အနယ်နယ်အရပ်ရပ်မှ အုပ်ကြီးတို့ရဲ့ ပန်းပွင့်လေးများ (‌ေ၁၁ ပန်း)

ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ်ရှိ စစ်တပ်က တပ်စွဲထားသော ထွေအုပ်ရုံးနှင့် မော်တော်ပီကယ်ရုံးကို အဝေးထိန်း မိုင်းဖြင့် ၂ ကြိမ် ဖောက်ခွဲ တိုက်ခိုက်

ရန်ကုန်မြို့၊ ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ်ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော ထွေအုပ်ရုံးနှင့် မော်တော်ပီကယ်ရုံးကို အဝေးထိန်း မိုင်းဖြင့် ၂ ကြိမ် ဖောက် ခွဲ တိုက်ခိုက်ခဲ့ကြောင်း ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ် ပကဖ တာဝန်ခံ ဗိုလ် နိုင်မင်း ကပြောဆိုသည်။

မတ်လ ၁၄ ရက်နေ့ ည ၇ နာရီ ၅၁ မိနစ်အချိန် ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ မဝတလမ်းဆုံရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထား သော ထွေအုပ်ရုံးနှင့် မော် တော်ပီကယ်ရုံးကို ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က အဝေးထိန်းမိုင်းဖြင့် ၂ ကြိမ် ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှုအတွင်း အကြမ်းဖက် ကောင်စီတပ်သား ၁ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

၂၀၂၁ ခုနှစ် မတ်လ ၁၄ ရက်နေ့သည် ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၌ သွေးမြေကျခဲ့ရသော နေ့ရက် အချိန် ဖြစ်သောကြောင့် ၃ နှစ်အကြာ ၂၀၂၄ မတ်လ ၁၄ ရက်နေ့တွင် ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်တွင် အသက်ပေးခဲ့သော သူရဲကောင်းအပေါင်းနှင့် စစ်ရှုံးကောင်စီ၏ လက်အတွင်း ကျရောက်နေသော တော်လှန်ရေး ရဲဘော် အပေါင်း တို့အတွက် မကြောက်မရွံ့ နောက်မတွန့်ဘဲ ဆက်လက် တိုက်ပွဲဝင်နေကြသော ရဲဘော်များက အထိမ်းအမှတ် အဖြစ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ထွေအုပ်ရုံးသည် စစ်ရှုံးကောင်စီ ၏ အဓိက ဒေါက်တိုင် ဖြစ်ပြီး မြို့နယ်နေ ပြည်သူများကို အများဆုံး ဒုက္ခပေးသည့် နေရာဖြစ်ကြောင်း၊ သပိတ်အချိန်ကာလမှ စတင်ကာ တော်လှန် ပြည်သူများနှင့် တော်လှန်ရေးရဲဘော်များကို ဖမ်းဆီးပြီး ထိုရုံးအတွင်း ရိုက်နှက် ညှင်းပန်းမှုများကို ပြုလုပ်ခဲ့ကြောင်း၊ လွန်ခဲ့သည့် ၃ နှစ် မမေ့နိုင်သော မဝတ ညတွင်လည်း သူရဲကောင်းများကို ပစ်ခတ်သတ်ဖြတ်မှုများအတွက် ယင်းရုံးသည် အဓိက တရားခံဖြစ်ကြောင်း သိရသည်။

ထွေအုပ်ရုံးအနီးရှိ မဝတ မော်တော်ပီကယ် ရဲကင်းသည်လည်း မတ်လ ၁၄ ရက် မဝတ ညတွင် ထိုရဲကင်းအတွင်းက စစ်ကောင်စီ တပ်သားများက လက်နက်မဲ့ တော်လှန်ပြည်သူများကို ပစ်ခတ်ခဲ့ခြင်းကြောင်း၊ ထို့ပြင် ၎င်းတိုက်ခိုက်မှုသည် စစ်မှုထမ်း ဥပဒေ ကို မဖြစ်မနေ ဖော်ဆောင်ခြင်းအတွက်လည်း ပြည်သူများ စိုးရိမ်မှုမျိုးဖြစ်အောင် ဆက်လက်မပြုလုပ်ရန် မြောက်ဒဂုံ ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတိပေး တိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

ဆက်လက်၍ အကြမ်းဖက် စစ်တပ်၏ ဒေါက်တိုင်များနှင့် ခြေကုပ် စခန်းများကို အချိန်မရွေး ပစ်မှတ်ထား တိုက်ခိုက်သွားမည်ဖြစ်သောကြောင့် ပြည်သူများအနေဖြင့် စစ်ကောင်စီ တပ်သားများ တပ်စွဲထားရာ နေရာများ၊ စစ်ကောင်စီ တပ်သားများ နှင့် ထိစပ်သော နေရာများကို ရှောင်ရှားသွားလာကြပါရန်၊ နေ့စဉ် လူမှုဘဝ လှုပ်ရှားနေမှုများကို နားလည် လက်ခံသော်လည်း ပျော်ပွဲရွှင်ပွဲများဖြင့် ပျော်ပါးနေခြင်းများကို မပြုလုပ်ရန် အထူး သတိပေးအပ်ကြောင်း၊ တော်လှန်ပြည်သူများသည်လည်း တော်လှန်ရေး အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ အကြမ်းဖက် စစ်တပ်ကို ရရာနည်းဖြင့် တွန်းလှန်ကြရန်လည့် ထပ်မံ တိုက်တွန်း လိုကြောင်း ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ် ပကဖ တာဝန်ခံ ဗိုလ်နိုင်မင်း က ပြောဆိုသည်။

ဓာတ်ပုံ- ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်အတွင်းရှိ ၄၈ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး။

ရေဦးမြို့ပေါ်ရှိ ထွေအုပ်ရုံးတွင် စစ်မှုထမ်း ဥပဒေကို အကောင်အထည်ဖော်ရန် အစည်းအဝေးပြုလုပ်နေသော စစ်သားနှင့် အုပ်ချုပ်ရေးမှူးများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ၃ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ ရေဦးမြို့ပေါ်ရှိ အထွေအထွေ အုပ်ချုပ်ရေးမှူးရုံးတွင် အစည်းအဝေး ပြုလုပ်နေသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံးခဲ့ကြောင်း ရွှေဘိုခရိုင်အမှတ် ၁၄ တပ်ရင်း ရေဦး PDF မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

မတ်လ ၁၇ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်ခန့်တွင် ရေဦးမြို့ အထွေအထွေ အုပ်ချုပ်ရေးမှူးရုံးတွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးများ အစည်းအဝေးပြုလုပ်နေစဉ် ရွှေဘိုခရိုင် အမှတ် ၁၄ တပ်ရင်း ရေဦး PDF က Fixed Wings Drone ၂ စီးဖြင့် ဗုံးသီး ၄ လုံး ကျဲချ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်ဒဏ်ရာရရှိမှု များပြားကြောင်း သိရသည်။

အလားတူ မတ်လ ၁၅ ရက်နေ့ နံနက် ၉ နာရီ ၃၅ မိနစ်ခန့်တွင်ကလည်း ရေဦးမြို့ အထွေအထွေ အုပ်ချုပ်ရေးမှူးရုံး၊ ရွှေနဒီဦး ခန်းမ တွင် အစည်းအဝေးပြုလုပ်နေသော စစ်ကောင်စီ တပ်သားများကို ရွှေဘိုခရိုင်အမှတ် ၁၄ တပ်ရင်း ရေဦး PDF က Fixed Wings Drone ၃ စီးဖြင့် ဗုံးသီး ၃ လုံး ကျဲချ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ယနေ့ နံနက်ပိုင်းတွင် ၃ ဦးလုံး သေဆုံးခဲ့ကြောင်း သိရှိရသည်။

“ဒရုန်း ဗုံးသီး ၄ လုံးချခဲ့တာက ပစ်မှတ် တော်တော်လေး ထိတဲ့အတွက် လက်ရှိချိန်ထိ အဲလမ်းကို ပိတ်ပြီးတော့ ဘယ်ပြည်သူမှ အဝင်မခံဘူးပေါ့။ အဝင်မခံဘဲနဲ့ လက်နက်ငယ်တွေ အရမ်းပစ်ပြီးတော့ အစစ်အဆေးကြမ်းနေတယ်လို့ ကြားတယ်။ စစ်ခွေးတွေ အထိအခိုက် တော်တော်လေးကို များနိုင်တယ်။ ကျွန်တော် ရတဲ့ သတင်းက ရေဦးမှာရှိတဲ့ တပ်မဟာမှူး ဖြိုးဝင်ထက် ဦးစီးပြီးတော့ ပြုလုပ်တဲ့ အစည်းအဝေးပါ။ အဲအစည်းအဝေးကို ဒရုန်းနဲ့ ဗုံးသီး ၄ လုံး ၂ ခေါက်ပြန်ချတာပေါ့။ ၁၅ ရက်နေ့က ဒရုန်းနဲ့ ချခဲ့တဲ့ဟာက ဒီနေ့ မနက်ပိုင်းမှာ စစ်အုပ်စုရော ပျူရောပေါ့။ ၃ ဦး ဆေးရုံမှာ ထပ်ပြီးသေတယ်လို့ သိရတယ်။ စစ်ကောင်စီဘက်က စစ်မှုထမ်း ဥပဒေနဲ့ ပတ်သက်ပြီးတော့ အုပ်ချုပ်ရေးမှူးတွေကို ခေါ်ပြီး ရပ်ကွက်ထဲက လူငယ်လူရွယ်တွေကို ခေါ်ယူ ညှိနှိုင်းတဲ့ အစည်းအဝေး အဲတာကို အုပ်ချုပ်ရေးမှူးတွေနဲ့ စစ်ကောင်စီ တပ်သားတွေရှိတုန်း အချိန်ကို ဒရုန်းနဲ့ တိုက်ခိုက်တာပေါ့။ အစည်းအဝေးလည်း ပျက်သွားတယ်” ဟု ရွှေဘိုခရိုင်အမှတ် ၁၄ တပ်ရင်း ရေဦး PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

ရွှေဘိုခရိုင်အမှတ် ၁၄ တပ်ရင်း ရေဦး PDF သည် ရေဦးမြို့ပေါ်ရှိ အကြမ်းဖက် စစ်ကောင်စီတပ်သားများကို ဒရုန်း စစ်ဆင်ရေးများဖြင့် ဆက်တိုက် တိုက်ခိုက်သွားမည်ဖြစ်ကြောင်း၊ မြို့ပေါ်နေ လူငယ်များအနေဖြင့် အကြမ်းဖက် စစ်ကောင်စီက မတရားသဖြင့် စစ်မှုထမ်းခိုင်းခြင်းကို ဆန့်ကျင်၍ လွတ်မြောက်နယ်မြေများကို အမြန်ဆုံး သွားရောက်ပြီး ပြည်သူ ကာကွယ်ရေး တပ်မတော်နှင့် တခြား ကဏ္ဍအသီးသီးတွင် တော်လှန်ရေးကို ပူးပေါင်း ပါဝင်ပေးကြရန် မေတ္တာရပ်ခံကြောင်း ရွှေဘိုခရိုင်အမှတ် ၁၄ တပ်ရင်း ရေဦး PDF မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက် ပြောဆိုသည်။

ကျိုက်ထိုမြို့နယ်အတွင်း စစ်မှုထမ်း ဥပဒေကို အကောင်အထည် ဖော်နေသူများကို အရေးယူမည်သွားဟု ကျိုက်ထို တော်လှန်ရေး အင်အားစု ထုတ်ပြန်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်း စစ်မှုထမ်းဥပဒေကို အကောင်အထည်ဖော်ရာတွင် ပါဝင် ဆောင်ရွက်နေသူများကို အရေးယူသွားမည် ဖြစ်ကြောင်း ကျိုက်ထိုတော်လှန်ရေး အင်အားစုက ယနေ့မတ်လ ၁၇ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီ၏ စစ်မှုထမ်း ဥပဒေကို အကောင်အထည်ဖော်ရန် ကျိုက်ထို မြို့နယ်အတွင်းရှိ ရပ်ကျေး အုပ်ချုပ်ရေးမှူးများကို အစည်းအဝေးခေါ်ယူပြီး စစ်မှုထမ်းရန်အတွက် တစ်ရွာလျှင် ၁၀ ဦးနှုန်း စာရင်းပေးသွင်းရမည်ဟု မကြာမီအချိန်ကာလ တစ်ခုတွင် ညွှန်ကြားခဲ့ ကြောင်း သိရသည်။

အဆိုပါ စစ်မှုထမ်းဥပဒေကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် စစ်ကောင်စီဘက်မှ ကိုယ်တိုင် ကိုယ်ကျပါဝင်၍ဖြစ်စေ၊ အားပေးကူညီ၍ဖြစ်စေ၊ လိုက်ပါ ပူးပေါင်းပါဝင် ကူညီဆောင်ရွက်သူ ဌာန ဆိုင်ရာ ဝန်ထမ်းများ၊ မြို့နယ်နှင့် ရပ်ကျေးအုပ်ချုပ်ရေးမှူများ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများများနှင့် ထောက်တိုင်များကို အဖွဲ့အစည်းလိုက်ဖြစ်စေ၊ တစ်ဦးချင်းဖြစ်စေ မည်သူ့ကိုမဆို စစ်ရေးအဖြစ် သတ် မှတ်ကာ ထိထိရောက်ရောက် အပြစ်ပေး အရေးယူသွားမည်ဖြစ်ကြောင်း ကျိုက်ထိုတော်လှန်ရေးအင် အားစု – KRF က ထုတ်ပြန်ထားသည်။

ကျိုက်ထိုတော်လှန်ရေးအင်အားစု – KRF အနေဖြင့် အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီ၏ စစ်မှု ထမ်း ဥပဒေကို ဆန့်ကျင်ရှုံ့ချကြောင်း ကျိုက်ထိုမြို့နယ်အတွင်းရှိ ပြည်သူများကို အသိပေးထား သည်။

ရှမ်းပြည်တောင်ပိုင်းတွင် စစ်မှုထမ်းဥပဒေကို အကောင်အထည်ဖော်နေသူများအား ထိရောက်စွာ အရေးယူသွားမည်ဟု ရှမ်းပြည်နယ်တောင်ပိုင်းတော်လှန်ရေးလူငယ်အင်အားစုက ထုတ်ပြန်

ရှမ်းပြည်နယ်တောင်ပိုင်းအတွင်း၌ အကြမ်းဖက်စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေကို အကောင်အထည် ဖော်နေသူများအား ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း ရှမ်းပြည်နယ်တောင်ပိုင်း တော်လှန် ရေးလူငယ်အင်အားစု (SSRY) က ယနေ့ ထုတ်ပြန်သည်။

စစ်မှုထမ်းရန်အတွက် အကြမ်းဖက် စစ်ကောင်စီ၏ ထုတ်ပြန်ချက် ထွက်ပေါ်လာပြီးနောက် ရှမ်းပြည် နယ်တောင်ပိုင်းရှိ မြို့နယ်များမှ လဝက၊ ထွေအုပ်၊ ရပ်ကျေး ၊ ရာအိမ်မှူး၊ဆယ်အိမ်မှူးများနှင့် နောက် လိုက်များ သည် နိုင်ငံရေးမတည်ငြိမ်မှုကို အခွင့်ကောင်းယူကာပြည်သူများအား မတရား ခြိမ်းခြောက် ကာ အကျိုးစီးပွားရှာနေကြကြောင်း သိရသည်။

ထိုသို့ ကိုယ်ကျိုးစီးပွားရှာနေကြသော သူများ၏ ကိုယ်ရေးအချက်အလက်များကို ရရှိထားပြီး စစ် ကောင်စီ၏ စစ်မှုထမ်း ဥပဒေကို အကောင်အထည်ဖော်ပေးနေသည့် ရပ်/ကျေး အုပ်ချုပ်ရေးမှူး များကို ထိထိရောက်ရောက် အရေးယူသွားမည်ဖြစ်ကြောင်း ရှမ်းပြည်နယ်တောင်ပိုင်းတော်လှန် ရေးလူငယ်အင်အားစု (SSRY) အမှတ် ၁၀၀၈ တပ်ရင်းက ထုတ်ပြန်ထားသည်။

တိုင်းပြည်အတွက် အသက်ပေးတိုက်ပွဲဝင်သွားသည့် ရဲဘော်များနှင့် ပြည်တွင်းစစ်ဘေးကြောင့် ဒုက္ခ ရောက်နေရသူများကို လျစ်လျူရှုကာ ကိုယ်ကျိုးစီးပွားကို ရှေ့တန်းတင်နေသူများနှင့် အကြမ်းဖက် စစ်ကောင်စီကို ရှမ်းပြည်နယ် တောင်ပိုင်း တော်လှန်ရေးလူငယ်အင်အားစု (SSRY) အမှတ် ၁၀၀၈ တပ်ရင်းမှ အမြစ်ဖြတ်ချေမှုန်းသွားမည်ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

အကြမ်းဖက်စစ်ကောင်စီသည် ပြည်သူများကို ကျွန်ပြု၍ စစ်သည်အင်အားများ စုဆောင်းလိုသဖြင့် အလိမ်အညာ စစ်မှုထမ်းဥပဒေ ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ယင်းထုတ်ပြန်ချက်များကို ပြင်းပြင်းထန်ထန် ရှုံးချ ကန့်ကွက်သွားမည်ဖြစ်ကြောင်း ရှမ်းပြည်နယ်တောင် ပိုင်း တော်လှန်ရေးလူငယ်အင်အားစု (SSRY) အမှတ် ၁၀ဝ၈ တပ်ရင်းမှ အသိပေးထာသည်။

သန်လျင်၊ ကုလားဝဲကျေးရွာတွင် တစ်အိမ်တည်းမှ လူငယ် ၃ ဦး စစ်မှုထမ်းရန် မဲပေါက်သဖြင့် ကလိန်ကကျစ်ကျသည်ဟုဆိုကာ အုပ်ချုပ်ရေးမှူးကို ခေါင်းရိုက်ခွဲ

ဒေါပုံ သင်္ဘောကျင်းရပ်ကွက်တွင်လည်း စစ်မှုထမ်းရေး မဲနှိုက်ပွဲလုပ်ရင်း ရုန်းရင်းဆန်ခတ်ဖြစ်၊ လှည်းကူးမြို့နယ် အလံတပိုကျေးရွာတွင် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များ၏ သား၊တူများ စစ်မှုထမ်းစာရင်းမှ ထုတ်ထား

ရန်ကုန်တိုင်းသန်လျင်မြို့နယ်၊ ကုလားဝဲကျေးရွာတွင် တစ်အိမ်တည်းမှ လူငယ် ၃ ဦး စစ်မှုထမ်းရန် မဲပေါက်သ ဖြင့် ကလိန်ကကျစ်ကျသည်ဟုဆိုကာ အုပ်ချုပ်ရေးမှူးကို ခေါင်းရိုက်ခွဲပြီး လူငယ်များနှင့် မိသားစုများထွက်ပြေးသွားကြောင်း စုံစမ်းသိရှိရသည်။

မတ်လ ၁၈ ရက်နေ့ ရန်ကုန်တိုင်း၊သန်လျင်မြို့နယ်၊ကုလားဝဲကျေးရွာတွင် စစ်မှုထမ်းရမည့် လူငယ်များကို မဲနှိုက်ရွေးချယ်ကြောင်း၊ ထိုသို့ ရွေးချယ်ရာတွင် တစ်ရွာလုံးတွင် လူငယ် ၃ ဦးသာ ရွေးချယ်ရာတွင် အိမ်တစ်အိမ်တည်းမှ သား နှင့် သမက် ၃ ဦးလုံး မဲပေါက်ကြောင်း၊ အုပ်ချုပ်ရေးမှူး၏ သားဖြစ်သူများမှာ စစ်မှုထမ်းစာရင်းမပါဝင်ဘဲ အိမ်တစ်အိမ်တည်းမှ လူငယ် ၃ ဦး စစ်မှုထမ်းရန် မဲပေါက်မှုမှာ ကလိန်ကကျစ်လုပ်ကြောင်း ပေါ်လွင်၍ အုပ်ချုပ်ရေးမှူးကို မဲပေါက်သည့် လူငယ် ၃ ဦး၏ ဖခင်က ခေါင်းရိုက်ခွဲပြီး ထွက်ပြေးသွားကြောင်း သိရှိရသည်။

“မနေ့က ကုလားဝဲကျေးရွာမှာ မဲနှိုက်တာကို တစ်အိမ်တည်းမှာပဲ လူငယ် ၃ ဦး မဲပေါက်တယ်။ သားနဲ့သမက်စုစုပေါင်း ၃ ဦး မဲပေါက်တော့ အဖေလုပ်တဲ့သူက အုပ်ကြီး ကလိန်ကကျစ်လုပ်တာဆိုပြီး ခေါင်းရိုက်ခွဲတယ်။ အုပ်ကြီးသားတွေကျတော့ စစ်မှုထမ်းထဲ မထည့်ဘဲ ငါ့သားနဲ့သမက်တွေကိုတော့ အကုန်လုံး စစ်ထဲထည့်ရမလားဆိုပြီး အဖေက ဒေါသထွက်ပြီး အုပ်ကြီးကို ခေါင်းရိုက်ခွဲတာ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ယင်းနောက် အကြမ်းဖက်စစ်တပ်က ကျေးရွာသို့ ရောက်ရှိလာပြီး အုပ်ချုပ်ရေးမှူးကို ခေါင်းရိုက်ခွဲသူ ဖခင်နှင့် လူငယ်တချို့ကို ဖမ်းဆီးရန် ကြိုးစားကြောင်း၊ ပြည်သူများ ၀ိုင်းအုံလာသဖြင့် စစ်တပ်က သေနတ်ပစ်ဖောက်ခဲ့ကြောင်း၊ လက်ရှိတွင် အုပ်ချုပ်ရေးမှူးကို ရိုက်နှက်သွားသူနှင့် လူငယ်တချို့ ထွက်ပြေး လွတ်မြောက်သွားကြောင်း သိရှိရသည်။

” မဲနှိုက်တာနဲ့ မဲပေါက်တာမှာ အုပ်ကြီးအကြံအဖန်လုပ်တာ၊ အုပ်ကြီးသားတွေတယောက်မှမပါဘဲ အကြံအဖန်လုပ်တယ်ဆိုပြီး ဖခင်ကဒေါသထွက်ပြီး အုပ်ကြီးကိုခေါင်းရိုက်ခွဲတယ်။ ရွာကလူတွေကဝိုင်းလာလို့ စစ်တပ်ကသေနတ်ဖောက်ပြီး ရိုက်နှက်တဲ့ ဖခင်အပါအဝင်ရွာက ၂ ဦးကို လိုက်ရှာပြီးဖမ်းဖိုလုပ်နေတယ်။ လောလောဆယ်တော့ လွတ်သွားတယ်။ အခုသန်လျင်မြို့ထဲမှာလည်း စစ်ကားတွေ ပတ်နေတယ်” ဟု သန်လျင်ဒေသပြည်သူတစ်ဦးက ရှင်းပြသည်။

အလားတူ ယနေ့ ဒေါပုံ၊ သင်္ဘောကျင်းရပ်ကွက်တွင်လည်း စစ်မှုထမ်းရေး မဲနှိုက်ကြရန် မကျေနပ်မှုများဖြစ်ပေါ်ကာ ရုန်းရင်းဆန်ခန်ဖြစ်သဖြင့် စစ်တပ်နှင့်ရဲက ရောက်ရှိလာကြောင်း သိရှိရသည်။

“ဒီနေ့ ဒေါပုံ သင်္ဘောကျင်းရပ်ကွက်မှာ စစ်မှုထမ်း မဲနှိုက်တာ။ ပထမ မဲပေါက်တဲ့ ၂ ယောက်က ဆေးမအောင် လက်မှတ်တင်ပြလာတယ်။ အဲဒါကြောင့် မဲထပ်နှိုက်တာမှာ ရပ်ကွက်က မကျေမနပ်ဖြစ်ပြီး ရပ်ကွက်ရုံး မှာ ရုန်းရင်းဆန်ခတ်ဖြစ်ကြတယ်။ စစ်ခွေးနဲ့ရဲခွေးတွေ ရောက်နေတယ်” ဟု ဒေါပုံမှ ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ထို့ပြင် ရန်ကုန်တိုင်းလှည်းကူးမြို့နယ်အလံတပို ကျေးရွာတွင်လည်း စစ်မှုထမ်းရမည့် လူငယ်များ စာရင်းများ ပြုလုပ်ရာတွင် ရာအိမ်မှူး‌ကျော်မိုး၏ တူတော်စပ်သူ မောင်ထက်ကို ၊ ဆယ်အိမ်မှူး ဝင်းရှိန်၏ တူတော်စပ်သူ မောင်ပြည့်ဖြိုး ၊ ဆယ်အိမ်မှူးတင်စိုး၏ သားဖြစ်သူ၊ တူတော်စပ်သူ အောင်ဟိန်းထက်တို့၏ နာမည်များကို ဖြုတ်ပယ်ထားကြောင်း သိရှိရသည်။

ဓာတ်ပုံ- ငပုတောတွင် ယမန်နေ့ စစ်မှုထမ်းရမည့် လူငယ်များစာရင်းကို မဲဖောက်နေကြစဉ်။

စလင်းမြို့နယ်တွင် လူငယ်များကို စစ်မှုထမ်းရန် အသံချဲ့စက်ဖြင့် နှိုးဆော်နေသည့် အုပ်ချုပ်ရေးမှူး ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး

မကွေးတိုင်း၊ စလင်းမြို့နယ်တွင် လူငယ်များကို စစ်မှုထမ်းရန် အသံချဲ့စက်ဖြင့် နှိုးဆော်နေသည့် အုပ်ချုပ်ရေးမှူး ၁ ဦးကို ပစ်ခတ် တိုက်ခိုက်ရာ ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

မတ်လ ၁၈ ရက်နေ့ ည ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် မှာ သရက်တောတိုက်နယ်၊ ပခက်တိုင်ကျေးရွာ (ကပစ ၂၁ ) အနီးတွင် ပခက်တိုင်ရွာ အုပ်ချုပ်ရေးမှူး မြင့်ထူးသည် ကျေးရွာနေ ပြည်သူများကို အသံချဲ့စက်ဖြင့် စစ်မှူထမ်းရန် နှိုးဆော်နေစဥ် စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပစ်ခတ် တိုက်ခိုက်ရာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

သေဆုံးသွားသော ပခက်တိုင်ရွာ အုပ်ချုပ်ရေးမှူး မြင့်ထူး ထံမှ လက်လုပ် ပစ္စတို သေနတ် ၁ လက်နှင့် ဆက်သွယ်ရေး စက် ၁ လုံး သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

“စစ်ကောင်စီရဲ့ စစ်မှူထမ်းဥပဒေနဲ့ ပြည်သူအပေါ် မတရားသဖြင့် နိုင့်ထက်စီးနင်း လုပ်နေသူ လက်ပါးစေမှန်သမျှကို အတတ်နိုင်ဆုံးထိထိရောက်ရောက် အရေးယူသွားမှာ ဖြစ်တယ်လို့ ပြောချင်ပါတယ်” ဟု စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

စစ်ကောင်စီအတွက် အတင်းအဓမ္မ စစ်သား စုဆောင်းပေးသော ရပ်/ရွာအုပ် ချုပ်ရေးမှူးများကို ပြင်းပြင်းထန်ထန် အရေးယူမည်ဟု TNLAက တရားဝင်ကြေညာ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုး၊ သီပေါ၊ ကျောက်မဲ၊ နောင်ချို၊ မိုးကုတ်နှင့် မိုးမိတ်မြို့တို့တွင် အကြမ်း ဖက်စစ်ကောင်စီအတွက် အတင်း အဓမ္မစစ်သား စုဆောင်းပေးသော ရပ်ရွာ အုပ်ချုပ်ရေးမှူးများကို ပြင်းထန်စွာ အရေး ယူသွားမည်ဖြစ်ကြောင်း TNLA က ယနေ့ မတ်လ ၁၉ ရက်နေ့တွင် တရားဝင်ကြေညာ သည်။

မြန်မာစစ်ကောင်စီက အသင့်တင့် တည်ငြိမ်အေးချမ်းနေပြီဖြစ်သည့် ပလောင်ပြည်နယ်လွတ်မြောက် ရေးတပ်ဦး PSLF/TNLA ၏ စစ်ဒေသအတွင်းရှိ လားရှိုးမြို့နယ်၊ သီပေါမြို့နယ်၊ ကျောက်မဲမြို့နယ်၊ နောင်ချို မြို့နယ်၊ မိုးကုတ်မြို့နယ်၊ မိုးမိတ်မြို့နယ်တို့တွင် ပြည်သူ့ဘဝလုံခြုံနေမှုတို့ကို ခြိမ်းခြောက် ကာ စစ်မှုထမ်းရန်အတွက် အဓမ္မစစ်သားစုဆောင်းနေသည်ဟု ပြည်သူလူထုများက PSLF/TNLA ထံ တိုင်ကြား အကူအညီတောင်းခံခဲကြကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်ကောင်စီ၏ စစ်သားစုဆောင်းနေပုံမှာ ရပ်ကွက်မှူး၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ အုပ်စု အုပ်ချုပ်ရေး မှူးများကို သတ်မှတ်ထားသည့် တပ် သားသစ် ဦးရေအတိုင်း စစ်ကောင်စီတပ်သို့ ကောက်ခံပို့ ဆောင်ပေးရန် ချမှတ်လာခြင်းဖြစ်ပြီး ရပ်ရွာအုပ်ချုပ်ရေးမှူးတို့သည် စစ်ကောင်စီ၏ အဓမ္မ ဖိအားပေးစေခိုင်းမှုကို မလွှဲမရှောင်သာ အချို့နေရာတွင် စတင်ပြီး အကောင်အထည်ဖော်နေ ကြောင်း သိရှိရသည်။

မြန်မာစစ်ကောင်စီထံ စစ်မှုထမ်းရန်အတွက် အုပ်ချုပ်ရေးမှူးများကို အဓမ္မစစ် သား စုဆောင်းခိုင်းစေ ခြင်းကို မြို့မိမြို့ဖအပါအဝင် ရပ်ရွာလူထုနှင့် PSLF/TNLA က လက်မခံကြောင်း၊ အကယ်၍ အုပ်ချုပ် ရေးမှူး တစ်ဦးဦးသည် လူထုဆန္ဒကို ဆန့်ကျင်ကျော်လွန်ပြီး စစ်ကောင်စီအတွက် တပ်သားသစ် စု ဆောင်းပေးပါက အဆိုပါ အုပ်ချုပ်ရေးမှူးကို ပြင်းထန်စွာ အရေးယူသွားမည်ဖြစ် ကြောင်း PSLF/TNLAက တရားဝင် ကြေညာသည်။

မြိုင်နှင့် ပေါင်းတည်တွင် ပျူစောထီး ခေါင်းဆောင် နှင့် အုပ်ချုပ်ရေးမှူး တို့ ပစ်ခတ်ခံရပြီး ၁ ဦးသေဆုံး

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ဝက်ပုတ်ရွာ ပျူစောထီး စခန်းမှ ပျူစောထီး ခေါင်းဆောင် ၁ ဦးကို ပစ်ခတ် တိုက်ခိုက်ရာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း မြိုင်မြို့နယ် ဘာမထီ လက်နက်ကြီးပြောက်ကျားတပ်ဖွဲ့ထံမှ သိရသည်။

မတ်လ ၁၈ ရက်နေ့ နံနက် ၇ နာရီခန့်တွင် မြိုင်မြို့နယ်၊ ဝက်ပုတ်ရွာ ပျူစောထီး စခန်းမှ ပျူစောထီးခေါင်းဆောင် ဝင်းငွေ ကို တော်လှန်ရေး တပ်ဖွဲ့များက အနီးကပ် ပစ်ခတ် တိုက်ခိုက်ရာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ပစ်ခတ် တိုက်ခိုက်မှုကို ပခုက္ကူခရိုင် တပ်ရင်း – ၁ ၊ ပခုက္ကူခရိုင် တပ်ရင်း – ၂ ၊ မဟာမိတ်တပ်ပေါင်းစု (ဇာမဏီ ပြောက်ကျားတပ်ဖွဲ့၊MUGDF၊James Bondတပ်ဖွဲ့) ၊ ကင်ဒိုတပ်ဖွဲ့ ၊ ဘာမထီပြောက်ကျားတပ်ဖွဲ့၊ ပကဖ တပ်ရင်း-၁ တပ်ခွဲ-၁ နှင့် Union Brothers (တပ်ခွဲ-၁) တို့က ပူပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

အလားတူ ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ ကံငယ်အုပ်စု၊ သာလှပင်စီရွာနေ အကြမ်းဖက်စစ်တပ် ထောက်တိုင် ကံငယ်အုပ်စု အုပ်ချုပ်ရေးမှူး မျိုးမြင့်သိန်းကို ပစ်ခတ်ခဲ့ရာ ဒဏ်ရာရရှိပြီး ထွက်ပြေး လွတ်မြောက်သွားကြောင်း ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် – ၃၆၀၁ PPDF တပ်ရင်း သတင်းနှင့်ပြန်ကြားရေးတာဝန်ခံကပြောကြားသည်။

မတ်လ ၁၇ ရက် ညနေ ၆ နာရီအချိန်ခန့်က ပေါင်းတည်မြို့နယ်၊ ကံငယ်အုပ်စု၊ သာလှပင်စီရွာနေ အကြမ်းဖက် စစ်ကောင်စီ ထောက်တိုင် ကံငယ်အုပ်စု အုပ်ချုပ်ရေး မှူးမျိုးမြင့်သိန်းကို နေအိမ်အ တွင်းရေချိုးနေစဉ် ပစ်ခတ်ရှင်းလင်းရာ ခြေထောက်ကို သေနတ် ၂ ချက်ထိမှန်ပြီး နေအိမ်ထဲသို့ ဝင် ပြေးသွားကြောင်း၊ ထို့ကြောင့် မဆိုင်သူမိသားစုဝင်များ ထိခိုက်မည်စိုးရိမ်သဖြင့် ထပ်မံပစ်ခတ်ခြင်း မပြုတော့ပဲ ပြန်လည် ဆုတ်ခွာခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း ၃၆၀၁ – PPDF တပ်ဖွဲ့၊ တပ်ခွဲ ၄ မှ ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ် ခွာနိုင်ခဲ့ကြောင်း သိရသည်။

ပစ်ခတ်ခံရသူ အကြမ်းဖက်စစ်ကောင်စီ၏ ထောက်တိုင် မျိုးမြင့်သိန်းသည် စစ်သား၊ ရဲများဖြင့် ပေါင်း ကာ ကျေးရွာအုပ်စုအတွင်းနေ ပြည်သူများအပေါ် အာဏာပြ ဗိုလ်ကျခြင်း၊ စစ်ကောင်စီ အလိုကျ ပျူ စောထီးဖွဲ့ရန် လူငယ်များအား အဓမ္မစုဆောင်းခြင်း၊ လောင်းကစား ဒိုင်များအား လိုင်ကြေးကောက် ပြီး စစ်ကောင်စီကို ထောက်ပံ့ခြင်းတို့ ပြုလုပ်နေသူဖြစ်ကြောင်း သိရသည်။

ပြည်သူကာကွယ်ရေးတပ်မတော်အနေဖြင့်အကြမ်းဖက်စစ်ကောင်စီ၏ ထောက်တိုင်၊ စစ်သား၊ ရဲ၊ ရပ် ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ပျူစောထီးများကို ပြတ်ပြတ်သားသား အရေးယူဆောင်ရွက် နေ ပြီ ဖြစ်ပြီး ပြည်သူများအနေဖြင့်လည်း ၎င်းတို့နှင့်အတူ သွးလာနေထိုင်ခြင်း မပြုကြရန် အသိပေး ထုတ်ပြန်ထားသည်။

နတ်တလင်းမြို့နယ်တွင် တစ်ရွာလုံး စစ်မှုထမ်းမည်ဟု ကြွေးကြော်ထားသည့် ပျဉ်ပုံရွာ အုပ်ချုပ်ရေးမှူးနှင့် ပျူစောထီး ခေါင်းဆောင်ကို PDF တပ်ဖွဲ့က ဝင်ရောက် ပစ်ခတ်မှု ၁ ဦးသေဆုံး

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်တွင် တစ်ရွာလုံး စစ်မှုထမ်းမည်ဟု ကြွေးကြော်ထားသည့် ပျဉ်ပုံရွာ အုပ်ချုပ်ရေးမှူးနှင့် ပျူစောထီး ခေါင်းဆောင်ကို PDF တပ်ဖွဲ့က ဝင်ရောက် ပစ်ခတ်မှု ၁ ဦးသေဆုံးခဲ့ကြောင်း နတ်စစ်သည် တပ်ဖွဲ့ ခေါင်းဆောင် မှ ပြောဆိုသည်။

မတ်လ ၁၈ ရက်နေ့ ည ၉ နာရီ ၃၀ မိနစ်ခန့်တွင် ပျဉ်ပုံပျူစောထီးရွာ အုပ်ချုပ်ရေးမှူး ရဲအောင်ကို နတ်စစ်သည်အဖွဲ့က ကျေးရွာအတွင်း ဝင်ရောက် ပစ်ခတ်ရာ ပျူစောထီးအဖွဲ့များနှင့် ၎င်း မိသားစုများ အင်အား ၃၀ ခန့်က ပြန်လည် ခုခံ တိုက်ခိုက်ရန် လုပ်ဆောင်ခဲ့ပြီး ဓားဖြင့်ဝင်ခုတ်သူ ပျူစောထီး ခေါင်းဆောင် စိုးလေးကို နတ်စစ်သည် တပ်ဖွဲ့က ပစ်ခတ်တိုက်ခိုက်ရာ သေဆုံးခဲ့ကြောင်း သိရသည်။

ပစ်ခတ် တိုက်ခိုက်မှုအတွင်း ကျေးရွာ အုပ်ချုပ်ရေးမှူး ရဲအောင် သည် ထွက်ပြေး လွတ်မြောက်သွားခဲ့ပြီး နတ်စစ်သည် တပ်ဖွဲ့မှ ရဲဘော်များကို ဝင်ရောက် တိုက်ခိုက်ခဲ့သော ပျူစောထီး တချို့ကို ပြန်လည် ပစ်ခတ်ခုခံပြီး တော်လှန်ရေး ရဲဘော်များ ဘေးကင်းစွာ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

နတ်တလင်းမြို့နယ်၊ ပျဉ်ပုံကျေးရွာသည် ပျူစောထီး အများအပြား နေထိုင်သော ကျေးရွာဖြစ်ပြီး ပထမအကြိမ် စစ်တပ်မှ စစ်မှုထမ်းရန် မဲနှိုက်စေခိုင်းရာတွင် ၎င်းရွာရှိ အုပ်ချုပ်ရေးမှူး ရဲအောင်နှင့် ဆွေမျိုး တော်စပ်သူ ပျူစောထီး ခေါင်းဆောင် စိုးလေးမှ မဲမနှိုက်တော့ဘဲ တစ်ရွာလုံး စစ်မှုထမ်းမည်ဟု ကြွေးကြော်ထားခြင်းဖြစ်ကြောင်း သိရသည်။

ပုလောမြို့နယ်အတွင်း စစ်မှုထမ်း ဥပဒေ အသက်ဝင်ရန် ကူညီဆောင်ရွက်နေသော အုပ်ချုပ်ရေးမှူးများကို ပြင်းပြင်းထန်ထန် အရေးယူမည်ဟု ပုလော PDF က သတိပေး

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်အတွင်း စစ်မှုထမ်း ဥပဒေ အသက်ဝင်ရန် ကူညီဆောင်ရွက်နေသော အုပ်ချုပ်ရေးမှူးများကို ပြင်းပြင်းထန်ထန် အရေးယူမည်ဖြစ်ကြောင်း မြိတ်ခရိုင်အမှတ် ၁ တပ်ရင်း ပုလော PDF မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

ပုလောမြို့နယ်အတွင်းရှိ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ အနေဖြင့် အကြမ်းဖက် စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်း ဥပဒေကို အသက်ဝင် စေရန် ကူညီဆောင်ရွက်ခြင်း မပြုလုပ်ရန် သတိပေးလိုကြောင်း၊ အကြမ်းဖက် စစ်တပ်၏ တောင်းဆိုချက်များကို လိုက်လျောကာ ပုလောမြို့နယ်အတွင်းရှိ လူငယ် လူရွယ်များကို ဖက်ဆစ် စစ်တပ်အတွင်း အတင်းအကျပ် ထည့်သွင်းပါက ပြုလုပ်ဆောင်ရွက်သူ တစ်ဦးစီတိုင်းကို အပြင်းထန်ဆုံး အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

“လက်ရှိ ပြည်သူတွေ တိုင်ကြားထားတဲ့ အုပ်ချုပ်ရေးမှူးတွေရှိပါတယ်။ အမှတ် ၃ ရပ်ကွက် အုပ်ချုပ်ရေးမှူး ထွန်းမြင့်ဆိုတဲ့ တစ်ယောက်ကိုတော့ ဒေသပြည်သူတွေ တိုင်ကြားလာတာ များတယ်” ဟု မြိတ်ခရိုင်အမှတ် ၁ တပ်ရင်း ပုလော PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီသည် “ပြည်သူ့စစ်မှုထမ်း” ဥပဒေကို အတည်ပြုကြေညာခဲ့ပြီး မြန်မာ ပြည်သူလူထုတရပ်လုံးကို ဖိနှိပ်ရန် ကြိုးပမ်းလာခဲ့ကြောင်း။ ၎င်းတို့၏ အကျိုးစီးပွားကို နောက်ဆုံးအချိန်ထိ ကာကွယ်ရန် လူငယ်လူရွယ် များကို ဖက်ဆစ် စစ်တပ်အတွင်း အတင်းအကျပ် သွပ်သွင်းရန် ဆောင်ရွက်လာခဲ့ခြင်းဖြစ်ကြောင်း မြိတ်ခရိုင်အမှတ် ၁ တပ်ရင်း ပုလော PDF မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက် ပြောဆိုသည်။

တောင်တွင်းကြီးတွင် စစ်မှုထမ်းဥပဒေအရ လူငယ်များကို စစ်သားအဖြစ် စု ဆောင်းပေးနေသည့် အုပ်ချုပ်ရေးမှူးများနှင့်ဒေါက်တိုင်များကို ထိထိရောက်ရောက် အပြစ်ပေး အရေးယူမည်ဟု ကြေညာ

မကွေးတိုင်း တောင်တွင်းကြီးမြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်က ထုတ်ပြန်ထားသည့် စစ်မှုထမ်းဥပဒေကို အကောင်အထည်ဖော်ရန် ကူညီပေးနေသည့် အုပ်ချုပ်ရေးမှူးများနှင့် ဒေါက်တိုင်များကို စစ်ရေးအဖြစ် သတ်မှတ်ပြီး ထိထိရောက်ရောက် အပြစ်ပေး အရေးယူသွားမည်ဖြစ်၍ ပြည်သူများ ပူးပေါင်းပေးရန် တိုက်တွန်းကြောင်း တောင်တွင်းကြီး အထူးပြောက်ကျားတပ်ဖွဲ့က ကြေညာချက် ထုတ်ပြန်သည်။

တောင်တွင်းကြီးမြို့နယ်အတွင်း စစ်မှုထမ်းဥပဒေကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် စစ်ကောင်စီဘက်မှ ကိုယ်တိုင်ကိုယ်ကျ ပါဝင်၍ဖြစ်စေ၊ အားပေးကူညီ၍ဖြစ်စေ လိုက်ပါ ပူးပေါင်းပါဝင် ကူညီဆောင်ရွက်သူ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ မြို့နယ်နှင့် ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူး/ဆယ်အိမ်မှူးများ၊ စကစ အားပေး ဒေါက်တိုင်များကို အဖွဲ့အစည်းသော် လည်း ကောင်း၊ တစ်ဦးချင်း တစ်ယောက်ချင်းသော်လည်းကောင်း မည်သူ မဆို အပြစ်ပေးအရေးယူသွားမည်ဖြစ်ကြောင်း တောင်တွင်းကြီး အထူးပြောက် ကျားတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

ပြည်သူများအနေဖြင့် အကြမ်းဖက် စစ်တပ်၏ စစ်မှုထမ်း ဥပဒေနှင့် ပတ် သက်၍ ဇောင်းကြွနေသည့် ထွေအုပ်၊ လဝက၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများကို သေသေချာချာ တိတိကျကျ ပြုလုပ်ထားပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့်ဆက်သွယ်ကာ ပူးပေါင်းကြရန် လေးစားစွာတိုက်တွန်းကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရန်ကုန်တွင် စစ်မှုထမ်း ဥပဒေ အသက်ဝင်ရန် ကူညီနေသူ အားလုံးကို ထိရောက်စွာ အရေးယူမည်ဟု ရန်ကုန်မြို့ပြ ပြောက်ကျားအဖွဲ့များ ကြေညာ

ရန်ကုန်အတွင်း အကြမ်းဖက် စစ်တပ်၏ စစ်မှုမထမ်းမနေရ အမိန့်ကြေ ညာချက် အသက်ဝင်စေရန် ကူညီနေသူ အားလုံးကို ထိရောက် ပြင်းထန်စွာ အရေးယူ သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့ပြပြောက်ကျားအဖွဲ့အစည်းများက သတိပေး ကြေညာထားသည်။

အကြမ်းဖက် စစ်တပ်သည် စစ်မှုမထမ်းမနေရ အမိန့်ကြေညာချက်ကို ပြဋ္ဌာန်းကာ ပြည်သူများ၏ လူသားလုံခြုံမှု (Human Security) ကို ပြောင်ပြောင် တင်းတင်း ထိပါးကျူးလွန်လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း ရန်ကုန်မြို့ပြ ပြောက်ကျားအဖွဲ့များက ပြောဆိုထားသည်။

ထို့ကြောင့် စစ်မှုမထမ်းမနေရ အမိန့်ကို ကူညီသူများအားလုံးကို ခွေးသွားစိတ် ဒေါက်တိုင်များအဖြစ်သတ်မှတ်ကာ အရေးယူမည် ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့ပြပြောက်ကျားအဖွဲ့အစည်းများတွင် ရန်ကုန်တိုင်းပြည်သူ့ကာကွယ် ရေးအဖွဲ့ (ရန်ကုန်ပကဖ)၊ Yangon Urban Guerrillas (YUG)၊ Yangon UG Association (YUA)၊ Yangon Army (YA)၊ Yangon Guardian Army (Y.G.A) တို့ ပါဝင်ကြောင်း သိရှိရသည်။

ဝမ်းတွင်းမြို့နယ်တွင် စစ်ကောင်စီအတွက် စစ်သားစုဆောင်းနေသော သေနတ်ကိုင် အုပ်ချုပ်ရေးမှူး လက်တိုမောင်ပု ထွေ/အုပ်ရုံးမှ အပြန်လမ်းတွင် ပစ်ခတ်ခံရပြီး သေဆုံး

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်တွင် စစ်ကောင်စီအတွက် စစ်သားစုဆောင်းနေသော သေနတ်ကိုင် အုပ်ချုပ်ရေးမှူး လက်တိုမောင်ပု ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း WTRF မှ ရဲဘော်တစ်ဦးက ပြောဆိုသည်။

မတ်လ ၁၉ ရက်နေ့ ညနေ ၅ နာရီ ၅၀ မိနစ်အချိန် မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၊ သီးကုန်းရွာမှ စစ်ကောင်စီ ခန့်အုပ်ချုပ်ရေးမူး လက်တိုမောင်ပုသည် လက်လုပ်သေနတ်ကိုင်ဆောင်ပြီး ပြည်သူများကို အနိုင်ကျင့် ဗိုလ်ကျလျက်ရှိကြောင်း၊ ၎င်း၏ သားမက်ဖြစ်သူမှာ သဲဖြူကုန်းတွင် တပ်စွဲထားသော စစ်တပ်မှ ဗိုလ်ကြီးတစ်ဦးဖြစ်ကြောင်း သိရှိရသည်။

စစ်မှုထမ်းဥပဒေအရ စစ်ကောင်စီအတွက် စစ်သားစုဆောင်းရန် အတွက် သီးကုန်းကျေးရွာတွင် အစည်းအဝေး လုပ်ပြီး ၎င်းနှင့် ဆက်ဆံရေး အဆင်မပြေသော ကျေးရွာမှ လူငယ် ၃ ဦး နာမည်စာရင်းကို ဝမ်းတွင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးရုံးသို့ တင်ပြခဲ့ကြောင်း၊ ယင်းသို့ တင်ပြပြီး ပြန်အလာ အပြန်လမ်းတွင် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သိရှိရသည်။

ဝမ်းတွင်းအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဖြစ်သော WTRFက စစ်သားစုဆောင်းနေသော အုပ်ချုပ်ရေးမှူး လက်တိုမောင်ပု၏ ရင်ဘတ်တည့်တည့်သို့ သေနတ်ဖြင့် ၅ ချက် တိတိ ပစ်ခတ်ရာ သေဆုံးသွားကြောင်း သိရှိရသည်။

ဝမ်းတွင်းမြို့နယ်တွင် စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေအရ စစ်သားစုဆောင်းမှုကို လိုက်ပါကူညီ ဖြည့်ဆည်းပေးနေသော အုပ်ချုပ်ရေးမူးများအားလုံးအနေဖြင့် လက်တိုမောင်ပု ဖြစ်စဉ်ကို ဥပမာယူလျက် လုပ်ရပ်များ ချက်ချင်း ရပ်တန့်ရန် WTRF က တရားဝင် သတိပေးထားသည်။

စစ်မှုထမ်းရန်ဆင့်ခေါ်ကူညီသူများ​၏ မိသားစုဝင်များကိုပါ အရေးယူမည်ဟု စမ်းချောင်းပင်မသပိတ်စစ်ကြောင်း ဥက္ကဌပြော

စမ်းချောင်းမြို့နယ်တွင် စစ်သားစု​ဆောင်း​ရေး ဆောင်ရွက်နေသူများ​၏ အမည်နှင့် ရုပ်ပုံများ ထုတ်ပြန်

ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်၌ စစ်ကောင်စီ၏စစ်မှူထမ်းဥပဒေအတွက် ပြည်သူများကို အတင်းအကျပ် ဖိအားပေးလုပ်ဆောင်သူများကို ယင်းလုပ်ရပ်အတွက် ၎င်းတို့သာမက မိသားစုဝင်များကိုပါ အရေးယူဆောင်ရွက်မှုပြုလုပ်မည်ဟု စမ်းချောင်းပင်မသပိတ်စစ်ကြောင်း ဥက္ကဌ ကိုပီတာကြီးက သတိပေးပြောသည်။

“ပြည်သူတွေကို အတင်းအကျပ် စစ်မှူထမ်းခိုင်းပြီးလူသားဒိုင်းအဖြစ်အသုံးပြုမယ့် စစ်ကောင်စီရဲ့ အကြံဉာဏ်တွေ ကောက်ကျစ်စဉ်းလဲမှုတွေကို လုံးဝလက်မခံပါဘူး။ ရရာနည်းလမ်းနဲ့တန်ပြန်လုပ်‌ ဆောင်မှာဖြစ်ပါတယ်။ အကြမ်းဖက် စစ်တပ်ရဲ့ထောက်တိုင်လုပ်နေတဲ့ အုပ်ကြီးတွေအနေနဲ့လည်း ပြည်သူတွေကို ဒုက္ခပေးမယ် အတင်းအကျပ်လုပ်မယ်ဆိုရင် ကျွန်တော်တို့အနေနဲ့လည်း သူတို့မိသားစု‌တွေ ဆွေမျိုးတွေကို ဘာမှငဲ့ညှာစရာမရှိပါဘူး။ ဒါကိုတော့ရှင်းရှင်းလင်းလင်းအသိပေးစေချင်ပါတယ်။” ဟု ၎င်းက ပြောသည်။

စမ်းချောင်းမြို့နယ်ရှိ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ ၊ ရာအိမ်မှုး ၊ ဆယ်အိမ်မှူး နှင့် အပေါင်းအပါများ၏ မိသားစုဝင်စာရင်းများ ၊ သတင်းအချက်အလက်များကို စုစည်းထားပြီး စစ်မှုထမ်းဥပဒေကို ဆက်လက်ဖိအားပေးလုပ်ဆောင်ပါက ယင်းစာရင်းများကို ရန်ကုန်မြို့ပြစစ်ဆင်ရေး အဖွဲ့များထံပေးပို့မည်ဟု ၎င်းက ဆိုသည်။

“စမ်းချောင်းပင်မသပိတ်စစ်ကြောင်းအနေနဲ့ စမ်းချောင်းမှာရှိတဲ့ ပြည်သူတွေ အားလုံးနဲ့ တသားတည်းရပ်တည်နေပါတယ်။ ပြည်သူတွေကို အကြမ်းဖက်စစ်တပ်ရဲ့ မတရားဥပဒေနဲ့ အတင်းစစ်မှုထမ်းခိုင်းတယ်ဆိုတာ လုံးဝမဖြစ်သင့်တဲ့ကိစ္စပါ။”ဟု ကိုပီတာကြီးက ပြောသည်။

ယနေ့ မတ်လ ၁၉ ရက်တွင် စမ်းချောင်းပင်မသပိတ်စစ်ကြောင်း၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာ၌ စစ်ကောင်စီထောက်တိုင်အဖြစ်လုပ်ဆောင်နေသူများအား ဓာတ်ပုံများနှင့်အတူ အသိပေးထုတ်ပြန်ထားသည်။

“လက်ရှိအချိန်အထိတော့ စမ်းချောင်းမှာ ဆင့်ခေါ်စာတွေ မရောက်သေးဘူး။ ဒါပေမယ့် စစ်ကောင်စီက ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကို တစ်ရပ်ကွက် သုံးယောက်ပေးရမယ်လို့ ဖိအားပေးတာတွေရှိတယ်”ဟု စမ်းချောင်းမြို့နယ် အခြေအနေကို ကိုပီတာကြီးက ပြောသည်။

ထို့အပြင် စစ်ကောင်စီ၏ စစ်မှူထမ်းဥပဒေအတွက် ကူညီလုပ်ဆောင်ပေးသူများကို အရေးယူဆောင်ရွက်မည်ဟု ရန်ကုန်မြို့ပြပြောက်ကျားအဖွဲ့ ငါးဖွဲ့က ယနေ့ ထုတ်ပြန်ထားသည်။

ပေါင်းတည်တွင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတစ်ဦး နေအိမ်တွင် ပစ်ခတ်ခံရ

ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်၊ ကံငယ်အုပ်စုစုမှ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတစ်ဦးကို နေအိမ်အတွင်း ဝင်ရောက်ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ပေါင်းတည်မြို့နယ် ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့(PPDF)မှ ပြန်ကြားရေးတာ ဝန်ခံက ပြောသည်။

ကံငယ်အုပ်စုအုပ်ချုပ်ရေးမှူး မျိုးမြင့်သိန်းဆိုသူကို ၎င်းနေထိုင်ရာ သာလှပင်စီရွာရှိနေအိမ် ၌ ရေချိုးနေစဥ် မတ်လ ၁၇ရက် ညနေ ၆ နာရီခန့်တွင် PPDF တပ်ခွဲ(၄)မှ ရဲဘော်များက ဝင်ရောက်ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။

ပစ်ခတ်ရှင်းလင်းမှုတွင် အုပ်ကြီးမျိုးမြင့်သိန်းမှာ ခြေထောက်အားနှစ်ချက်ထိမှန်ပြီး အိမ်အတွင်းသို့ဝင်ရောက်ထွက်ပြေးသွားရာ မသက်ဆိုင်သူ၎င်း၏မိသားစုဝင်များထိခိုက်မည်ကို စိုးရိမ်သဖြင့် ထပ်မံပစ်ခတ်ခြင်မပြုတော့ဘဲပြန်လည်ဆုပ်ခွာခဲ့ကြောင်း PPDF ပြန်ကြား ရေးတာဝန်ခံက ပြောသည်။

“စစ်ကောင်စီထောက်တိုင် အုပ်ကြီးနဲ့ ပျူတွေကိုရှင်းတာ ခုလ(မတ်)ထဲမှာ နှစ်ကြိမ်ရှိပြီဗျ”ဟု ၎င်းက ဆက်ပြောသည်။

PPDF တပ်ဖွဲ့မှ ရဲဘော်များသည် ပေါင်းတည်မြို့နယ်အတွင်း စစ်ကောင်စီထောက်တိုင်များအား ပစ်ခတ်ရှင်းလင်းလျှက်ရှိရာ မတ်လ ၁၂ ရက် ညပိုင်းက သစ်ပုတ်ကျေးရွာအုပ်စုမှ ပျူစောထီးအဖွဲ့ဝင် ဦးသန်းဦးဆိုသူကို ၎င်းနေထိုင်ရာ သစ်ပုတ်ရွာရှိနေအိမ်တွင် ဝင်ရောက်ပစ်ခတ်ခဲ့ရာ နေရာတင်ပွဲချင်းပြီး သေဆုံးခဲ့သည်။

အလားတူ ပဲခူးတိုင်းအနောက်ခြမ်း နတ်တ လင်းမြို့နယ်၊ ပျဥ်ပုံကျေးရွာတွင်လည်း စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ဘဲမြှီး(ခ)ရဲအောင်ဆိုသူကို နတ်စစ်သည်တပ်ဖွဲ့က ယမန်နေ့(မတ် ၁၈)တွင် ကျေးရွာအတွင်း ဝင်းရောက်ပစ်ခတ်ခဲ့သေးသည်။

ထိုသို့ဝင်ရောက်ပစ်ခတ်စဥ် ရဲအောင်၏ မိသားစုဝင်များအပါအဝင် ပျူစောထီးအင်အား ၃၀ ခန့်က ပြန်လည်ခုခံရန်ပြုလုပ်သည့်အပြင် ပျူအဖွဲ့ဝင်နှင့်အုပ်ကြီးဟောင်း စိုးလေးဆိုသူက ရဲဘော်များအား ဓားနှင့်ဝင်ခုတ်သဖြင့် ပစ်ခတ်ရှင်းလင်းလိုက်ရကြောင်း နတ်စစ်သည်တပ်ဖွဲ့က အသိပေးသည်။

သို့ဖြစ်ရာ အုပ်ကြီးဘဲမြှီး(ခ)ရဲအောင်မှာ ထွက်ပြေးလွတ်မြောက်သွားပြီး ပြန်လည်ခုခံသော ပျူစောထီးအချို့အား ပစ်ခတ်၍ ဆုတ်ခွာခဲ့ရကြောင်း နတ်စစ်သည်တပ်ဖွဲ့က ထုတ် ပြန်သည်။

ထို့ကြောင့် နတ်စစ်သည်တပ်ဖွဲ့အနေဖြင့် စစ်ရေးပစ်မှတ်များကို ထပ်မံရှင်းလင်းမည်ဖြစ်၍ မဆိုင်သူများအနေနှင့် စစ်ဆင်ရေးများတွင် ဝင် ရောက်နှောက်ယှက်ပါက စစ်ရေးပစ်မှတ်အဖြစ်သတ်မှတ်ကာ ပစ်ခတ်ချေမှုန်းသွားမည်ဟု သတိ ပေးထားသည်။

ပဲခူးတိုင်းအနောက်ခြမ်း၊ လက်ပံတန်းမြို့နယ်၊ရေငံအုပ်စု၊ သရက်တောကျေးရွာတွင်လည်း မတ် ၁၅ ရက်က ပျူစောထီးအဖွဲ့ဝင်ငါးဦးကို တော်လှန်ရေးတပ်ဖွဲ့များက တပြိုင်နက်ပစ်ခတ်ရှင်းလင်းခဲ့သည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *