စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေကို လက်မှတ်ရေးထိုး

ဆားလင်းကြီးတွင် စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေကို လက်မှတ်ရေးထိုးဆန့် ကျင်ကန့်ကွက်သော လှုပ်ရှားမှုတွင် ကြံ့ဖွတ်ပါတီဝင်များပါ ၎င်းတို့၏ ဆန္ဒအရ ပါဝင်လက်မှတ်ရေးထိုး

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်တွင် စစ်ကောင်စီ၏ မတရားသော စစ်မှုထမ်းဥပဒေကို လက်မှတ်ရေးထိုး ဆန့်ကျင်ကန့်ကွက်သော လှုပ်ရှားမှုများဖြင့် လက်မှတ်များ စုဆောင်းလျက်ရှိရာတွင် ကြံ့ဖွတ်ပါတီဝင်များပါ ဖိအားပေးမှု တစ်စုံတစ်ရာမရှိဘဲ ၎င်းတို့၏ ဆန္ဒအရ ပါဝင်လက်မှတ်ရေးထိုးလာကြောင်း ဒေသပြည်သူများကပြောဆိုသည်။

ဆားလင်းကြီးမြို့နယ်တွင် စစ်မှုထမ်းဥပဒေကို ဆန့်ကျင်​ရေး မြေပြင်သပိတ်များအပြင် လက်မှတ်ရေးထိုး စု ဆောင်း သော လှုပ်ရှားမှုလည်း အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ လက်မှတ်များကို ကောက်ယူရာတွင် စစ်တပ်ထောက်ခံသော ကြံ့ဖွတ်ပါတီဝင်များကိုယ်တိုင် စစ်မှုထမ်းဥပဒေကို မထောက်ခံကြောင်း ပြောဆိုလာကြပြီး လက်မှတ်ရေးထိုးလှုပ်ရှားမှုတွင် ကိုယ်တိုင်ကိုယ်ကျ ပါဝင်လက်မှတ်ရေးထိုးကြကြောင်း သိရှိရသည်။

“မတ်လ ၂၅ ရက်နေ့မှာ ဆားလင်းကြီးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်မှုနဲ့ မုံရွာတက္ကသိုလ်ကျောင်း သားသမဂ္ဂ၊ ရွှေဗန့်ဂျီရွာပေါင်းစုံ ပူးပေါင်းပြီး မတရား စစ်မှုထမ်း ဥပဒေ ကန့်ကွက်ကြတယ်။ ပြည်သူ ၁၀၀၀ ကျော်ဆန္ဒပြတယ်။ နောက်ဆက်တွဲအဖြစ် မတရား စစ်မှုတမ်းဥပဒေကို လက်မှတ်ထိုးကန့်ကွက်တဲ့နေ့မှာ ရွာလုံးကျွတ် အိမ်ရှိလူ အကုန် ပြည်သူတွေက လက်မှတ်ထိုးကြတယ်။ ထူးခြားတာကတော့ ယခင်က ပြည်ခိုင်ဖြိုး ပါတီဝင်တွေပါ ဖိအားပေးမှု မရှိဘဲ ခြိမ်းခြောက်မှုမရှိဘဲ သူတို့ ဆန္ဒအရ လာပြီး လက်မှတ်ထိုးကြတယ်” ဟု ဆားလင်းကြီးမြို့နယ် သပိတ်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောဆိုသည်။

လက်ရှိ တစ်နိုင်ငံလုံးတွင် စစ်ကောင်စီက တပ်သားသစ်များစုဆောင်းရေးအတွက် စစ်မှုထမ်းဥပဒေဖြင့် ဆေးစစ်မှုများ ဆင့်ခေါ်မှုများ လုပ်ဆောင်လာနေပြီး လူငယ်များကို နေအိမ်များပေါ် အထိ တက်ရောက် ဖမ်းဆီးခြင်း၊ စစ်ထဲသို့ ဖမ်းဆီးခေါ်ဆောင်ခြင်းများ လုပ်ဆောင်နေကြောင်း သိရှိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *