စစ်ဗိုလ်ကတော်များက ခွေးနှင့်ဝက်များကို ပြေးခိုင်း၍

နေပြည်တော် နန်းဦးစေတီတွင် စစ်ဗိုလ်ကတော်များက ခွေးနှင့်ဝက်များကို ပြေးခိုင်း၍ တော်လှန်ရေးတပ်ဖွဲ့များ ခွေးပြေး၊ ဝက်ပြေး ပြေးစေရန်ယတြာချေ

နေပြည်တော် နန်းဦးစေတီတွင် စစ်ဗိုလ်ကတော်များက ခွေးနှင့်ဝက်များကို ပြေးခိုင်း၍ တော်လှန်ရေးတပ်ဖွဲ့များ ခွေးပြေး၊ ဝက်ပြေး ပြေးစေရန်ယတြာချေမှုများ ပြုလုပ်ခဲ့ ကြောင်း သိရသည်။

နေပြည်တော်၊ ဇဗ္မူသီရိမြို့နယ်ရှိ နန်းဦးစေတီတော်၌ ယခုမတ်လ ပထမပတ်အတွင်းတွင် ရှေ့တန်းရောက် စစ်ဗိုလ်များ၏ ဇနီးဗိုလ်ကတော်များက ဘုရားရင်ပြင်တော်ပေါ်သို့ ခွေးနှင့် ဝက်များကို တင်ခေါ်လာပြီး ရိုက်နှက်၍ပြေးခိုင်းကြောင်း တပ်တွင်း သတင်းရင်းမြစ်ထံမှ သိရသည်။

ထို့အပြင် အရာရှိကတော်များမှ စေတီရင်ပြင်တော်ပေါ်၌ ပရိတ်ရွတ်ဖတ်ခြင်းများ ပြုလုပ်၍ ခွေးနှင့် ဝက်များကို လက်ခုပ်တီးကာ ဝိုင်းဝန်းမောင်းထုတ်ခဲ့ကြသည်ဟု သိရသည်။

“နေပြည်တော်က နန်းဦးစေတီမှာ ကတော်တွေ ရွတ်ဖတ်ပြီးယတြာတွေချေတာ။ ခွေးတွေဝက်တွေကိုကြိုးတုပ်ခေါ်လာပြီး အဲ့ရောက်မှကြိုးဖြည်ပြီး ရင်ပြင်တော်ပေါ်မှာ လက်ခုပ်တွေဝိုင်းတီးပြီး မောင်းလွှတ်တယ်တဲ့ ခွေး ပြေး ဝက်ပြေးယတြာ”ဟု တပ်တွင်းသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များ တိုက်ပွဲများတွင် ထွက်ပြေးနေရသည့် အခြေအနေများ ရပ်တန့်ပြီး တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့များ ခွေး ပြေး၊ ဝက်ပြေး ပြေးစေရန် ရည်ရွယ်၍ ယတြာချေခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စိုးမိုးနယ်မြေများဆုံးရှုံးရတိုင်း ၎င်း၏အခါတော်ပေး ဆရာဖြစ်သူ မင်းကုသပဆိုသူ ခိုင်းစေသည့် ဓာတ်ရိုက်ဓာတ်ဆင် ယတြာများကို ပြုလုပ်လျက်ရှိသည်ဟု သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ၌လည်း ညီနောင်မဟာမိတ်သုံး ဖွဲ့မှ နယ်မြေများကို ထိုးစစ်ဆင်သိမ်းပိုက်မှုကြောင့် စစ်ခေါင်းဆောင်က မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ ဇောက်ထိုးမိုးမျှော်ဖြစ်စေရန်ဟုဆိုကာ မျောက်သား ပေါက်အရှင် သုံးကောင်ကို လေထဲတွင်ကြိုးဖြင့်ဇောက်ထိုးနေစေပြီး မူးနောက်သွားသည့် မျောက်သုံးကောင်ကို တောထဲသို့စေလွှတ်ခဲ့သေးသည်။

ထို့အပြင် လောက်ကိုင်ဒကစမှူး၏ ရုံးခန်းအတွင်း ပြတင်းပေါက်အမြင့်ပိုင်းတစ်နေရာတွင် မျက်စေ့၊ နား နှင့် ပါးစပ်ကိုပိတ်ထားသည့် မျောက်သုံးကောင်၏ ပုံပါသည့် စာရွက်အား ဇောက်ထိုးကပ်ထားသည်ကို ညီ နောင်မဟာမိတ်တပ်ဖွဲ့ဝင်များက စခန်းသိမ်းရှင်းလင်းစဉ် က တွေ့ရှိခဲ့သေးသည်။

စစ်ခေါင်းဆောင်က တိုင်းနှင့်ပြည်နယ် ၁၄ ခုလုံး ၎င်း၏လက်အောက်တွင် ငြိမ်ဝပ် ပိပြားစွာရှိနေရန်ဟုဆိုကာ ဧရာဝတီတိုင်းအထိသွားရောက်၍ ဥဩ ၁၄ ကောင်ကိုလည်း လွှတ်၍ယတြာချေခဲ့ပြီး ၎င်းအနီး ကပ်စေခိုင်းနေရသည့် စစ်တိုင်းမှူးများ ပြောသမျှနာခံ စေရန်နှင့် ခိုင်းသမျှလုပ်ကိုင်စေရန် စကောထဲသို့ ဆီးသီး ၁၉ လုံးထည့်၍ လှိမ့်သည့် ယတြာများလည်း ပြုလုပ်ခဲ့သည်။

ထိုသို့ ယတြာချေကောင်းသဖြင့် ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းက နေပြည်တော်၊ ပျဉ်းမနားမြို့နယ်ရှိ မြို့တော်ထိပ်ပန်မင်္ဂလာစေတီတော်တွင် ယတြာချေရန် ထီးတော် တင်သည့် အခမ်းအနားအပြီး ဘုရားတွင်လည်း ဖနောင့်သံစူးခဲ့သောကြောင့် သံစူးခြင်း သည် နိမိတ်မကောင်းဟုဆိုကာ ထပ်မံ ယတြာ ချေခဲ့ရသည်။

ယခုနောက်ဆုံးချေသည့် ခွေးပြေး၊ ဝက်ပြေးယတြာ ကို စစ်အာဏာရှင်ဗိုလ်ချုပ်မှူးကြီး သန်းရွှေအာဏာရှိ နေစဉ် ၂၀၀၇ ခုနှစ်အတွင်းကလည်း ရွှေတိဂုံဘုရားအထက်ပစ္စယံတွင် ခွေးနှင့်ဝက် တို့ကို ချိတ်ထမီဝတ်ပေးပြီး ပြေးခိုင်းသည့် ယတြာများပြုလုပ်ခဲ့ဖူးကြောင်း သိရသည်။

Leave a Comment