ့။ တိုက်ပွဲတွေမှာ ရဲဘော်တစ်ယောက်ကျတယ်။ ခြေထောက်တွေထိတယ်။ တလောက တောပုမှာ ပစ်တဲ့တိုက်ပွဲဆို ခြေထောက်မှန်သွားတယ်ပေါ့။ အဲဒီလိုမျိုးဆိုရင် ထိခိုက်တာတွေက မစ်ရှင်တွေများလာတော့ စိပ်စိပ်လေးဖြစ်လာတယ်ပေါ့။

CJ – တော်လှန်ရေးနဲ့ပတ်သက်ပြီး ပြောချင်ပေးချင်တဲ့ သတင်းစကားများရှိရင် ပြောပေးပါ။

ကိုပေတလူ – အဓိက ပြည်သူတွေကိုပြောချင်တာ တော်လှန်ရေးရေချိန်လည်းမြင့်လာပြီ။ တော်လှန်ရေးအချိုးအကွေ့ကလည်းဖြစ်လာပြီ။ ပြည်သူတွေဘက်ကလည်း အားမလျော့နဲ့ပေါ့။ ဘာလို့ဆို တော်လှန်ရေးနဲ့အတူ စီးပွားရေးလုပ်နေတာတွေရှိတယ်။ တော်လှန်ရေးနဲ့အတူ ကောင်းစားနေတဲ့သူတွေရှိတယ်။ တော်လှန်ရေးကြောင့် ဘဝတွေပျက်နေတဲ့သူတွေရှိတယ်။ ဆိုတော့ တော်လှန်ရေးရဲ့သဘောတရားအရ လူပေါင်းစုံပါလာမယ်။ တချို့အရာတွေမှာ လိုင်းပေါ်မှာပျံ့နေတဲ့သတင်းတွေ၊ မြေပြင်ကကြားရတဲ့သတင်းတွေ မျိုးစုံရှိတဲ့အချိန်မှာ မိဘပြည်သူတွေအနေနဲ့က အားလျော့သွားတာမျိုးတွေ စိတ်ထဲမှာ ဖြစ်ကောင်းဖြစ်စေတာမျိုးတွေ၊ အချို့အရာလေးတွေ မြေပြင်မှာ ကြုံတွေ့တာတွေရှိတယ်။

ဒီတော့ မိဘပြည်သူများ အားမလျော့ပါနဲ့။ တော်လှန်ရေးမှာ ကျွန်တော်တို့တတ်သမျှ၊ ကိုယ်စွမ်းရှိသမျှ၊ ဉာဏ်စွမ်းရှိသမျှ အတတ်နိုင်ဆုံးကြိုးစားနေပါတယ်ဗျ။ ကျွန်တော်တို့က အသက်တွေရင်းပြီး တော်လှန်ရေးမှာ အမြစ်ပြတ်ချေမှုန်းမှာဖြစ်တဲ့တွက် ပြည်သူတွေအားမလျော့ပါနဲ့လို့ ပြောကြားချင်ပါတယ်။

နောက်တစ်ခုတောင်းပန်ချင်တာက ပြည်သူတွေ ယခုချိန်မှာ ဆန်ဈေးဆီဈေးတွေ အစစအရာရာတက်နေတယ်။ လုပ်စားရတဲ့အခါ အလုပ်တွေကလည်း အဆင်မပြေမှုတွေ ရှိကောင်းရှိမယ်။ အဆင်ပြေတာတွေလည်း ရှိကောင်းရှိမယ်။ ပြီးတော့ တောင်သူလယ်သမားတွေလည်း လယ်တွေလုပ်မရတာရှိတယ်။ အဓိက စစ်ဘေးရှောင်နေရတာပေါ့။ အဲဒီချိန်မှာ ကျွန်တော်တို့က နားပူနားဆာလုပ်ပြီးတော့ အရမ်းထောက်ပံ့မှုတွေ တောင်းဆိုနေရတာလည်း နားလည်ပေးစေချင်ပါတယ်။ ကျွန်တော်တို့မှာလည်း ပြည်သူသာအမိ၊ ပြည်သူသာအဖဖြစ်တဲ့အတွက် ပြည်သူတွေကို နားပူနားဆာ တိုက်နေရတာဖြစ်ပါတယ်ဗျ။ ခုချိန်မှာ ခက်ခဲနေတဲ့အရာတွေကို ပြည်သူတွေကိုတင်ပြမှရမယ်။ ပြည်သူ့ရဲ့ အကူအညီတောင်းမှပဲရတာဗျ။ အဲကျတော့ ကျွန်တော်တို့ပြောမှားဆိုမှားရှိတာမျိုး၊ အလိုက်မသိဖြစ်တာမျိုးဖြစ်ခဲ့ရင် ပြည်သူတွေကို ကျွန်တော်တို့ အနူးအညွှတ်တောင်းပန်ပါတယ်လို့ပြောချင်ပါတယ်ဗျ။

မေးမြန်းသူ – မင်းထက်


Comments

Leave a Reply

Your email address will not be published. Required fields are marked *