အထိနာ၍ ဒုစစ်ခေါင်းဆောင်ကိုယ်တိုင် လာရောက်အားပေးခြင်းဖြစ်ဟု PNLA ပြောကြား

ရှမ်းတောင် တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ သေဆုံးသူ ရာချီရှိကာ အထိနာ၍ ဒုစစ်ခေါင်းဆောင်ကိုယ်တိုင် လာရောက်အားပေးခြင်းဖြစ်ဟု PNLA ပြောကြား

ရှမ်းပြည်နယ်(တောင်ပိုင်း) တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အထိနာ၍ စစ်ရှုံးနေမှုကို စည်းရုံးရေး ဆင်းသည့်အနေဖြင့် ဒုစစ်ခေါင်းဆောင်ကိုယ်တိုင် လာရောက်အားပေးခဲ့ပြီး လက်ရှိတွင် တပ်အင်အား ပြန်စုစည်း၍ သံချပ်ကာ၊ တင့်ကား၊ လက်နက်ကြီးများ အသုံးပြုကာ ထိုးစစ်ဆင်နေကြောင်း ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PNLA) ထံက သိရသည်။

စစ်ကောင်စီ၏ ဒုတိယစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ယမန်နေ့ မတ် ၁၄ ရက်က ရှမ်းပြည်နယ် (တောင်ပိုင်း)၊ အောင်ပန်းမြို့ရှိ စစ်ဆေးရုံ၌ သွားရောက်၍ တိုက်ပွဲအတွင်း ထိခိုက်ဒဏ်ရာရထားသည့် ၎င်းတို့၏ လက်အောက်ခံ အရာရှိ၊ စစ်သည်၊ ရဲတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့စစ် တပ်ဖွဲ့ဝင်များကို အားပေးစကား ပြောဆိုခဲ့ကြောင်း စစ်ကောင်စီပိုင် သတင်းစာများတွင် ဖော်ပြထားသည်။

“အဓိက က စစ်ကောင်စီရဲ့ တပ်ဖွဲ့တွေမှာလည်း စစ်အာဏာရှင်အတွက် မတိုက်ချင်တော့တဲ့လူတွေ၊ စိတ်ဓာတ်ကျတဲ့ စစ်သည်တွေ များလာတယ်ပေါ့နော်။ အရာရှိတွေအနေနဲ့ အောက်ခြေကို စည်းရုံးလို့ မရတဲ့အခါ စစ်ကောင်စီ ထိပ်ပိုင်းခေါင်းဆောင်တွေ ကိုယ်တိုင်က ဆင်းပြီးတော့မှ သူတို့တပ်ဖွဲ့ဝင်တွေကို စည်းရုံးရေး ပြန်ဆင်းနေရတဲ့ သဘောလို့တော့ တွေ့ရတယ်” ဟု PNLA ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ဒုစစ်ခေါင်းဆောင်သည် ဆေးကုသမှု ခံယူလျက်ရှိသော တိုက်ပွဲအတွင်း ထိခိုက်ဒဏ်ရာရ စစ်ကောင်စီတပ်ဖွဲ့ဝင် အရာရှိ၊ စစ်သည်၊ ရဲတပ်ဖွဲ့ဝင်များနှင့် ပြည့်သူ့စစ်များကို ပေးစကားပြောကာ စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့သလို Non CDM ကျန်းမာရေး ဝန်ထမ်းများကိုလည်း ချီးမြှင့်ငွေနှင့် လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဆီဆိုင်၊ ဟိုပုံး၊ လွိုင်လင်(မိုင်းပွန်)နှင့် ပင်လောင်းမြို့နယ်တို့တွင် ပြီးခဲ့သည့် ဇန်နဝါရီ ၂၁ ရက်မှစ၍ စစ်ကောင်စီတပ်၊ ၎င်းလက်အောက်ခံ ဦးအောင်ခမ်းထီ၏ ပအိုဝ်းပြည်သူ့စစ်အဖွဲ့ (PNO/PNA) နှင့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော်(PNLA) ၊ မဟာမိတ်အဖွဲ့တို့အကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှု ရာချီရှိကြောင်း သိရသည်။

“စစ်ကောင်စီဘက်က ကျဆုံးမှုတွေကိုတော့ ကျွန်တော်တို့ အသေးစိတ်စာရင်း မလုပ်ရသေးပါဘူး။ ဒါပေမယ့် ရာချီပြီးတော့ ရှိပါတယ်။ သူတို့ ထိခိုက်ဒဏ်ရာ ရတာနဲ့ သေတာနဲ့ ပေါင်းရင်တော့ လေးငါးရာတော့ ရှိမယ်ထင်တယ်” ဟု PNLA ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ပြောသည်။

တိုက်ပွဲများကြောင့် ဆီဆိုင်မြို့ပေါ်ရှိ ရပ်ကွက် (၆)ရပ်ကွက်နှင့် ပင်စုံ၊ နောင်ကျော၊ တောင်ရှေ့၊ ပလောပကယ်၊ တဘက်၊ နားသံ၊ လွယ်ပွတ်၊ ဘန်ဗွီးအုပ်စုတို့မှ ကျေးရွာပေါင်း ၆၀ နီးပါး၊ ဟိုပုံးမြို့ရှိ တောက်စောက်၊ ထမ်းဘုရား၊ ငိုခီ စသည့် ကျေးရွာပေါင်း ၃၁ ရွာနှင့် ပင်လောင်းမြို့ရှိ ကျေးရွာပေါင်း ၁၇ ရွာတို့မှ အရပ်သား ၁၀၀,၀၀၀ (တစ်သိန်း) နီးပါး စစ်ရှောင်နေရကြောင်း ပအိုးဝ်လူငယ်အစည်းအရုံး (PYO) ထံက သိရသည်။

ထို့အပြင် တိုက်ပွဲ ဖြစ်ပွားသည့်နေ့မှစတင်ကာ ပြီးခဲ့သည့် မတ် ၁၁ ရက်အထိ စစ်ကောင်စီဘက်မှ လက်နက်ကြီး၊ လေကြောင်းတိုက်ခိုက်မှု ၂၀၀၀ နီးပါးရှိခဲ့ပြီး အဆောက်အအုံပေါင်း ၁၉၆ လုံး ထိခိုက်ပျက်စီးကာ အရပ်သား ၁၀၉ ဦး ထိခိုက်သေဆုံး၍ အရပ်သား ၂၀ ဦးကိုမူ စစ်ကောင်စီနှင့် ၎င်းလက်အောက်ခံ ပြည်သူ့စစ်တို့က ဖမ်းဆီးသွားကြောင်း သိရသည်။

လက်ရှိတွင် ပအိုဝ်းဒေသ ဆီဆိုင်၊ ဟိုပုံးမြို့နယ်တို့တွင် တိုက်ပွဲများ နေ့စဉ်နီးပါး ဖြစ်ပွားလျက်ရှိပြီး ဒေသခံ အများအပြား တိမ်းရှောင်နေရ၊ မြို့ပျက်သဖွယ် ဖြစ်ပေါ်နေကာ စစ်ကောင်စီဘက်မှ သံချပ်ကာကားများ၊ တင့်ကားများ၊ လက်နက်ကြီးများ အသုံးပြု၍ စစ်ကြောင်းထိုးလာသဖြင့် တိုက်ပွဲများ ဖြစ်ပွားနေခြင်းဖြစ်ကြောင်း ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PNLA) ထံက သိရသည်။

“အခုအဲဒီက ၄၂၃ တပ်ရင်းက တပ်တွေ၊ ၄၂၅/၄၂၆ ပြီးတော့ မိုင်းပွန်မှာရှိတဲ့ တပ်ရင်းတွေ၊ ကလောအခြေစိုက် တပ်မ (၅၅) အောက်က တပ်ရင်းတွေ၊ ပြီးတော့ သူတို့လက်ရုံးတပ်တွေ ပြန်စုပြီးတော့ တင့်ကားတွေကို အသုံးပြုပြီး ဆီဆိုင်မြို့ကို ထိုးစစ်ပြန်လုပ်နေတာတော့ တွေ့နေရတယ်” ဟု PNLA ပြောခွင့်ရ ခွန်ရိန်းယံက ဆိုသည်။

စစ်ကောင်စီသည် ဆီဆိုင်မြို့နယ်၊ ထမ်းယံကျေးရွာ၏ ဘုန်းကြီးကျောင်းကိုလည်း ယနေ့ မတ် ၁၅ ရက်၊ နေ့လယ်ပိုင်းက အကြောင်းမဲ့ ပေါင် ၅၀၀ ဗုံး နှစ် လုံးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဘုန်းကြီးကျောင်း ဝင်းအတွင်းရှိ ကျောင်းကြီးအပါအဝင် ကျောင်းဆောင် နှစ်ဆောင် ထိခိုက်ပျက်စီးကာ သာမဏေကိုရင် နှစ်ပါး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း PNLA က ထုတ်ပြန်ထားသည်။

ထို့အပြင် ဘုန်းကြီးကျောင်းနှင့် နီးကပ်သည့် နေအိမ်များလည်း ပြတင်းပေါက်များ၊ တံခါးများ ထိခိုက်ပျက်စီးခဲ့သလို ယမန်နေ့ မတ် ၁၄ ရက်၌လည်း ဘုရားပင့်ဆောင်သည့် ဒေသခံများ၏ ယာဉ်တန်းကို စစ်ကောင်စီက လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင့် ဒေသခံအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *