ခံတုတ်ကျင်း မြေသားနံရံမှာ စာတကြောင်းရေးထားခဲ့ကြတယ်။ ဦးဆွေးဆံမြည့်တဲ့။

အကူညီတောင်းပါရစေ

ကျနော့်ထံ ယနေ့ဝင်လာတဲ့ မက်ဆေ့ကိုဖတ်ပေးကြပါဗျာ..

ကျတော်ဖတ်ရင်းနဲ့ကို နားမလည်တော့လို့ပါ

ဖေဖော်ဝါရီလ 2 ရက်နေ့မှာ ရခိုင်ပြည်နယ် ရမ်းဗြဲ သိမ်တောင်မှာ ရှိတဲ့ တပ်မတော် စခန်းကနေ ကြေးနန်းကနေ စစ်ကူတောင်းတယ်။

သူတို့ မှာ စားစရာ မရှိ၊ သောက်စရာ ရေတောင်မရှိတော့ပါဘူးလို့ ပြောတယ်။ နေပြည်တော်မှာ ပြည်ထောင်စုနေ့ တပ်ချုပ်ကြီး ဝတ်ရမယ့် အဝတ်အစားအတွက် စီစဉ်နေရလို့ အဲဒီကြေးနန်းကို ဘယ်သူမှ ပြန်မဖြေကြဘူး။

ဖေဖော်ဝါရီလ 9 ရက်နေ့က တခါ အချို့ရဲဘော်တွေ ဆေးထည့်ဖို့ မရှိလို့ ဒါဏ်ရာပုတ်ကုန်တဲ့ အကြောင်း ကြေးနန်းတခါပို့တယ်။ နောက်ကို အဲဒီလို ရွံစရာတွေ မပို့နဲ့ဆိုပြီး အဆူခံရတယ်။

ဖေဖော်ဝါရီလ 20 ရက်နေ့မှာ စစ်သား 8 ယောက် အာဟာရပြတ်ပြီး သေသွားတဲ့အကြောင်း ကြေးနန်းပို့တယ်။

ဖေဖော်ဝါရီလ 22 ရက်နေ့မှာ သူတို့ဗိုက်အရမ်းဆာနေလို့ သူတို့ကို လေယာဉ်နဲ့ လာကြဲပြီး အဆုံးသတ်လိုက်ပါလို့ အသနားခံကြတယ်။

ဖေဖော်ဝါရီလထဲက ရက်တခုခုမှာ သူတို့ဆီက ဗိုလ်မှုးတယောက် အစာငတ်တဲ့ ဒါဏ်ကို မခံနိုင်လို့ သတ်သေသွားတဲ့ အကြောင်း ကြေးနန်းပို့တယ်။ ကြေးနန်းလက်ခံတဲ့ စစ်သားက မျက်ရည်စတွေနဲ့ တပ်ချုပ်ဆီ အကြောင်းကြားတော့ တပ်ချုပ်ကြီးက ဆဲလွှတ်တယ်။ စစ်သားဖြစ်ပြီး အဲဒီလောက် ပျော့ညံ့ရလားတဲ့။

ရက်စွဲမသိပေမယ့် အဲဒီနေ့က ကိုအောင်ပြည့်စုံ တင်ဒါ 13 ခုအောင်တယ်။

မတ်လ 5 ရက်နေ့မှာ ကြေးနန်းထပ်ပို့တယ်။ ရေသောက်ရရင် ရပါပြီတဲ့။ ရေလေးပဲပို့ပေးပါ အသေခံတိုက်ပါ့မယ်တဲ့။

မတ်လ 6 ရက်နေ့မှာ ကြေးနန်းတခါပို့တယ်။ အဘ ဆိုတာလေး တလုံးပဲပါယ်။ ဘာမှ မရေးထားဘူး။ ကြေးနန်းပို့တဲ့သူ အာဟာရပြတ်ပြီး သတိလစ်သွားတာ။

အဲဒီနောက်ပိုင်း ဘာမှ ထပ်မပို့တော့ဘူး။ စာရိုက်နိုင်လောက်အောင် အားရှိတဲ့သူ မရှိတော့တာ။

မတ်လ 12 ရက်နေ့ AA ကတက်သိမ်းတယ်။ ဘယ်သူမှ မခုခံဘူး။ အကုန်လက်နက်ချတယ်။ ရေတောင်းသောက်တယ်။ ဒါပေမယ့် ဘယ်သူမှ ရေမသောက်နိုင်ကြတော့ပါဘူး။လည်ချောင်းတွေ ကျဉ်းကုန်ပြီ။

အာဟာရပြတ်ပြီး သေနေတဲ့သူ စုစုပေါင်း 47 ယောက်တဲ့။ AA က စစ်သားတွေ နိုင်ပေမယ့် မပျော်ကြဘူး။ မျက်ရည်စ ကိုယ်စီနဲ့။ တနိုင်ငံထဲမှာနေထိုင်တဲ့ သွေးသားရင်းချာတွေ မဟုတ်လား။

နောက်ဆုံးထွက်သက်အထိ တပ်ချုပ်ကြီး မိသားစုအတွက် ခုခံသွားကြတယ်။ ခံတုတ်ကျင်း မြေသားနံရံမှာ စာတကြောင်းရေးထားခဲ့ကြတယ်။

ဦးဆွေးဆံမြည့်တဲ့။

ရမ်းဗြဲတိုက်ပွဲတွင် အစာရေစာပြတ်ပြီး သေဆုံး

ရမ်းဗြဲတိုက်ပွဲတွင် အစာရေစာပြတ်ပြီး သေဆုံးသွားရသည့် စစ်ကောင်စီတပ်သား အများအပြားကို တွေ့ခဲ့ရကြောင်း ကိုယ်တိုင်မြင်တွေ့ခဲ့သူပြော

(သိမ်တောင် တောင်ပေါ်၌ စစ်သား၊ ရဲသား ၄၇ ဦး ရုပ်အလောင်းကိုတွေ့ခဲ့ရဟုဆို)

ရခိုင်ပြည် ရမ်းဗြဲမြို့တိုက်ပွဲတွင် အာဏာသိမ်း စစ်ကောင်စီတပ်သားများ အစာရေစာပြတ်လပ်ပြီး သေဆုံးသွားရသည့် တပ်သားအများအပြားကို တွေ့ခဲ့ရကြောင်း ကိုယ်တိုင်မြင်တွေ့ခဲ့သူတစ်ဦးက ပြောသည်။

ရမ်းဗြဲမြို့ကို ရက္ခိုင့်တပ်တော် AA က လက်ကျန် စစ်ကောင်စီတပ်သားများကို ရှင်းလင်းပြီး ယမန်နေ့ မတ်လ ၁၁ ရက် နေ့လယ် ၁ နာရီ ၁၅ မိနစ်အချိန်တွင် အပြီးအပိုင်သိမ်းပိုက်လိုက်ပြီဟု ထုတ်ပြန်ကြေညာခဲ့သည်။

ရမ်းဗြဲမြို့အနီးရှိ သိမ်တောင် တောင်ပေါ်၌ တပ်စွဲထားသော စစ်ကောင်စီတပ်သားများနှင့် မြို့တွင်းကစဉ့်ကလျားထွက်ပြေးနေသော တပ်သားများကို ရှင်းလင်းတိုက်ခိုက်နိုင်ခဲ့၍ မြို့အား သိမ်းပိုက်ထိန်းချုပ်လိုက်ခြင်းဖြစ်သည်ဟု AA က ဆိုသည်။

ယနေ့ မတ်လ ၁၂ ရက်နေ့ နံနက်ပိုင်းတွင် သိမ်တောင် တောင်ပေါ်အား ရှင်းလင်းရေးပြုလုပ်ရန်နှင့် မှတ်တမ်းပြုလုပ်ရန် ရက္ခိုင့်တပ်တော် AA တပ်ဖွဲ့ဝင်များနှင့်အတူ လိုက်ပါသွားသော အရပ်သားတစ်ဦးက ယင်းကဲ့သို့ မြင်တွေ့ခဲ့ရကြောင်း ဆိုသည်။

” မြန်မာစစ်တပ်မှ စစ်သားများ၊ ရမ်းဗြဲမြို့မရဲစခန်းမှ ရဲသားများ ၄၇ ဦး သေဆုံးနေကြသည်ကို တွေ့ရှိရသည်။ ၎င်းတို့၏ ရုပ်ရည်သွင်ပြင်များသည် အစာရေစာပြတ်လပ်၍ ပိန်ချုံးနေကြသည်။ ဗိုလ်မှူး အဆင့်ရှိသူ အရာရှိတစ်ဦးသည် ရင်ဘတ်တွင် ဓားဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိရသည်။ အချို့စစ်သားများသည် မသေဆုံးမီ ဒဏ်ရာရရှိခဲ့ဟန်တူပြီး၊ လက်ဒဏ်ရာကြောင့် ဆေးမကုနိုင်ဘဲ လက်ပုပ်နေသူ၊ ခြေထောက်ပုပ်နေသူများပင် တွေ့ရသည် ” ဟု ပြောသည်။

အချို့စစ်သားများသည် သိမ်တောင် တောင်ပေါ်မှ ခန္ဓာကိုယ်ကို လှိမ့်ချကာ အသက် အဆုံးစီရင်ခဲ့ဟန်တူပြီး ၎င်းတို့သည် ထမင်းပင် မစားရဘဲ ဆန်ပြုတ်ပြုတ်ထားသည့် အိုးများကိုသာ တွေ့ခဲ့ရကြောင်း ကိုယ်တိုင်မြင်တွေ့ခဲ့သူက ဆက်လက်ပြောသည်။

” ရိက္ခာ ပြတ်လပ်ပြီး.သေလုဆဲဆဲဖြစ်ကာ သေဆုံးမည့်အချိန်ကို စောင့်နေခဲ့ကြဟန်တူသည်။ ၎င်းတို့အတွက် လေယာဥ်မှ ချပေးသော ရိက္ခာထောက်ပံ့မှုသည်လည်းသိမ်တောင်ပေါ်သို့ ရောက်ရှိခဲ့ပုံမရပါ။ အဆိုးဆုံးမှာမူ သောက်စရာရေပင် လုံလုံလောက်လောက် ရှိပုံမရပါ” ဟု ဆိုသည်။

ရမ်းဗြဲမြို့တိုက်ပွဲတွင် စစ်ကောင်စီမှ ရှေ့တန်းတပ်ဖွဲ့ဝင်များအတွက် လေကြောင်းအသုံးပြု၍ စားနပ်ရိက္ခာ ပို့ပေးခြင်း၊ လက်နက်အင်အားများနှင့် တပ်ဖွဲ့ဝင်အင်အား ဖြည့်တင်းခြင်းများကို စစ်ကူပေးခဲ့သော်လည်း AA မှ ကြားဖြတ်တိုက်ခိုက်မှုကြောင့် ရိက္ခာနှင့်စစ်ကူမှာ ရှေ့တန်းတပ်ဖွဲ့ဝင်များထံ မရောက်ရှိခဲ့ပေ။

စစ်ကောင်စီအနေဖြင့် ရမ်းဗြဲမြို့ရှိ ရှေ့တန်းတပ်ဖွဲ့ဝင်များထံ စားနပ်ရိက္ခာ၊ လက်နက်အင်အား၊ တပ်ဖွဲ့ဝင်များကို အလုံးအရင်းဖြင့် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်နေ့က စစ်ကူပေးခဲ့သော်လည်း ရက္ခိုင့်တပ်တော် AA မှ ကြားဖြတ်တိုက်ခိုက် သိမ်းပိုက်ခဲ့သည်။

” ရေကန်ရေအိုးများထဲတွင် အားလုံးနီးပါး ရေပြတ်လျှက်မြင်တွေ့ရသည်။ အချို့အလောင်းများသည် ပုပ်ပွ၍ လောက်ပင်ကျနေပေပြီ။ အချိန် တစ်လခွဲခန့်ကြာအောင် ဒုက္ခခံနေခဲ့ပြီး အသက်ပေါင်းများစွာ ဆုံးရှုံးခံရခြင်း အနိဌာရုံများကို မြင်တွေ့ရသည်မှာ အော်ဂလီဆန်လှသည်။ အရှင်လတ်လတ် ငရဲကျခံနေခဲ့ရသော ရမ်းဗြဲသိမ်တောင်ထက်က ငရဲသားများ၏ စစ်ဝဋ်ကြွေးနိဂုံးအား သံဝေဂများစွာ တွေးတောယင်း အမြန်ပြန်ဆင်းလာခဲ့သည်။ ဓါတ်ပုံရိုက်လိုသော်လည်း တားမြစ်ထား၍ ဓါတ်ပုံမရိုက်ခဲ့ရပေ” ဟု ပြောသည်။

ရမ်းဗြဲမြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီ၏ စစ်ကူစစ်ကြောင်းများ၊ စားနပ်ရိက္ခာများ ထောက်ပံ့၍ မရရှိစေရန် AA သည် ထောက်ပို့လမ်းကြောင်းများအားလုံးကို ပိတ်ဆို့ကာ ၃ လခန့်ကြာ ရှည်လျားသော စစ်ပွဲကို ဆင်နွှဲခဲ့ကြောင်း သိရသည်။

ရက္ခိုင့်တပ်တော် AA က ပလက်ဝနှင့် ရခိုင်ပြည်ကို စစ်ကောင်စီ ကင်းစင်နယ်မြေအဖြစ် ပြုလုပ်မည်ဟု ကြွေးကြော်ထားပြီး လက်ရှိတွင် ပလက်ဝဒေသကို စစ်ကောင်စီကင်းစင်နယ်မြေအဖြစ် ဆောင်ရွက်ထားကာ ရခိုင်မြောက်ပိုင်းတွင် မြို့အများစုကို စစ်ကောင်စီကင်းစင်နယ်အဖြစ် ဆောင်ရွက်ထားပြီဖြစ်သည်။

AA ၏ ထိုးစစ်များမှာ ရခိုင်မြောက်ပိုင်းကတစ်ဆင့် တောင်ပိုင်းဒေသသို့ အရှိန်အဟုန်မြှင့် ဆောင်ရွက်နေကာ ရခိုင်ပြည်အတွင်းရှိ စစ်ကောင်စီတပ်ရင်းတပ်ဖွဲ့များအနေဖြင့် လက်နက်ချအညံ့ခံကြရန် အကြိမ်ကြိမ် သတိပေးနေသည်။

လက်နက်ချအညံ့ခံသည့် တပ်ရင်းတပ်ဖွဲ့ စစ်ကောင်စီတပ်သားများအနေဖြင့် အသက်ချမ်းသာခွင့်ရပြီး မိသားစုဝင်များဖြင့် နေထိုင်ရမည်ဖြစ်ကာ အကယ်၍ လက်နက်ချအညံ့မခံပါက ထိုးစစ်ဆင်တိုက်ခိုက်သွားမည်ဟု AA က ပြောဆိုထားသည်။

လက်ရှိတွင် AA သည် ရသေ့တောင်၊ မောင်တော၊ ဘူးသီးတောင်မြို့တို့ရှိ လက်နက်မချဘဲ ကျန်ရှိနေသော စစ်ကောင်စီတပ်ရင်းများကို တစ်ဆင့်မြှင့် ထိုးစစ်ကို ဆင်နွှဲတိုက်ခိုက်လျှက်ရှိကြောင်း ယမန်နေ့ ညက ထုတ်ပြန်ထားသည်။

AA ၏ တစ်ဆင့်မြှင့် ထိုးစစ်ကြောင်း ယင်းဒေသရှိ စစ်ကောင်စီတပ်ဖွဲ့ ၂၀၀ ခန့်မှာ တစ်ဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးလျှက်ရှိနေပြီး ရက္ခိုင့်တပ်တော် AA က လိုက်လံရှင်းလင်းနေသည်ဟု သိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *