ပြည်ကြီးမဏ္ဍိုင်မြို့နယ်ရှိ တာဝါတိုင်စခန်းကုန်းအား PDFပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်

တနင်္သာရီတိုင်း၊ ပြည်ကြီးမဏ္ဍိုင်မြို့နယ်ခွဲရှိ စစ်ကောင်စီတပ်စွဲထားသည့် မိုက်ကလိုဝေ့ တာဝါတိုင်စခန်းကုန်းအား ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း သတင်းရရှိသည်။

ပြည်ကြီးမဏ္ဍိုင်မြို့နယ်ခွဲ၊ ဘန်ဂလောကျေးရွာအနောက်ဘက်ရှိ စစ်ကောင်စီ၏ မိုက်ကလိုဝေ့တာဝါတိုင်တောင်ကုန်းစခန်းအား မတ်လ ၂၂ရက် နံနက်၁၁နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဟု ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။

“အဲဒီစခန်းမှာက စစ်ကောင်စီဘက်က ၃၀ လောက်ရှိတယ်။ တိုက်ပွဲမှာ အရေးနိမ့်တော့ ထွက်ပြေးကြတယ်။ တစ်ယောက်သေပြီး ဒဏ်ရာရအတော်များတယ်”ဟု အဆိုပါကာကွယ်ရေးရဲဘော်က ပြောသည်။

တိုက်ပွဲမှာ ၄ နာရီကျော်ကြာအပြန်လှန်ရင်ဆိုင်ပစ်ခတ်ခဲ့ရပြီး ည‌နေ ၃ နာရီခွဲတွင် တာဝါတိုင်တောင်ကုန်းစခန်းအား အပြီးသတ်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း ဘုတ်ပြင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

“ဒီကောင်တွေပြေးတာကတော့ သူတို့တပ်ရင်းတွေဆီပဲ ပြေးမှာပါ။ ၅၆၀၊ ၅၅၉ အဲဒီတပ်ရင်းတွေဆီကို တောလမ်းကနေ ပတ်ပြေးဖို့များပါတယ်”ဟု ဘုတ်ပြင်း-ပကဖ(Flying Starr Force)မှ တာဝန်ရှိသူက ပြောသည်။

ပြည်ကြီးမဏ္ဍိုင်မြို့ ဆင်နှစ်ကောင်ဘုန်းကြီးကျောင်းတောင်ပေါ်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်နှင့် လေညှာ – မဏ္ဍိုင် တံတားကြီးဂိတ်စခန်းမှ စစ်ကောင်စီတပ်ဖွဲ့များက လက်နက်ကြီးများဖြင့် အဆက်မပြတ်ပစ်ကူပေးနေသည့်ကြားမှ အဆိုပါစခန်းအား တိုက်ခိုက်သိမ်းယူနိုင်ခဲ့ခြင်းဟု သိရသည်။

အဆိုပါစခန်းမှ စိန်ပြောင်းတစ်လက်၊ သေနတ်အချို့၊ ကျည် ၂,၀၀၀ ကျော် အပါအဝင်လက်နက် ခဲယမ်းပစ္စည်းပေါင်း ၁၇မျိုးကို သိမ်းပိုက်ရရှိခဲ့ပြီး တော်လှန်ရေးအင်အားစုများဘက်မှ အထိခိုက်မရှိ အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့ကြောင်း ဘုတ်ပြင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကသတင်းထုတ်ပြန်ထားသည်။

စခန်းသိမ်းတိုက်ပွဲကို ကော်သူးလေ တပ်မတော်(KTLA)နှင့် Flying Star Force ဘုတ်ပြင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ပူးပေါင်း၍ KTLAဒုတပ်ရင်းမှူး ဗိုလ်ကီးဒိုဦးဆောင်မှုဖြင့် တက်ရောက်စီးနင်းတိုက်ခိုက်ခဲ့ခြင်းဟု ထုတ်ပြန်ထားသည်။

တနင်္သာရီတိုင်းတွင် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်(KNLA)၊ PDF တော်လှန် ရေးပူးပေါင်းတပ်ဖွဲ့များက စစ်ကောင်စီတပ်နှင့် ၎င်း၏ထောက်တိုင်များအားဟတိုက်ခိုက်လျှက်ရှိရာ မတ်လ ၁၉ ရက်က သရက်ချောင်းမြို့နယ်၊ ကျောက်ဆည်ရွာရှိ ပျူစောထီးစခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့သေးသည်။

(မိုက်ကလိုဝေ့တာဝါတိုင်တောင်ကုန်းစခန်းအား PDF ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်ပြီးနောက် သိမ်းဆည်းရရှိသော လက်နက်ခဲယမ်းများနှင့် ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ – Flying Starr Force)


Comments

Leave a Reply

Your email address will not be published. Required fields are marked *