သွားကျိုးအောင် ထိုးခံရသည့် ဗိုလ်ချုပ် ထင်လတ်ဦးမှာ တပ်တွင်းဖရဲသီးဖြစ်နေ

စစ်ရေးကိစ္စ စကားများရာမှ သွားကျိုးအောင် ထိုးခံရသည့် ဗိုလ်ချုပ် ထင်လတ်ဦးမှာ တပ်တွင်းဖရဲသီးဖြစ်နေ၊ စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ ဇနီးနှင့် အလွန်ရင်းနှီးသူလည်းဖြစ်

ရခိုင်ပြည်၊ မြောက်ပိုင်းမြို့များကို ရက္ခိုင့်တပ်တော်(AA)ထံ လက်လွှတ်ဆုံးရှုံးထားရပြီး စစ်မျက်နှာ အများအပြားတွင် စစ်ရှုံးနေသည့် အကြောင်းနှင့်ပတ်သက်၍ အထက်အရာရှိနှင့် စကားများရာမှ ထိုးကြိတ်ကြသည့်ဖြစ်စဉ်အတွင်း ဗိုလ်ချုပ် ထင်လတ်ဦးမှာ တပ်တွင်းဖရဲသီးတစ်ဦးဖြစ်နေကာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဇနီး ဒေါ်ကြူကြူလှနှင့် လွန်စွာရင်းနှီးသူတစ်ဦးဖြစ်သည်ဟု တပ်တွင်းသတင်းရင်းမြစ်ထံမှ သိရသည်။

စစ်တွေမြို့တွင် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၅ ရက်နေ့က နပဖတိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးနှင့် ဒကစ အကြီးအကဲ ဗိုလ်မှူးချုပ် ဆန်းထေးမောင်တို့ဆုံတွေ့စဉ် စစ်ရှုံးနေရသည့် အကြောင်းနှင့်ပတ်သက်၍ ဆွေးနွေးတိုင်ပင်ရာမှ အစပြုကာ ရန်မက်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အမ်းမြို့အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် စစ်တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးနှင့် စစ်တွေမြို့ အခြေစိုက် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် အကြီးအကဲ ဗိုလ်မှူးချုပ် ဆန်းထေးမောင်တို့ စစ်ရေးအခြေအနေအကြောင်း ဆွေးနွေးစဉ် အငြင်းပွားရာမှ ထိုးကြိတ်မှုဖြစ်ပွားခဲ့ပြီး ဗိုလ်ချုပ် ထင်လတ်ဦးမှာ သွားကျိုး၍ ဗိုလ်မှူးချုပ် ဆန်းထေးမောင်မှာ နှာခေါင်းရိုးကျိုးသွားကြောင်း သတင်းပေးပို့ချက်အရ သတင်းရေးသားဖော်ပြခဲ့သည်၊။

“ထင်လတ်ဦးက ရခိုင်သားလေ။ ခုရန်ဖြစ်တဲ့ ကိစ္စမဖြစ်ခင်ကတည်းက သူက ဖရဲသီး။ တချို့ကိစ္စတွေဆို သူပဲပေးတာ။ ရန်ဖြစ်တဲ့ကိစ္စမှာလည်း စီနီယာ၊ ဂျူနီယာ ဖြစ်နေတော့ ငယ်တဲ့ကောင်ကပိုခံရမှာပဲ” ဟု တပ်တွင်းသတင်းရင်းမြစ်ကပြောသည်။

ဗိုလ်ချုပ် ထင်လတ်ဦးနှင့် ခိုက်ရန်ဖြစ်ပွားသည့် ဗိုလ်မှူးချုပ် ဆန်းထေးမောင်ကိုမူ ထောင်တွင်းအကျဉ်းချထား၍ ဗိုလ်ချုပ် ထင်လတ်ဦးကိုမှု စစ်ကောင်စီမှ နေပြည်တော်သို့ခေါ်ယူကာ စစ်ဆေးမှုများပြုလုပ်နေပြီး ဗိုလ်ချုပ်ထင်လတ်ဦးမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဇနီး ဒေါ်ကြူကြူလှနှင့် လွန်စွာရင်းနှီးမှု ရှိသူဖြစ်သည်ဟုလည်း တပ်တွင်းသတင်းရင်းမြစ်က ထပ်မံပြောကြားသည်။

“ကြူကြူလှ ကယ်ရင်တော့ ပိုသက်သာမယ်ပေါ့ဗျာ။ သူက ကြူကြူလှကိုတော့ အတော်ပိုင်တယ်ပြောတယ်။ အစက သေဒဏ်တွေ ဘာတွေတောင်ကြားတာ။ ခုတော့ ထောင်နှစ်ရှည်ကျဖို့တော့ ကျိန်းသေနေတယ်” ဟု တပ်တွင်းသတင်းရင်းမြစ်က ဆိုသည်။

ဗိုလ်ချုပ်ထင်လတ်ဦးမှာ စစ်တက္ကသိုလ်ကျောင်း(DSA) အပတ်စဉ် ၃၆ ဆင်းဖြစ်ကာ ထိုးကြိတ်မှုအတွင်း နှာခေါင်းရိုးကျိုးကာ ထောင်တွင်းအချုပ်ခံထားရသည့် ဗိုလ်မှူးချုပ် ဆန်းထေးမောင်သည် စစ်ဘက်ဆိုင်ရာ အလုပ်သင်(အလသ) အပတ်စဉ် ၂၆ ဖြစ်၍ ရာထူးနှင့် သက်တမ်းအားဖြင့် ဗိုလ်ချုပ် ထင်လတ်ဦး၏ စီနီယာဖြစ်သည်။

ပုံစာ – ဗိုလ်မှူးချုပ်ဆန်းထေးမောင်ကြောင့် သွားကျိုးကာ နေပြည်တော်တွင် ခေါ်ယူစစ်ဆေးခံနေရသည့် ဗိုလ်ချုပ် ထင်လတ်ဦး


Comments

Leave a Reply

Your email address will not be published. Required fields are marked *