စစ်မှုထမ်းရန် မဲပေါက်သွားသော လူငယ် အဆိပ်သောက်အဆုံးစီရင်

“မဲမနှိုက်ခင်နေ့တွေကတည်းက သူကပြောတယ်။ မဲပေါက်ရင် ကြိုးဆွဲချသေမယ်တဲ့။ အဲဒီနေ့က သူလည်း ကံမကောင်းစွာနဲ့ မဲပေါက်သွားတယ်။ ညနေထိ သူ့ဘာသာသူ အေးဆေးငြိမ်နေတယ်။ ညကျတော့ ပိုးသတ်ဆေး သောက်လိုက်တယ်” သေဆုံးသူနှင့် နီးစပ်သူ ဧရာဝတီတိုင်း ဒေသခံ

စစ်မှုထမ်းရန် မဲပေါက်သွားသည့် ဧရာဝတီတိုင်းမှ လူငယ်တစ်ဦး အဆိပ်သောက် အဆုံးစီရင်သွားကြောင်း သိရသည်။

စစ်မှုထမ်းဥပဒေ အသက်ဝင်လာရေးအတွက် အပူတပြင်း မဲနှိုက်ကာ လူရွေးချယ်နေသော အကြမ်းဖက်စစ်ကောင်စီ၏ လုပ်ရပ်များကြောင့် ယခုလို အဆိပ်သောက် အဆုံးစီရင်သည့် အထိ ဖြစ်ပွားခဲ့ရခြင်းဖြစ်သည်။

“မဲမနှိုက်ခင်နေ့တွေကတည်းက သူကပြောတယ်။ မဲပေါက်ရင်ကြိုးဆွဲချသေမယ်တဲ့။ အဲဒီနေ့က သူလည်း ကံမကောင်းစွာနဲ့ မဲပေါက်သွားတယ်။ ညနေထိ သူ့ဘာသာသူ အေးဆေးငြိမ်နေတယ်။ ညကျတော့ ပိုးသတ်ဆေး သောက်လိုက်တယ်။ ညတွင်းချင်း ဆေးရုံပို့တယ်။ အဲဒီတုန်းကတော့ အသက်က မျော့မျော့လေး ကျန်နေခဲ့တယ်။ မနေ့ကညနေမှာ ဆုံးသွားရှာတယ်။ အခုဆုံးသွားတဲ့ကောင်လေးက ၁၇ နှစ် ရှိသေးတာပါ” ဟု သေဆုံးသူနှင့် နီးစပ်သူ ဧရာဝတီတိုင်းဒေသခံတစ်ဦးကပြောသည်။

ယင်းသို့ မဲနှိုက်ရွေးချယ်ခြင်းများအား ရန်ကုန်အပါအဝင် မြန်မာနိုင်ငံ နေရာအနှံ့တွင် အလျင်အမြန် ပြုလုပ်နေကြခြင်းဖြစ်ကာ ရွေးချယ်ခံရသူများအား ချက်ချင်း လာရောက်ခေါ်ဆောင်ခြင်းများလည်း ရှိနေကြောင်းသိရသည်။

“သူတို့ ပြောတော့ ၁၈ နှစ် ပြည့်မှ ဘာညာနဲ့ အခု ဆုံးသွားတဲ့ ကလေးက ၁၇ နှစ်ပဲ ရှိသေးတယ်။ သူတို့ လက်ထဲမှာ သူတို့ လုပ်ချင်ရာ လုပ်နေရာကို သတိထားဖို့တော့လိုတယ်။ အရင်ကတည်းက အုပ်စုလိုက် အတင်းအဓမ္မ အဆွဲခံရသူတွေမှာ အသက်မပြည့် ကလေးတွေ အများကြီး ပါကုန်တာလည်း ရှိတယ်”ဟု ရန်ကုန်မြို့တွင် နေထိုင်သူတစ်ဦးက ပြောသည်။

အဆိုပါ အဆိပ်သောက် သေဆုံးသွားသော လူငယ်မှာ ဧရာဝတီတိုင်း ဖျာပုံမြို့နယ်မှ ဖြစ်ကာ ရွေးချယ်စရာလမ်း မရှိတော့သည့် အနေအထားဟု ယူဆကာ သတ်သေသွားခြင်းဖြစ်နိုင်သည်ဟု ဆိုသည်။

“သေသွားတဲ့ကောင်လေးက သားအငယ်ဆုံး။ အကြီးတွေကပင်လယ်ထွက်ကုန်ပြီ။ ကျောင်းမတက်တာ နှစ်နှစ်ရှိပြီ။ အိမ်မှာပဲ နေတယ်။ သူနေတာက ငါးဖမ်းတဲ့ ရွာကလေးပဲ။ ဖျာပုံကနေတဆင့် စက်လှေနဲ့ သွားရတယ်။ အဲဒီကနေတဆင့် ဆိုင်ကယ်နဲ့ပြန်သွားရတယ်။ ကားမရှိဘူးလို့ ပြောတယ်။ အလောင်းကိုတော့ ရပ်ကွက်ကလက်မခံလို့ သင်္ဂြိုဟ်လိုက်ပြီလို့ သိရပါတယ်”ဟု အဆိုပါ နီးစပ်သူက ထပ်မံပြောပြခဲ့သည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *