ဖာပွန်မြို့ရှိ စစ်ကောင်စီတပ်ကို KNLA တပ်မဟာ (၅)တိုက်ခိုက်

ကရင်အမျိုးသားအစည်းအရုံး(KNU) ဖာပွန်(မူတြော်)ခရိုင် ဖာပွန်မြို့ရှိ စစ်ကောင်စီတပ်ကိုကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၅)က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် သေဆုံးထိခိုက်ရှိခဲ့ဟု သတင်းထုတ်ပြန်သည်။

ယနေ့ (မတ်လ ၁၉ရက်) နံနက်ပိုင်းတွင် ဖာပွန်မြို့ရှိ စစ်ကောင်စီတပ်ရင်းများအား ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်မှတစ်ဦး သေဆုံး၊ ၅ဦး ဒဏ်ရာရရှိကြောင်း ကနဦး သတင်းရသည်ဟု ဖော်ပြသည်။

စစ်ကောင်စီတပ်ဘက်ကလည်း တိုက်လေယာဉ် များဖြင့် ဖာပွန်ခရိုင်အတွင်း တစ်နေကုန် ဝဲပျံ ကင်းထောက်နေသည်ဟု ဆိုသည်။

ယမန်နေ့ကလည်း ဖာပွန်မြို့အခြေစိုက် စစ်ကောင်စီတပ်မှ မူတြော်ခရိုင်၊ လူသောမြို့နယ်၊ ဘောသေထာအုပ်စုအတွင်းရှိ ပတ်လားကျေးရွာအတွင်းသို့ ၁၂၀ မမ အမြောက်နှစ်လုံးပစ်ခတ်ခဲ့ရာ ပြည်သူပိုင်ကျွဲတစ်ကောင်သေဆုံးသွားပြီး နှစ်ကောင်ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဖော်ပြသည်။

ယမန်နေ့ ညပိုင်းကလည်း မူတြော်ခရိုင်၊ ဘူးသိုမြို့နယ်၊ ခေါပူကျေးရွာအုပ်စုအတွင်းရှိ လေးကွယ်လိုရွာအတွင်းသို့ ၁၂၀မမ နှစ်လုံး၊ တာခူဒဲကျေးရွာအတွင်းသို့တစ်လုံးပစ်ခတ်ခဲ့ကြောင်း၊ ပြည်သူ ထိခိုက်မှုမရှိကြောင်း ထုတ်ပြန်သည်။

KNLA တပ်မဟာ(၅)နယ်မြေ ဖာပွန်ခရိုင်တွင် ဖေဖော်ဝါရီလအတွင်းကလည်း တိုက်ပွဲ ၈၆ကြိမ် ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ ၂၅ဦးသေဆုံးကာ ၄၅ဦး ဒဏ်ရာရရှိခဲ့သည်ဟု အသိပေးထားသည်။

(ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ – KNU)


Comments

Leave a Reply

Your email address will not be published. Required fields are marked *