လော်ဘီ ကိုကျော်စိုးဦး အာမခံဖြင့် ပြန်လွတ်

စစ်ကောင်စီလော်ဘီ ကိုကျော်စိုးဦး အာမခံဖြင့် ပြန်လွတ်

မြင်းမူမောင်နိုင်မိုး ကြားဝင်ညှိနှိုင်းပေးခဲ့သည်ဟုဆို

စစ်ကောင်စီလက်အောက်ခံ ပြည်ထဲရေးဝန်ကြီးဌာနနှင့် စစ်တပ် အကြီးပိုင်းအရာရှိများကို ဝေဖန်ပြောဆိုမှုကြောင့် နေပြည်တော်အချုပ်ထောင်တွင် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသူ စစ်ကောင်စီ ဝါဒဖြန့် People Media မှ အယ်ဒီတာချုပ် ကိုကျော်စိုးဦးကို မတ်လ ၂၅ ရက် ညနေပိုင်းက စစ်ကောင်စီမှ အာမခံဖြင့် ပြန်လွှတ်ပေးခဲ့သော်လည်း စွဲဆိုခံထားရသည့် အမှုကိုမူ ရုတ်သိမ်းခြင်းမရှိသေးကြောင်း Myanmar Now သတင်းဌာနမှ ဖော်ပြသည်။

၎င်းဖမ်းခံရပြီးနောက် ရပ်တန့်သွားသည့် People Media ၏ သတင်းစာမျက်နှာများဖြစ်သည့် Facebook နှင့် တယ်လီဂရမ်ချန်နယ်တို့မှ လွတ်မြောက်သည့် မတ်လ ၂၅ ရက်နေ့မှာပင် ပုံမှန်အတိုင်း သတင်းများပြန်လည်တင်ဆက်လာသည်ကို တွေ့မြင်ခဲ့ရသည်။

ကိုကျော်စိုးဦးကို မတ်လ ၂၁ ရက်နေ့တွင် ပြည်ထဲရေးဝန်ကြီးဌာန ထိပ်ပိုင်းအရာရှိကြီး အဆင့်ဆင့် ညွှန်ကြားမှုဖြင့် ရဲအရာရှိ တစ်ဦးက တရားလိုလုပ်ကာ ဆူပူအောင်လှုံ့ဆော်မှု ၅၀၅(က)ဖြင့် ဖမ်းဆီးအမှုဖွင့်ခဲ့ခြင်းဖြစ်သည်။

ပြန်လည်လွတ်မြောက်လာစေရန် အာမခံပေးသူများကို အတိအကျမသိရှိရသေးသော်လည်း ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီအပါအဝင် မဘသ ဘုန်းကြီးများ၊ စစ်တပ်ယိမ်းသတင်းဌာနများက ၎င်းလွတ်မြောက်ရေးအတွက် စစ်ကောင်စီထံ ဝိုင်းဝန်းတောင်းဆိုခဲ့ကြောင်း သိရသည်။

စစ်ကောင်စီထောက်ခံသည့် သတင်းမီဒီယာတစ်ခုဖြစ်သော ဝရဇိန်သတင်းအေဂျင်စီမှ ဦးနန္ဒကျော်စွာက ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် စစ်ကောင်စီလက်အောက်ခံ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ ဥက္ကဋ္ဌ မြင်းမူမောင်နိုင်မိုးက ကိုကျော်စိုးဦးအား အားပေးစကားပြောကြားကာ လိုအပ်သည်များကို ညှိနှိုင်းပေးခဲ့သည်ဟု ရေးသားထားသည်ကို တွေ့ရသည်။

ကိုကျော်စိုးဦးအား ဖမ်းဆီးထိန်းသိမ်းခံရပြီး ၂ ရက်အကြာတွင် စစ်ကြောရေးဌာနသို့ပို့ဆောင်ခံခဲ့ရပြီး ၄ ရက်အကြာတွင် အာမခံဖြင့် ပြန်လည်လွတ်မြောက်လာသော်လည်း တရားလို ရဲအရာရှိဘက်က အမှုရုတ်သိမ်းပေးခြင်းမရှိ၊ သိမ်းဆည်းခံထားရသည့် ဖုန်းနှင့် တခြားသော ပစ္စည်းများကိုလည်း ပြန်လည်ပေးအပ်ခြင်းမရှိကြောင်း Myanmar Now က ဖော်ပြသည်။

၎င်း၏ဇနီးဖြစ်သူကလည်း ၎င်းပြန်လည်လွတ်မြောက်ရေးအတွက် ပြည်ထဲရေးဝန်ကြီးဌာနထံ အသနားခံစာ တင်ပြခဲ့ရသည်ဟု Myanmar Now က ရေးသားဖော်ပြသည်။

စစ်တပ်ထောက်ခံကြောင်း မကြာခဏပြောဆိုလေ့ရှိသူ ကိုကျော်စိုးဦးသည် ၎င်းပဲ့ကိုင်သော Follower တစ်သိန်းကျော် ရှိ People Media နှင့် Follower လေးသောင်းကျော်ရှိ Kyaw Soe Oo တယ်လီဂရမ် ချန်နယ်တို့တွင် စစ်ကောင်စီဝါဒဖြန့်သတင်းများကို တင်ဆက်လေ့ရှိသူဖြစ်သည်။

မတ်လ ၁၈ ရက်နေ့ ညပိုင်းတွင် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တိုက်ခိုက်မှုကို ခုခံစဉ် သေဆုံးခဲ့သည့် ရဲအုပ် နေလင်းဟိန်း၏ နာရေးသို့ အထက်လူကြီးရဲအရာရှိများ သွားရောက်ခဲ့ခြင်းမရှိသည့်အပေါ် ပြည်ထဲရေးဝန်ကြီးဌာနသို့ ထောက်ပြကာ အပြင်းအထန်ဝေဖန်ခဲ့သည့် ရုပ်သံဖိုင် တစ်ခုနှင့် ပတ်သတ်၍ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်ဟု သိရသည်။

“ဘာတွေကြောက်နေတာလဲ။ ခင်ဗျားတို့ကို ပေးထားတဲ့ သေနတ်တွေရှိတယ်လေ ခါးမှာ၊ ခင်ဗျားတို့ကို ပေးထားတဲ့ ကျည်ကာတွေရှိတယ်လေ။ သွားစမ်းပါ၊ ကြိုက်သလို သွားစမ်းပါ” ဟု ထိုရုပ်သံအတွင်း၎င်းမှ ပြောဆိုထားသည်။

ထို့ကြောင့်ပင် မူခင်းရဲတပ်ဖွဲမှ မတ် ၁၉ ရက်ညပိုင်းတွင် ၎င်းအားဖမ်းဆီးကာ နေပြည်တော် စစ်ကြောရေးစခန်းတစ်ခုတွင် ၂ ရက်ကြာ ထိန်းသိမ်း၍ မတ် ၂၁ ရက် မွန်းလွဲပိုင်းတွင် ဇဗ္ဗူသီရိမြို့နယ်တရားရုံးတွင် ချုပ်ရမန်ယူပြီးနောက် နေပြည်တော်ထောင် သို့ပို့ဆောင်ခံခဲ့ရပြီး သီးသန့်ဆောင်တွင် ထားရှိခဲ့ကြောင်း သိရှိခဲ့ရသည်။

စစ်ကောင်စီမှ ၎င်းတို့ဘက်ယိမ်းကာ စစ်တပ်ကောင်းကြောင်း၊ အမျိုးသားညီညွတ်ရေးအစိုးရ နှင့် တိုင်းရင်းသားလက်နက်ကိုင်များ အပါအဝင် စစ်ကောင်စီ ကိုဆန့်ကျင်သူများ မကောင်းကြောင်း ဝါဒဖြန့်ပေးနေသူပင် ဖြစ်လင့်ကစား စစ်တပ်ကို ဝေဖန်ပါက ဖမ်းဆီးထောင်ချလေ့ရှိသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် အတွင်း နေပြည်တော်သတင်းစာ ရှင်းလင်းပွဲတွင် စစ်ကောင်စီယိမ်း သတင်းဌာနများ ဖြစ်သည့် NHP News သတင်းထောက် ဦးဝင်းဦးက ဒေါ်အောင်ဆန်းစုကြည်ကို “အမေစု” ဟု ခေါ်ဝေါ်ခဲ့၍ လည်းကောင်း၊ ဒဲ့ပြော သတင်းဌာန အယ်ဒီတာချုပ် ဦးဇော်မင်းဦးက ကရင်အမျိုးသားအစည်းအရုံး KNU ၏ လက်နက်ကိုင်တပ်များ နှင့်ပတ်သတ်၍ စစ်ကောင်စီ မကြိုက်သည့် မေးခွန်းများ မေးမြန်းမှုတို့ကြောင့် ဖမ်းဆီးခံခဲ့ရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *