မုံရွာ -အရာတော် လမ်းပိုင်းတွင် စစ်သားများ လိုက်ပါလာသော ကား ၂ စီးကို ပစ်ခတ်မှု စစ်သား ၃ ဦး သေဆုံး

မြင်းခြံမြို့နယ်တွင် စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ မုံရွာ – အရာတော်လမ်းမပေါ် ပင်လုံဆီဆိုင်အနီးတွင် စစ်သားများ လိုက်ပါလာသည့် ကား ၂ စီးကို အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း Danger Force LPDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြား သည်။

မတ်လ ၂၂ ရက် နံနက် ၁၁ နာရီ ၁၅ မိနစ်ခန့်က မုံရွာ – အရာတော်လမ်းပိုင်းရှိ ကျွန်းဖိုပင် ကျေးရွာ ဘုန်းကြီးကျောင်း၌ တပ်စွဲထားသော စစ်သားများနှင့် ကမ်းဖြူကျေးရွာတွင် တပ်စွဲထားသော စစ်သားများ လိုက်ပါလာသည့် ၆ ဘီးကား ၁ စီးနှင့် လိုက်ထရပ်ကား ၁ စီးကို ပင်လုံ ဆီဆိုင်အနီး အရောက် တော်လှန်ရေး တပ်ဖွဲ့များက လက်နက်ငယ်များဖြင့် ကိုက် ၅၀ ခန့်အကွာအဝေးမှ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုသို့ အနီးကပ် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကား ၁ စီး ပျက်စီးပြီး အောင်မင်္ဂလာရပ်ကွက် အရောက်ရပ်တန့်သွားခဲ့ရာ ကားပေါ်၌ သေဆုံးသူ စစ်သား ၃ ဦးကို သံပြားကာ ကားဖြင့် သစ်ကိုင်းများ အုပ်ပြီး အရာတော် သုဿန်ကို သယ်ဆောင်သွားကြောင်း၊ ဒဏ်ရာ ရရှိသော စစ်သား ၅ ဦးကို အရာတော် ဆေးရုံ ကြီးကို ပို့ဆောင်လိုက်ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို Danger Force LPDF ၊ မုံရွာခရိုင်တပ်ရင်း ၆ ၊ မုံရွာခရိုင်တပ်ရင်း ၂၄ ၊ လင်း ယုန်တပ်ဖွဲ့ ၊ မုံရွာခရိုင်ပကဖ နှင့် Special Revolution Force တို့မှ ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ လေးရွာဆုံရွာ၌ တပ်စွဲနေထိုင်သော အကြမ်းဖက် စစ်သားများကို ဒရုန်း ဖြင့် ၂ ကြိမ်ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်သားများ ထိခိုက်ဒဏ်ရာရရှိမှုရှိကြောင်း မြင်းခြံ ခရိုင်အမှတ် ၈ တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယနေ့ မတ်လ ၂၄ ရက် နံနက် ၉ နာရီ ၅၅ မိနစ်ခန့်က မြင်းခြံမြို့နယ်၊ လေးရွာဆုံရွာ ဘုန်းကြီး ကျောင်း၌ တပ်စွဲကာ အခြေချနေထိုင်သော စစ်သားများကို မြင်းခြံခရိုင် အမှတ် ၈ တပ်ရင်း – NDRF တပ်ဖွဲ့က ဒရုန်းဖြင့် ၂ ကြိမ် ဗုံးကျဲတိုက်ခိုက်ခဲ့ ကြောင်း သိရသည်။

ထို့သို့ ဗုံးကျဲ တိုက်ခိုက်ပြီးနောက် မြင်းခြံမြို့မှ စစ်ကား ၁ စီး လေးရွာဆုံရွာကို ရောက်ရှိလာကာ ပြည်သူ့ပိုင် ကားများကို ယူဆောင်ပြီး ဒဏ်ရာရ စစ်သားများကို မြင်းခြံမြို့ပေါ် သယ်ဆောင်သွားကြောင်း သိရသည်။

စစ်ဆင်ရေးကြေငြာချက်(၃/၂၀၂၄)

ရက်စွဲ။ ။ ၂၀၂၄ခုနှစ် ၊ မတ်လ ၂၄ ရက်

၂၀၂၄ခုနှစ် ၊ မတ်လ (၂၂)ရက် ၊ နံနက် (၁၁)နာရီ (၁၅) မိနစ်အချိန်တွင် မုံရွာခရိုင်ကွပ်ကဲရေးမှူး၏ကြီးကြပ်ကွပ်ကဲမှုဖြင့် မုံရွာ – အရာတော် လမ်းမပေါ်ရှိ ကျွန်းဖိုပင် ကျေးရွာ ဘုန်းကြီးကျောင်း၌တပ်စွဲထားသော စခ များ နှင့် ကမ်းဖြူကျေးရွာ ၌တပ်စွဲထားသော စခ များလိုက်ပါလာသော (၆) ဘီးကား (၁) စီး နှင့် လိုက်ထွက်ကား (၁)စီးအားပင်လုံဆီဆိုင်အနီးတွင် လက်နက်ငယ်များဖြင့် ကိုက်(၅၀)အကွာအဝေးမှ အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ လက်တလောသိရှိချက်များအရ ကား (၁) စီး ထိခိုက်ပျက်စီးခဲ့ပြီး ကားပေါ်ရှိ စခ(၃)ဦးသေဆုံး၊ (၅)ဦး ဒဏ်ရာအ​ပြင်းအထန်ရရှိသည်ဟု တပ်တွင်းဖရဲသီးများထံမှ သိရှိရသည်။ အဆိုပါတိုက်ခိုက်မှု အပြီးတွင် ကားပေါ်ရှိစခများသည် လက်နက်ကြီး ၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခြင်းများပြုလုပ်ခဲ့သည်။ ထို့နောက် ပျက်စီးသွားသောကား(၁)စီးမှာ အရာတော်မြို့သို့ဆက်မသွားနိုင်တော့ဘဲ ​အောင်မဂ်လာရက်ကွက်အနီးတွင် ရပ်တန့်နေခဲ့ရာ သံပြားကာကားဖြင့် (၃) ခေါက် လာရောက်သယ်ဆောင်၍သေဆုံးသွားသော စခ များအား သစ်ကိုင်းများ အုပ်၍ အရာတော်သုသာန် သို့လည်းကောင်း ၊ ဒဏ်ရာရရှိသွားသော စခ များအား အရာတော်မြို့ဆေးရုံကြီးထဲ သို့ လည်းကောင်း ပို့ဆောင်လိုက်ကြောင်းသိရှိရပါသည်။

ယခုစစ်ဆင်ရေးကို
– Danger Force LPDF
-မုံရွာခရိုင်တပ်ရင်း (၆)
-မုံရွာခရိုင်တပ်ရင်း (၂၄)
-လင်းယုန်တပ်ဖွဲ့
-မုံရွာခရိုင်ပကဖ
-Special Revolution Force
တို့မှ ပူးပေါင်းလုပ်ဆောင်ခဲ့သည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *