ဒုရဲအုပ်နှင့်အဖွဲ့က ဓားပြဝင်တိုက်ပြီး ရွှေထည်ပစ္စည်းများ လုယူသွား (ရုပ်/သံ)

မန္တလေးမြို့ ၊ လင်းလက်ဝါ ရွှေပန်းတိမ်ကို ဒုရဲအုပ်နှင့်အဖွဲ့က ဓားပြဝင်တိုက်ပြီး ရွှေထည်ပစ္စည်းများ လုယူသွား (ရုပ်/သံ)

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ၂၂ လမ်း၊ ၈၉နှင့်လမ်း ၉၀ အကြား၊ သီရိရိပ်မွန်အိမ်ရာရှိ လင်းလက်ဝါ ရွှေပန်းတိမ်ကို ဒုရဲအုပ်နှင့်အဖွဲ့က ဓားပြဝင်တိုက်ပြီး ရွှေထည်ပစ္စည်းများ လုယက်သွားကြောင်း ရဲသတင်းရင်းမြစ်နှင့် CCTV မှတ်တမ်းများအရ သိရှိရသည်။

မတ်လ ၂၈ ရက်နေ့ ညနေ ၅ နာရီကျော်အချိန် အောင်မြေသာစံမြို့နယ်၊ ၂၂ ရပ်ကွက် ၊ သီရိမာလာအရှေ့ရပ်ကွက်၊ သီရိရိပ်မွန်အိမ်ရာရှိ လင်းလက်ဝါ ရွှေပန်းတိမ်ကို ဒုရဲအုပ်နှင့်အဖွဲ့က ရောက်ရှိလာပြီး မသင်္ကာသော လူလာရှာသည်ဟုဆိုကာ တံခါးဖွင့်ခိုင်းကြောင်း၊ တံခါးဖွင့်ပေးပြီးနောက် တိုက်၏ အလွှာများကို ဝင်ရောက်စစ်ဆေးပြီး ပန်းတိမ်မှ ရွှေထည်ပစ္စည်းများအားလုံးကို လုယက်သွားခဲ့ကြောင်း သိရှိရသည်။

“ရဲဝတ်စုံဝတ်ပြီး ကျူးလွန်တဲ့သဘောပါ။ အခု ဖမ်းဆီးဖို့ CCTV တွေကနေ ခြေရာခံနေပါတယ်။ သဲလွန်စတွေလည်း ရနေပြီမို့ မကြာခင် ဖမ်းမိဖို့များပါတယ်” ဟု မန္တလေး ရဲသတင်းရင်းမြစ်က ဆိုသည်။

ဓားပြတိုက်သည့် ဒုရဲအုပ်နှင့်အဖွဲ့က အဖြူရောင် မတ်တူးကားဖြင့် လာရောက်ပြီး ကားပေါ်တွင် လူ ၄ ဦးပါကာ Police အမှတ်တံဆိပ်ပါ ကျည်ကားများလည်း ဝတ်ဆင်ထားကြောင်း ၊ သေနတ်အရှည်၊ အတိုများ ကိုင်ဆောင်ထားကာ သေနတ် ၂ ချက်ဖောက်သွားကြောင်း သိရှိရသည်။

မန္တလေးမြို့မှ ပြည်သူတချို့ကမူ ဒုရဲအုပ်နှင့်အဖွဲ့ဓားပြတိုက်မှုသည် အမှန်တကယ် ရဲတပ်ဖွဲ့မှ ဖြစ်နိုင်ကြောင်း၊ ပြည်သူများအနေဖြင့် ရဲတပ်ဖွဲ့က စစ်ဆေးမည်ဆိုလျှင် တံခါးဖွင့်ပေးရသဖြင့် ရဲအတု၊ အစစ်ခွဲခြားရန် ခက်ခဲကြောင်း၊ လင်းလက်ဝါ ရွှေပန်းတိမ်ဖြစ်စဉ်ကြောင့် ရဲနှင့်စစ်တပ်မှ တပ်ဖွဲ့ဝင်များက ဓားပြဝင်တိုက်လျှင်ပင် ပြည်သူများမှာ မည်သို့မည်ပုံ ကိုင်တွယ် ခုခံရမည်ကို မသိရှိရဘဲ အကာအကွယ်မဲ့နေကြောင်း သုံးသပ်ပြောဆိုကြသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *