လူ့အခွင့်အရေးများ ချိုးဖောက်နေ၍ ရန်ကုန်ကနေဒါသံရုံးက အပြင်းထန်ဆုံးရှုတ်ချ

မြန်မာစစ်တပ်က တိုင်းပြည်ကာကွယ်ရန် ပျက်ကွက်နေပြီး ရက်စက်ကြမ်းကြုတ်မှုများနှင့် လူ့အခွင့်အရေးများ ချိုးဖောက်နေ၍ ရန်ကုန်ကနေဒါသံရုံးက အပြင်းထန်ဆုံးရှုတ်ချ

မြန်မာစစ်တပ်က တိုင်းပြည်ကာကွယ်ရန် ပျက်ကွက်နေပြီး ရက်စက်ကြမ်းကြုတ်မှုများနှင့် လူ့အခွင့်အရေးများ ချိုးဖောက်နေ၍ အပြင်းထန်ဆုံးရှုတ်ချကြောင်း ရန်ကုန်မြို့ရှိ ကနေဒါသံရုံးက ယနေ့ တရားဝင်ထုတ်ပြန်သည်။

ယနေ့ကျရောက်သော မြန်မာနိုင်ငံ၏ တပ်မတော်နေ့တွင် မြန်မာနိုင်ငံဆိုင်ရာ ကနေဒါသံရုံးက ထိုသို့ ထုတ်ပြန်ခြင်းဖြစ်ပြီး မြန်မာစစ်တပ်က ဆက်လက်ကျူးလွန်နေဆဲဖြစ်သော ရက်စက်ကြမ်းကြုတ်မှုများနှင့် လူ့အခွင့်အရေး ချိုးဖောက်ခြင်းများကို ကနေဒါနိုင်ငံက အပြင်းထန်ဆုံး ရှုတ်ချလိုက်ကြောင်း၊ စစ်တပ်၏ အခန်းကဏ္ဍမှာ ပြည်သူများကို စောင့်ရှောက်ရန်နှင့် တိုင်းပြည်ကို ကာကွယ်ရန်ဖြစ်ပြီး မြန်မာစစ်တပ်သည် ယင်းတာဝန်ကို ထမ်းဆောင်ရန် ဆက်လက် ပျက်ကွက်နေကြောင်း ကနေဒါသံရုံးက ထုတ်ပြန်ထားသည်။

နိုင်ငံတကာဥပဒေကို ကြီးလေးစွာ ချိုးဖောက်ခြင်းဖြစ်သည့် လူနေအိမ်များ၊ ကျောင်းများ၊ ကျန်းမာရေး စင်တာများ၊ ကိုးကွယ်ရာ ဘာသာရေး အဆောက်အအုံများကို လေကြောင်းမှ တိုက်ခိုက်ခြင်း အပါအဝင် အရပ်သားများနှင့် အရပ်သားများ၏ ပိုင်ဆိုင်မှုများကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားခြင်း၊ အမျိုးသမီးများကို လိင်အကြမ်းဖက်မှုများ ကျယ်ကျယ်ပြန့်ပြန့် ကျူးလွန်ခြင်းတို့ကို ကျွန်ုပ်တို့ ရှုတ်ချပါသည်။ ရိုဟင်ဂျာများ အပါအဝင် ထိလွယ်ခိုက်လွယ်သူများကို စစ်တပ်က လုံခြုံရာ နေရာများသို့ ရွှေ့ပြောင်းခွင့်ပြုရန် ငြင်းဆိုခြင်းသည် လုံးဝ လက်ခံ၍ မရသော အခြေအနေဖြစ်ကြောင်း ကနေဒါက ဝေဖန်သည်။

စစ်တပ်ကို ၎င်း၏ ရက်စက်ကြမ်းကြုတ်သော အကြမ်းဖက်မှုများကျူးလွန်ခြင်းအား ရပ်တန့်ရန် ထပ်မံတောင်းဆိုလိုက်ပြီး မြန်မာနိုင်ငံအား လက်နက်များ၊ စစ်တပ်ဆိုင်ရာ ကိရိယာများ၊ စစ်ဘက်-အရပ်ဘက်သုံး ကိရိယာများ၊ လေယာဉ်ဆီနှင့် နည်းပညာဆိုင်ရာ အထောက်အပံ့များ ပေးနေခြင်းကို ချက်ချင်း ရပ်တန့်ရန် နိုင်ငံများ အားလုံးကို တိုက်တွန်းလိုက်ကြောင်း၊ ယနေ့တွင် မြန်မာပြည်သူများနှင့် ၎င်းတို့၏ ငြိမ်းချမ်းပြီး ဒီမိုကရေစီနည်းလမ်းကျသော၊ အားလုံးပါဝင်သော အနာဂတ်မျှော်မှန်းချက်များနှင့် ကနေဒါက တစ်သားတည်းရှိသည်ဟု ရန်ကုန်ကနေဒါသံရုံးက ထုတ်ပြန်ပြောဆိုထားသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *