စစ်မှုထမ်းရန် မဲပေါက်သဖြင့် မိမိကိုယ်ကို ကြိုးဆွဲချ အဆုံးစီရင်

ကျောက်ပန်းတောင်းမြို့နယ်၊ ထောက်ရှာကျေးရွာမှ အသက် ၂၇ နှစ်အရွယ် မောင်အောင်လင်းနိုင် စစ်မှုထမ်းရန် မဲပေါက်သဖြင့် မိမိကိုယ်ကို ကြိုးဆွဲချ အဆုံးစီရင်

မန္တလေးတိုင်း၊ကျောက်ပန်းတောင်းမြို့နယ်၊ ထောက်ရှာကျေးရွာမှ အသက် ၂၇ နှစ်အရွယ် မောင်အောင်လင်းနိုင်သည် စစ်မှုထမ်းရန် မဲပေါက်သဖြင့် မိမိကိုယ်ကို ကြိုးဆွဲချ အဆုံးစီရင်ပြီး ကွယ်လွန်သွားကြောင်း ဆွေမျိုးများနှင့် မိတ်ဆွေများက အတည် ပြု ပြောဆိုသည်။

မတ်လ ၂၁ ရက်နေ့ ညနေပိုင်း ကျောက်ပန်းတောင်းမြို့နယ်၊ ဆိတ္တိန်းကျေးရွာ အုပ်စု၊ ထောက်ရှာကျေးရွာမှ ဦးစောဌေးနှင့် ဒေါ်မြင့်ရီတို့၏ သားဖြစ်သူ မောင်အောင်လင်းနိုင် အသက် ၂၇ နှစ်သည် ကျေးရွာအုပ်ချုပ်ရေးရုံး၏ မဲနှိုက်ပွဲတွင် တွင် စစ်မှုထမ်းရန် မဲပေါက်ခဲ့ကြောင်း၊ ထို့ကြောင့် ထွက်ပြေးရန် လုပ်ဆောင်သော်လည်း မိဘများနှင့်ဆွေမျိုးများက ကျန်ရစ်ခဲ့မည့် မိသားစုဝင်များကို စစ်တပ်က ပြဿနာရှာနိုင်သဖြင့် မပြေးရန် တားဆီးကြကြောင်း၊ ထို့ကြောင့် မတ်လ ၂၁ ရက်နေ့ ညနေပိုင်းတွင် ကြိုးဆွဲချ အဆုံးစီရင်ရာမှ သေဆုံးသွားကြောင်း၊ မသေဆုံးမီ သေတမ်းစာလည်း ရေးသွားခဲ့ကြောင်း သိရှိရသည်။

“သေတမ်းစာမှာ သူဒီလို သတ်သေလို့ နောင်အဖန်ငါးရာ ငါးကမ္ဘာ ခံရမှာလည်း သိတယ်။ ဒါပေမယ့် မခံစားချင်ဘူး။ သူမဝင်ချင်တဲ့ စစ်ထဲကို လုံး၀ မဝင်ချင်ဘူး။ မိဘတွေနဲ့ ဆွေမျိုးတွေကလည်း ပြေးဖို့ သဘောမတူဘူး။ အဲဒါကြောင့် နောင်ဘ၀မှာလည်း လူပြန်ဖြစ်ရပါလို၏ ဆိုပြီးစာရေးသားတယ်။ ဆေးလိပ်လေးနဲ့ ပုတီးလေးကို ဘေးမှာ ချပြီး အဆုံးစီရင်သွားတယ်။ မိဘတွေလည်း ရင်ကျိုးရတာပေါ့” ဟု မိသားစုနှင့်နီးစပ်သော ဆွေမျိုးတစ်ဦးက ရှင်းပြသည်။

အလားတူ မောင်အောင်လင်းနိုင်နှင့်အတူ ကျောက်ပန်းတောင်းမြို့နယ် ထောက် ရှာကျေးရွာတွင် မဲပေါက်သော လူငယ်တစ်ဦးမှာမူ မလေးရှားတွင် ရောက်ရှိနေသော လူငယ်ဖြစ်ကြောင်း၊ ထို့ကြောင့် ကျေးရွာအုပ်ချုပ်ရေးမှူးက မလေးရှားရောက် လူငယ်ကို အမြန်ဆုံး ခေါ်ယူရန် မိသားစုကို ဖိအားပေးနေကြောင်း၊ မလေးရှားမှ ပြန်မလာလျှင် ဖခင်ဖြစ်သူကို စစ်ထဲသို့ ခေါ်မည်ဟု စစ်တပ်က ပြော ဆိုကြောင်း သိရှိရသည်။

ဓာတ်ပုံ-တပ်သားသစ်အဖြစ် စုဆောင်းခံရသော လူငယ်များ လေ့ကျင့်ရေးတပ်များသို့ ရောက်ရှိစဉ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *