လိုင်ဇာအနီးတွင် စစ်တပ်စခန်းမရှိတော့ဘဲ စစ်ကောင်စီကင်းစင်နယ်မြေ ဖြစ်သွား

KIO ဌာနချုပ် လိုင်ဇာအနီးတွင် စစ်တပ်စခန်းမရှိတော့ဘဲ စစ်ကောင်စီကင်းစင်နယ်မြေ ဖြစ်သွားပြီး ထွက်ပြေးနေသည့် စစ်သားများကို KIA က လိုက်လံရှင်းလင်းနေ

ကချင်ပြည်နယ်၊ KIO ဌာနချုပ် လိုင်ဇာအနီးတွင် စစ်ကောင်စီတပ်စခန်း ကြီးကြီးမားမားမရှိတော့ဘဲ ထွက်ပြေးနေသည့် စစ်သားများကို KIA က လိုက်လံရှင်းလင်းနေကြောင်း KIA ရှေ့တန်းသတင်းရင်းမြစ်ကပြောဆိုသည်။

မတ်လ ၁၅ ရက်နေ့ မွန်းလွဲ ၁ နာရီ ၅၀ မိနစ်အချိန်တွင် KIO ဌာနချုပ် လိုင်ဇာအနီးရှိ စစ်ကောင်စီတပ်စခန်းများကို KIA က ချေမှုန်းတိုက်ခိုက်ခဲ့ပြီဖြစ် ကြောင်း၊ နောက်ဆုံးကျန်ရှိသည့် ဘွမ်ရယ်ဘွမ်တောင်ကုန်းပေါ်ရှိ ကျန်ရှိသော စစ်တပ်စခန်းကို KIA နှင့် မဟာမိတ်တပ်များက အပြီးသတ် ရှင်းလင်းနိုင်ခဲ့ပြီဖြစ်ကြောင်း သိရှိရသည်။

“အခုလုပ်နေတာက ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို KIA ပူးပေါင်းအဖွဲ့က လိုက်လံတိုက်ခိုက်ရှင်းလင်းနေပါတယ်။ လိုင်ဇာအနီးတစ်ိုက်စစ်ကောင်စီတပ်စခန်းမရှိတော့ပါ။ စစ်ကောင်စီကင်းစင်နယ်မြေဖြစ်သွားပြီ။ လိုက်ရှင်းနေရင်းနဲ့ စစ်တပ် တိုက်လေယာဉ်က သူတို့စစ်သားတွေအပေါ် ဗုံးပြန်ကျဲတာရှိတယ်ဆိုတဲ့ သတင်းတွေတော့ ရတယ်။ ဒါပေမယ့် အသေးစိတ်နဲ့ သေချာတော့ အတည်မပြုနိုင်သေးဘူး။ အခုကတော့ နယ်မြေရှင်းလင်းရေးတွေ ဆက်လုပ်နေတယ်” ဟု KIA ရှေ့တန်းသတင်းရင်းမြစ်က ပြောဆိုသည်။

လတ်တလော လိုင်ဇာအနီးတပ်စခန်းများမှ တပ်မမ ၈၈ တပ်မမှူး ဦးဆောင်သော အဖွဲ့ ၊ စကခ ၂၁ ဗျူဟာမှူး ဗိုလ်မှူးချုပ်ကျော်ဇင်အေး ဦးဆောင်သော အဖွဲ့များ ထွက်ပြေးနေသည်ဟု သတင်းများရရှိထားကြောင်း၊ စခန်းများမှ ပျောက်နေသော စစ်သားများလည်းရှိနေသဖြင့် နယ်မြေရှင်းလင်းရေးကို ဖိဖိစီးစီး ဆောင်ရွက်နေကြောင်း သိရှိရသည်။

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top